မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၆

ရင်သွေးလေးရလာတဲ့အခါ​ အိမ်ထောင်မှာ အပြောင်းအလဲဖြစ်နိုင်

ရင်သွေးလေးရလာတဲ့အခါ​ အိမ်ထောင်မှာ အပြောင်းအလဲဖြစ်နိုင်

“သားသမီးတွေ​ဟာ ယေဟော​ဝါ​ပေးတဲ့ အမွေ​ပဲ။” —ဆာလံ ၁၂၇:၃

ဇနီးမောင်နှံ​တွေဟာ ရင်သွေးလေး​ရလာ​တဲ့အခါ ပျော်ရွှင်​ကြ​သလို စိုးရိမ်စိတ်တွေ​လ​ည်း ပေါ်လာနိုင်တယ်။ မိဘဖြစ်လာ​ခါ​စ​မှာ ကလေးငယ်​အတွက် အချိန်နဲ့ ခွန်အား ဘယ်လောက်​စိုက်ထုတ်​ရတယ်ဆိုတာ သိလာ​ရလိမ့်မယ်။ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲ​တွေ​နဲ့အတူ အိပ်ရေးပျက်​ရတာ​တွေ​ကြောင့်လည်း အိမ်ထောင်​မှာ စိတ်​ဖိစီးမှုတွေ ဖြစ်ပေါ်လာနိုင်တယ်။ ဒါကြောင့် သင်တို့​ရဲ့ ကလေးကို ပြုစု​စောင့်ရှောက်​ဖို့နဲ့ အိမ်ထောင်နှောင်ကြိုး ခိုင်ခံ့​စေဖို့​လ​ည်း သင်တို့​နှစ်ယောက်စလုံး ပြုပြင်​ပြောင်းလဲ​ရမှာ​ဖြစ်တယ်။ အဲဒီ​အခက်အခဲတွေကို ဖြေရှင်း​နိုင်ဖို့ ကျမ်းစာ​အကြံပြုချက်​တွေ​က ဘယ်လို​ကူညီ​ပေးနိုင်​ပါသလဲ။

၁ ရင်သွေးလေး​ရလာ​တဲ့အခါ အိမ်ထောင်​မှာ အပြောင်းအလဲ​ဖြစ်လာတယ်​ဆိုတာ သိ​ထားပါ

ကျမ်းစာပြောဆိုရာ– ‘မေတ္တာ​ဟာ စိတ်ရှည်​တတ်တယ်။ ကြင်နာ​တတ်တယ်။ ကိုယ်ကျိုး မ​ရှာ​တတ်​ဘူး။ ဒေါသ မ​ထွက်​တတ်​ဘူး။” (၁ ကောရိန္သု ၁၃:၄၊ ၅) သင်ဟာ မိခင်​ဖြစ်​ခါ​စ​မှာ ကလေးငယ်​ရဲ့ ဝေယျာဝစ္စ​တွေ​နဲ့​ပဲ အလုပ်များ​နေတာ​က အထူးအဆန်း​မဟုတ်ပါဘူး။ အဲဒီအခါ သင့်​ခင်ပွန်းက ဘေး​လူ ဖြစ်သွား​ပြီလို့ ခံစား​ရနိုင်တယ်။ ဒါကြောင့် သူ့​ကိုလည်း မေ့မထား​ပါ​နဲ့။ ကလေးကို ပြုစု​တာ​​က ခင်ပွန်း​နဲ့လည်း သက်ဆိုင်တဲ့​အပြင် သူ့ရဲ့ အကူအညီ လိုအပ်တယ်​ဆိုတာကို သိလာအောင် စိတ်ရှည်ရှည်၊ ကြင်ကြင်နာနာ​နဲ့ ပြောပြ​နိုင်တယ်။

‘ခင်ပွန်း​တို့၊ ဇနီးသည်ကို နားလည်​ပေး​ပြီး အတူနေ​ထိုင်​ကြပါ။’ (၁ ပေတရု ၃:၇) သင့်​ဇနီးဟာ ကလေးငယ်​နဲ့​ပဲ လုံးပန်း​နေရလို့ စိတ်​မော​လူ​မော​ဖြစ်နေတယ်​ဆိုတာကို နားလည်​ပေးပါ။ သူ့မှာ တာဝန်​အသစ်​တွေ ရလာ​ပြီဆို​တော့ စိတ်ဖိစီး​တာ​၊ ပင်ပန်း​နွမ်း​လျ​တာ​၊ စိတ်​အားငယ်​ပြီး စိတ်ကျ​လွယ်​တာ​​မျိုး​တောင် ဖြစ်နိုင်တယ်။ ဇနီးက သင့်​အပေါ် တစ်ခါတလေ စိတ်အလိုမကျ​ဖြစ်ရင် “စိတ်​ချုပ်တည်း​နိုင်​သူဟာ မြို့ကို အောင်နိုင်သူ​ထက် သာလွန်တယ်” ဆိုတဲ့ ကျမ်း​စကားကို သတိရပြီး စိတ်တည်ငြိမ်​ဖို့ ကြိုးစားပါ။ (ပညာအလိမ္မာ ၁၆:၃၂) ဇနီးရဲ့ လိုအပ်ရာတွေကို သိအောင်​လုပ်ပါ၊ လိုအပ်​သလို ကူညီပေးပါ။—ပညာအလိမ္မာ ၁၄:၂၉

သင်​လုပ်ဆောင်​နိုင်ရာ

  • ဖခင်​တို့– ဇနီးကို ကူညီတဲ့​အနေနဲ့ ကလေးကို နေ့​ဘက်မှာ​ရော ညဘက်​မှာပါ ဝိုင်း​ထိန်း​ပေးပါ။ ဇနီးနဲ့ ကလေး​အတွက် အချိန်ပို​ပေးနိုင်​ဖို့ တခြား​ကိစ္စတွေမှာ သုံးတဲ့​အချိန်ကို လျှော့ပါ

  • မိခင်​တို့– ကလေးနဲ့​ပတ်သက်ပြီး ခင်ပွန်း​ ပေးတဲ့ အကူအညီကို လက်ခံ​ပါ။ သူ ကောင်းကောင်း မ​လုပ်​တတ်​ရင်တောင် အပြစ်​မတင်ပါ​နဲ့။ ဘယ်လိုလုပ်​ရမလဲ​ဆိုတာကို​ ကြင်ကြင်နာနာ ပြ​ပေးပါ

၂ သင်တို့​ရဲ့ အိမ်ထောင်နှောင်ကြိုး​ကို ခိုင်ခံ့အောင်​လုပ်ပါ

ကျမ်းစာပြောဆိုရာ– “သူတို့ဟာ တစ်သားတစ်ကိုယ်တည်း ဖြစ်လိမ့်မယ်။” (ကမ္ဘာဦး ၂:၂၄) ရင်သွေးလေး​ရလာ​ရင်တောင် သင်တို့​နှစ်ယောက်​ဟာ “တစ်သားတစ်ကိုယ်တည်း” ဖြစ်နေ​တုန်း​ပဲ​ဆိုတာ သတိရပါ။ သင်တို့​ရဲ့ အိမ်ထောင်နှောင်ကြိုး ခိုင်ခံ့​နေဖို့ ကြိုးစား​အားထုတ်​ပါ။

ဇနီး​တို့၊ ခင်ပွန်းရဲ့ အကူအညီ​နဲ့ ထောက်မမှုကို ကျေးဇူးတင်​ပါ။ သင့်ရဲ့ ကျေးဇူး​တင်​စကားတွေက သင်တို့​နှစ်ယောက်ကို ပိုပြီး ချစ်ခင်​တွယ်တာ​လာ​စေနိုင်တယ်။ (ပညာအလိမ္မာ ၁၂:၁၈) ခင်ပွန်း​တို့၊ ကိုယ့်​ဇနီးကို ဘယ်လောက်​ချစ်တယ်၊ ဘယ်လောက်​တန်ဖိုး​ထားတယ်​ဆိုတာ​ ပြောပြပါ။ မိသားစု​အပေါ် ဇနီးသည် ဂရုစိုက်​စောင့်ရှောက်​တာ​​ကို ချီးမွမ်း​ပေးပါ။—ပညာအလိမ္မာ ၃၁:၁၀၊ ၂၈

“လူတိုင်း ကိုယ့်​အကျိုးကို မ​ရှာ​ဘဲ သူတစ်ပါး​အကျိုးကို ရှာကြပါ။” (၁ ကောရိန္သု ၁၀:၂၄) ကိုယ့်​အိမ်ထောင်ဖက်​အတွက် အကောင်းဆုံး​ဖြစ်မယ့်​အရာကို အမြဲ​လုပ်ဆောင်​ပေးပါ။ နှစ်ယောက်​တည်း စကားပြော​ဆိုဖို့၊ ချီးမွမ်း​ပေးဖို့၊ အပြန်အလှန် နားထောင်ပေး​ဖို့ အချိန်​ယူပါ။ လင်မယား​ဆက်ဆံခြင်း​ဝတ်​မှာ တစ်ကိုယ်​ကောင်း​မ​ဆန်​ပါ​နဲ့။ အိမ်ထောင်ဖက်​ရဲ့ လိုအပ်ရာတွေကို ထည့်​စဉ်းစားပါ။ ‘အချင်းချင်း ဆက်ဆံခြင်းဝတ်ကို ဖြည့်ဆည်း​ပေးကြပါ။ သတ်မှတ်ထားတဲ့ အတောအတွင်းမှာတော့ ရှောင်ကြပေါ့’ လို့ ကျမ်းစာမှာ ပြောထားတယ်။ (၁ ကောရိန္သု ၇:၃-၅) ဒါကြောင့် အဲဒီ​ကိစ္စ​ကို နှစ်ယောက်​ကြားမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ။ သင်တို့​ရဲ့ စိတ်ရှည်မှု​နဲ့ နားလည်​ပေးမှု​ကြောင့် အိမ်ထောင်နှောင်ကြိုး​ဟာ ခိုင်ခံ့​နေပါ​လိမ့်​မယ်။

သင်​လုပ်ဆောင်​နိုင်ရာ

  • သင်တို့​ဇနီးမောင်နှံ​အတွက် အချိန်​သီးသန့်​ဖယ်​ထားပါ

  • အိမ်ထောင်ဖက်​ကို ချစ်ကြောင်း ဖော်ပြတဲ့​အနေနဲ့ စာတိုလေး​ပို့​တာ​၊ လက်ဆောင်​လေး​ပေးတာ စတဲ့​အသေးအဖွဲ​ကိစ္စ​လေး​တွေ​ကို လုပ်​ပေးပါ

၃ ကလေးကို လေ့ကျင့်​ပေးပါ

ကျမ်းစာပြောဆိုရာ– “သမ္မာကျမ်းစာကို နို့စို့အရွယ်​က​တည်း​က မင်း သိရှိခဲ့တယ်။ . . . ကယ်တင်ခြင်း​ရနိုင်အောင် အဲဒီ​ဉာဏ်ပညာက ကူညီပေးတယ်။” (၂ တိမောသေ ၃:၁၅) ကလေးကို ဘယ်လို​သင်ပေး​မလဲ​ဆိုတာ စဉ်းစားထားပါ။ ကလေး​ဟာ မိခင်​ဝမ်း​ထဲမှာ ရှိနေ​ချိန်မှာတောင် အံ့သြစရာ​ကောင်း​လောက်​အောင် သင်ယူနိုင်စွမ်း​ရှိတယ်။ အဲဒီအချိန်မှာ မိဘရဲ့ အသံ​ကို သိနိုင်တယ်၊ မိခင်ရဲ့ ခံစားချက်တွေ​က​လ​ည်း ကလေး​အပေါ် အကျိုး​သက်ရောက်​နိုင်တယ်။ နို့စို့အရွယ်​က​တည်း​က စာဖတ်​ပြပါ။ သင်​ဖတ်​နေတာကို ကလေး​နားမလည်​နိုင်ပေမဲ့ ကြီးလာ​တဲ့အခါ စာဖတ်​ချင်စိတ် ဖြစ်ပေါ်လာနိုင်​ပါတယ်။

ကလေး​က ဘယ်လောက်​ပဲ အသက်ငယ်​ပါ​စေ ဘုရား​အကြောင်း ပြော​ပြတာ​ကို ကြား​နိုင်ပါတယ်။ ဒါကြောင့် ကလေး​ကြား​အောင် အသံထွက်​ပြီး ယေဟော​ဝါ​ဘုရားဆီ ဆုတောင်း​ပါ။ (တရားဟောရာ ၁၁:၁၉) ကလေးနဲ့​အတူတူ ဆော့​ကစား​နေ​ချိန်မှာတောင် ဘုရားသခင်ရဲ့ ဖန်ဆင်းရာတွေ​အကြောင်း ပြောပြပါ။ (ဆာလံ ၇၈:၃၊ ၄) အဲဒီ​လုပ်ဆောင်မှု​တွေ​ကြောင့် ကလေး​ကြီးလာ​တဲ့အခါ ယေဟော​ဝါ​ဘုရားကို သင် ဘယ်လောက်​ချစ်တယ်​ဆိုတာ သိလာ​မယ်၊ ကလေး​ကိုယ်တိုင်လည်း ကိုယ်တော့်​ကို ချစ်တတ်​လာဖို့ သင်ယူ​လာပါလိမ့်မယ်။

သင်​လုပ်ဆောင်​နိုင်ရာ

  • ကလေးကို သင်ပေး​နိုင်ဖို့ ဉာဏ်ပညာ​ပေးပါ​ဆိုပြီး သတ်သတ်မှတ်မှတ် ဆုတောင်း​ပါ

  • ကလေးကို သိစေချင်​တဲ့ အကြောင်းအရာ​တွေ​ကို ထပ်ခါထပ်ခါ ပြောပြပါ၊ ဒါမှသာ ကလေးတွေဟာ နို့စို့အရွယ်​က​တည်း​က သင်ယူ​နိုင်​ပါလိမ့်မယ်