အခန်း ၉၈
ထင်ပေါ်ကျော်ကြားဖို့ တမန်တော်တွေထပ်ကြိုးစား
မဿဲ ၂၀:၁၇-၂၈ မာကု ၁၀:၃၂-၄၅ လုကာ ၁၈:၃၁-၃၄
-
မိမိရဲ့သေခြင်းအကြောင်း ယေရှု ထပ်ပြီးကြိုပြော
-
တမန်တော်တွေရဲ့ ထင်ပေါ်ကျော်ကြားချင်စိတ်ကို တည့်မတ်ပေး
ယေရှုနဲ့ တပည့်တွေဟာ ပေရိယနယ်ကနေ တောင်ဘက် ဂျေရုဆလင်မြို့ကို သွားနေတဲ့ ခရီးစဉ် ပြီးဆုံးတော့မယ်။ ယေရိခေါမြို့နားကနေ ဂျော်ဒန်မြစ်ကို ဖြတ်ကြတယ်။ တခြားသူတွေလည်း အေဒီ ၃၃၊ ပသခါပွဲတက်ဖို့ သူတို့နဲ့အတူ လိုက်ပါလာတယ်။
ယေရှုက ပသခါပွဲအမီ ဂျေရုဆလင်မြို့ကို ရောက်ချင်လို့ တပည့်တွေရှေ့ကနေ သွားနှင့်တယ်။ တပည့်တွေကတော့ ကြောက်နေကြတယ်။ အစောပိုင်းတုန်းက လာဇရုသေဆုံးချိန်မှာ ယေရှုက ပေရိယနယ်ကနေ ယုဒနယ်ကို သွားမယ်လို့ ပြောတော့ သောမက “ငါတို့လည်း လိုက်သွားရအောင်။ သခင်နဲ့အတူ သေရင်သေပါစေ” လို့ ကျန်တဲ့ တပည့်တွေကို ပြောခဲ့တယ်။ (ယောဟန် ၁၁:၁၆၊ ၄၇-၅၃) ဒါကြောင့် ဂျေရုဆလင်မြို့ကိုသွားတာ အန္တရာယ်ရှိတယ်။ တပည့်တွေ ကြောက်မယ်ဆိုလည်း ကြောက်စရာပါပဲ။
ရှေ့မှာကြုံရမယ့်အရာအတွက် ပြင်ဆင်ပေးတဲ့အနေနဲ့ ယေရှုက တမန်တော်တွေကိုခေါ်ပြီး “အခု ကျွန်တော်တို့ ဂျေရုဆလင်မြို့ကို သွားနေတာ။ လူသားကို ပုရောဟိတ်ကြီးတွေ၊ ကျမ်းတတ်တွေလက်ထဲ အပ်လိမ့်မယ်။ သူတို့ သေဒဏ်စီရင်ကြလိမ့်မယ်။ လူသားကို လူမျိုးခြားတွေလက်ထဲ အပ်တဲ့အတွက် လှောင်ပြောင်ရိုက်နှက်၊ သစ်တိုင်ပေါ်တင်ပြီး သတ်ကြလိမ့်မယ်။ အဲဒီနောက် သုံးရက်မြောက်နေ့မှာ အသက်ပြန်ရှင်လာမယ်” လို့ပြောပြတယ်။—မဿဲ ၂၀:၁၈၊ ၁၉။
မိမိရဲ့သေခြင်းနဲ့ ထမြောက်ခြင်းအကြောင်း တပည့်တွေကို ပြောပြတာ ဒါနဲ့ဆိုရင် သုံးခါရှိပြီ။ (မဿဲ ၁၆:၂၁။ ၁၇:၂၂၊ ၂၃) အခုတစ်ခါတော့ သစ်တိုင်ပေါ်မှာ အသတ်ခံရမယ်လို့ ပြောတယ်။ တပည့်တွေဟာ နားထောင်နေပေမဲ့ ဘာကို ဆိုလိုမှန်း နားမလည်ကြဘူး။ မြေကြီးပေါ်မှာ အစ္စရေးနိုင်ငံ ပြန်တည်ထောင်မယ်၊ အဲဒီနိုင်ငံမှာ ခရစ်တော်နဲ့အတူ ဘုန်းအသရေ ရရှိမယ်လို့ သူတို့ မျှော်လင့်နေပုံပဲ။
ခရီးသွားနေသူတွေထဲမှာ တမန်တော်ယာကုပ်နဲ့ ယောဟန်ရဲ့အမေ ရှာလုံလည်း ပါတယ်။ အဲဒီတမန်တော်နှစ်ယောက်ရဲ့ မီးလိုတောက်လောင်တဲ့ စိတ်ဓာတ်ကြောင့် ယေရှုက သူတို့ကို “မိုးကြိုးသားတွေ” လို့အဓိပ္ပာယ်ရှိတဲ့ နာမည်ပေးထားတယ်။ (မာကု ၃:၁၇။ လုကာ ၉:၅၄) သူတို့က ခရစ်တော်ရဲ့နိုင်ငံတော်မှာ ထင်ပေါ်တဲ့သူတွေ ဖြစ်ချင်နေတာ ကြာပြီ။ အဲဒါကို သူတို့အမေသိထားတော့ သားတွေအတွက် တောင်းဆိုချင်လို့ ယေရှုဆီ လာဦးညွှတ်တယ်။ ယေရှုက “ဘာလိုချင်သလဲ” လို့မေးတော့ “သခင့်နိုင်ငံမှာ ကျွန်မရဲ့သားနှစ်ယောက်ကို ဘယ်ဘက်မှာ တစ်ယောက်၊ ညာဘက်မှာ တစ်ယောက် ထိုင်ခွင့်ပေးပါ” လို့တောင်းတယ်။—မဿဲ ၂၀:၂၀၊ ၂၁။
တကယ်တော့ ယာကုပ်နဲ့ ယောဟန်က အမေကနေတစ်ဆင့် တောင်းဆိုခိုင်းလိုက်တာ။ ယေရှုက သူကဲ့ရဲ့လှောင်ပြောင်ခံရမယ်၊ အရှက်ခွဲခံရမယ်ဆိုပြီး မကြာသေးခင်ကမှ ပြောခဲ့တာကြောင့် “ခင်ဗျားတို့ ဘာတောင်းနေမှန်း ခင်ဗျားတို့မသိဘူး။ ကျွန်တော်သောက်မယ့်ခွက်ကို သောက်နိုင်လို့လား” ဆိုပြီး မေးလိုက်တယ်။ “သောက်နိုင်ပါတယ်” လို့သူတို့ဖြေတယ်။ (မဿဲ ၂၀:၂၂) တကယ်တမ်းကျတော့ အဲဒါဘာကိုဆိုလိုမှန်း သူတို့နားလည်ပုံ မပေါ်ဘူး။
ဘာပဲဖြစ်ဖြစ်၊ ယေရှုက “ကျွန်တော်သောက်မယ့် ခွက်ကို ခင်ဗျားတို့ သောက်ရမှာပေါ့။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ဘယ်ညာနှစ်ဖက်မှာ ဘယ်သူတွေ ထိုင်ရမယ်ဆိုတာကို ကျွန်တော် ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ အဖဘုရားပဲ ဆုံးဖြတ်လိမ့်မယ်” လို့ပြန်ပြောတယ်။—မဿဲ ၂၀:၂၃။
ယာကုပ်နဲ့ ယောဟန် အဲဒီလို တောင်းဆိုတဲ့အကြောင်း ကျန်တဲ့တမန်တော်ဆယ်ယောက် ကြားတဲ့အခါ စိတ်ဆိုးကြတယ်။ အစောပိုင်းတုန်းက သူတို့ထဲမှာ ဘယ်သူ အကြီးမြတ်ဆုံးလဲဆိုပြီး ငြင်းခုံချိန်မှာ ယာကုပ်နဲ့ ယောဟန်က ထိပ်ဆုံးကများလား။ (လုကာ ၉:၄၆-၄၈) ဘယ်လိုပဲဖြစ်ဖြစ်၊ အခုလို တောင်းဆိုတာကိုကြည့်ရင် တမန်တော်ဆယ့်နှစ်ယောက်ဟာ အနှိမ့်ချဆုံးသူ ဖြစ်ပါဆိုတဲ့ ယေရှုရဲ့ ဆုံးမစကားကို နားမထောင်မှန်း သိနိုင်တယ်။ သူတို့မှာ ထင်ပေါ်ကျော်ကြားချင်စိတ် ရှိနေတုန်းပဲ။
ဒီနောက်ဆုံး ငြင်းခုံမှုနဲ့ ငြင်းခုံမှုကြောင့် ဖြစ်လာတဲ့ မကောင်းတဲ့ သဘောထားကို ယေရှု ပြုပြင်တည့်မတ်ပေးတယ်။ တမန်တော် ဆယ့်နှစ်ယောက်ကိုခေါ်ပြီး အခုလို မေတ္တာနဲ့ဆုံးမတယ်– “လောကအုပ်စိုးရှင်တွေဟာ နိုင်ထက်စီးနင်း လုပ်တတ်မှန်း၊ ခေါင်းဆောင်တွေကလည်း အာဏာပြတတ်မှန်း ခင်ဗျားတို့ အသိပဲ။ ခင်ဗျားတို့ကတော့ အဲဒီလို မဖြစ်ရဘူး။ ကြီးမြတ်ချင်သူတိုင်း အစေခံဖြစ်ရမယ်။ ခင်ဗျားတို့ထဲမှာ ပထမနေရာ ရချင်သူတိုင်း အားလုံးရဲ့ကျွန် ဖြစ်ရမယ်။”—မာကု ၁၀:၄၂-၄၄။
ယေရှုက သူ့ပုံသက်သေကို အတုယူဖို့ ဒီလိုဆက်ရှင်းပြတယ်– “လူသားလည်း သူတစ်ပါးကို စေခိုင်းဖို့ လာတာ မဟုတ်ဘူး။ သူတစ်ပါးအစေကိုခံပြီး လူအများအတွက် ရွေးဖိုးအဖြစ် အသက်ကိုပေးဖို့ ရောက်လာတာ။” (မဿဲ ၂၀:၂၈) ယေရှုဟာ သုံးနှစ်လုံးလုံး သူတစ်ပါးအကျိုးအတွက် အစေခံခဲ့တယ်။ လူအားလုံးအတွက် အသေခံတဲ့အထိ သူအစေခံဦးမယ်။ တပည့်တွေမှာလည်း ခရစ်တော်လို စိတ်ထားမျိုး ရှိရမယ်။ သူတစ်ပါးကို စေခိုင်းဖို့မဟုတ်ဘဲ သူတစ်ပါးအစေကို ခံချင်စိတ်ရှိရမယ်။ ထင်ပေါ်ကျော်ကြားချင်စိတ် မရှိဘဲ အနှိမ့်ချဆုံးသူ ဖြစ်ချင်တဲ့စိတ် ရှိရမယ်။