အခန်း ၈၆
ပျောက်တဲ့သား ပြန်လာပြီ
-
ပျောက်တဲ့သား ပုံဥပမာ
ယေရှုက ပျောက်တဲ့သိုးနဲ့ ပျောက်တဲ့ဒရက်မာ ပုံဥပမာတွေကို ဂျော်ဒန်မြစ်အရှေ့ဘက် ပေရိယနယ်မှာ ပြောခဲ့တာဖြစ်မယ်။ ပုံဥပမာနှစ်ခုစလုံးက အပြစ်သားတစ်ဦး နောင်တယူပြီး ဘုရားဆီ ပြန်လာတဲ့အခါ ကျွန်တော်တို့ ဝမ်းမြောက်သင့်ကြောင်း သင်ပေးတယ်။ ဖာရိရှဲနဲ့ ကျမ်းတတ်တွေကတော့ အပြစ်သားတွေကို ယေရှု ကြိုဆိုလက်ခံတာကို ပြစ်တင်ဝေဖန်ကြတယ်။ အပြစ်ရှာတဲ့ ဒီလူတွေဟာ ယေရှုရဲ့ ပုံဥပမာ နှစ်ခုကနေ သင်ယူကြသလား။ နောင်တရတဲ့ အပြစ်သားတွေကို ကောင်းကင်ဖခင် ဘယ်လို သဘောထားမှန်း နားလည်ကြသလား။ ဒီအရေးကြီး သင်ခန်းစာကိုပဲ အလေးပေးချင်လို့ စိတ်ထိမိစေတဲ့ပုံဥပမာ နောက်တစ်ခုကို ယေရှုပြောတယ်။
ပုံဥပမာက ဖခင်နဲ့ သားနှစ်ယောက်အကြောင်း ဖြစ်ပြီး အဓိကဇာတ်ကောင်ကတော့ သားငယ်ပါ။ ဖာရိရှဲနဲ့ ကျမ်းတတ်တွေအပြင် ယေရှု ပြောတာကို နားထောင်နေသူတွေဟာ သားငယ်ရဲ့ အဖြစ်အပျက်ကနေ သင်ခန်းစာယူနိုင်တယ်။ ဖခင်နဲ့ သားကြီးကိုလည်း မေ့မထားသင့်ဘူး။ သူတို့ရဲ့ သဘောထားတွေကနေလည်း သင်ယူစရာရှိတယ်။ ပုံဥပမာကို ယေရှု ပြောပြနေတဲ့အခါ သူတို့သုံးယောက်အကြောင်း စဉ်းစားကြည့်ပါ–
“လူတစ်ယောက်မှာ သားနှစ်ယောက်ရှိတယ်။ သားငယ်က ‘အဖေ၊ ကျွန်တော်ရမယ့်အမွေ ခွဲပေးပါ’ လို့တောင်းတဲ့အခါ အဖေက အမွေခွဲပေးလိုက်တယ်။” (လုကာ ၁၅:၁၁၊ ၁၂) သားငယ်က အဖေသေသွားလို့ အမွေတောင်းနေတာ မဟုတ်ဘူး။ အဖေက သက်ရှိထင်ရှား ရှိနေတုန်းပဲ။ ဒါပေမဲ့ သားငယ်က အခုပဲ အမွေလိုချင်တယ်။ ငွေရှိမှ သူ့စိတ်ကြိုက် လုပ်ချင်တာ လုပ်နိုင်မှာကိုး။ ဒါနဲ့ ဘာဆက်ဖြစ်သလဲ။
“ရက်အနည်းငယ်ကြာတော့ သားငယ်က အမွေဥစ္စာရှိသမျှကို ယူပြီး တိုင်းတစ်ပါးကို ထွက်သွားတယ်။ အဲဒီမှာ အပျော်အပါးလိုက်စားပြီး ပိုင်ဆိုင်သမျှကို သုံးဖြုန်းပစ်တယ်” လို့ ယေရှု ရှင်းပြတယ်။ (လုကာ ၁၅:၁၃) သားသမီးတွေကို စောင့်ရှောက်ပြီး လိုလေသေးမရှိ ထောက်ပံ့ပေးနေတဲ့ ဖခင်နဲ့အတူ လုံခြုံတဲ့အိမ်မှာ မနေဘဲ သားငယ်က တိုင်းတစ်ပါးကို ထွက်သွားတယ်။ အဲဒီမှာ အပျော်အပါးလိုက်စားပြီး အမွေ အားလုံးကို သုံးဖြုန်းပစ်တယ်။ အခုတော့ သူ ဒုက္ခလှလှတွေ့နေပြီ။ ယေရှု ဒီလို ဆက်ပြောတယ်–
“ဒီလိုနဲ့ ရှိသမျှ ကုန်သွားတဲ့အပြင် အဲဒီပြည်မှာ အကြီးအကျယ် အငတ်ဘေးဆိုက်တဲ့အတွက် သူငတ်ပြတ်နေတော့တယ်။ ဒါနဲ့ ပြည်သားတစ်ယောက်ဆီ သွားပြီး အတင်းခိုကပ်နေတော့ အဲဒီလူက သူ့ကို လယ်တောမှာ ဝက်ကျောင်းခိုင်းတယ်။ သူဟာ ဝက်တွေစားတဲ့ ပဲတောင့်ကိုတောင် စားချင်စိတ်ပေါက်လာတယ်။ ဘယ်သူမှ သူ့ကို စားစရာ မပေးကြဘူး။”—လုကာ ၁၅:၁၄-၁၆။
ဘုရားပညတ်အရ ဝက်ဟာ မသန့်ရှင်းတဲ့ တိရစ္ဆာန်ဖြစ်ပေမဲ့ သားငယ်က ဝက်ကျောင်းတဲ့အလုပ်ကို လုပ်ရတော့တယ်။ သူဗိုက်ဆာလွန်းလို့ ဝက်တွေ၊ တိရစ္ဆာန်တွေစားတဲ့ ပဲတောင့်ကိုတောင် စားချင်စိတ်ပေါက်လာတယ်။ ဒီလိုအကြီးအကျယ် ဒုက္ခရောက်နေချိန်မှာ “သူ အသိတရားရလာ” တယ်။ ဒါနဲ့ ဘာလုပ်သလဲ။ “ငါ့အဖေရဲ့ အလုပ်သမားတွေဟာ ဝဝလင်လင် စားရတယ်။ ငါ့မှာတော့ ငတ်လို့ သေရတော့မယ်။ အခု၊ အဖေ့ဆီ ပြန်ပြီး ‘အဖေ၊ ကျွန်တော်ဟာ ကောင်းကင်မှာ စံမြန်းတဲ့ ဘုရားသခင်ကိုရော အဖေ့ကိုပါ ပြစ်မှားပါပြီ။ အဖေ့သားလို့တောင် အခေါ်မခံထိုက်တော့ပါဘူး။ အဖေ့ဆီမှာ အလုပ်သမားအနေနဲ့ နေခွင့်ပေးပါ’ လို့ ပြောကြည့်မယ်” လို့တွေးပြီး အဖေဆီသွားတယ်။—လုကာ ၁၅:၁၇-၂၀။
အဖေ သူ့ကိုတွေ့တော့ ဘာလုပ်သလဲ။ တွေ့တွေ့ချင်းပဲ ဒေါသတကြီး အော်ငေါက်ပြီး ဆူပူကြိမ်းမောင်းသလား။ သူ့ကို အရေးမစိုက်တဲ့သဘော၊ မလိုလားတဲ့သဘော ပြသလား။ သင်သာ အဖေနေရာမှာရှိရင် ဘာလုပ်မလဲ။ သင့်ရဲ့သား ဒါမှမဟုတ် သမီးက အဲဒီလို ဖြစ်နေမယ်ဆိုရင်ကော။
ပျောက်တဲ့သားကို ပြန်တွေ့ပြီ
အဖေ့ရဲ့ ခံစားချက်နဲ့ လုပ်ရပ်ကို ယေရှု အခုလို ဖော်ပြတယ်– “ဖခင်က သားကို အဝေးကနေ လှမ်းမြင်တဲ့အခါ သနားစိတ် ယိုဖိတ်လာတော့ ပြေးဖက်ပြီး နမ်းတယ်။” (လုကာ ၁၅:၂၀) သူ့သား အကျင့်စာရိတ္တ ပျက်ပြားခဲ့တာတွေကို အဖေကြားထားမယ်ဆိုရင်တောင် အခု သားပြန်လာတဲ့အခါ ကြိုဆိုတယ်။ ယေဟောဝါကို သိပါတယ်၊ ကိုးကွယ်ပါတယ်လို့ ပြောနေတဲ့ ဂျူးခေါင်းဆောင်တွေအနေနဲ့ နောင်တရတဲ့ အပြစ်သားတွေကို ကောင်းကင်ဖခင် ဘယ်လိုသဘောထားမှန်း ဒီအဖြစ်အပျက်ကနေ သိမြင်နိုင်ကြမလား။ ယေရှုမှာလည်း အဲဒီလိုကြိုဆိုတဲ့ သဘောထားရှိမှန်း အသိအမှတ်ပြုကြမလား။
အဖေက သားမျက်နှာကို ကြည့်တာနဲ့ နောင်တရနေမှန်း ရိပ်မိမှာပဲ။ ဒါပေမဲ့ အဖေက အစပြုပြီး မေတ္တာနဲ့ ကြိုဆိုတဲ့အခါ သားကလည်း သူ့အပြစ်တွေကို ဝန်ခံဖို့ ပိုလွယ်သွားတာပေါ့။ “သားကလည်း ‘အဖေ၊ ကျွန်တော်ဟာ ကောင်းကင်မှာ စံမြန်းတဲ့ ဘုရားသခင်ကိုရော အဖေ့ကိုပါ ပြစ်မှားပါပြီ။ အဖေ့သားလို့တောင် အခေါ်မခံထိုက်တော့ပါဘူး’ လို့ပြောတယ်။”—လုကာ ၁၅:၂၁။
ဒီအခါ အဖေက ကျွန်တွေကို “အကောင်းဆုံးဝတ်လုံကို မြန်မြန်ယူလာပြီး သူ့ကိုဝတ်ပေးကြ။ လက်စွပ် စွပ်ပေးပြီး ဖိနပ် စီးပေးကြ။ ဆူဖြိုးတဲ့ နွားကလေးကို ယူပြီး သတ်ကြ။ စားသောက်ပွဲ လုပ်ကြရအောင်။ ဘာကြောင့်လဲဆိုတော့ ငါ့သားဟာ သေရာကနေ ပြန်ရှင်လာပြီ။ ပျောက်သွားပြီးမှ ပြန်တွေ့တာ” လို့ပြောတယ်။ ဒီနောက် သူတို့တွေ “တပျော်တပါး စားသောက်ကြတယ်။”—လုကာ ၁၅:၂၂-၂၄။
အဲဒီအချိန်မှာ သားကြီးက လယ်မှာရှိနေတယ်။ သူနဲ့ပတ်သက်ပြီး ယေရှု ဒီလိုပြောတယ်– “သူပြန်လာပြီး အိမ်ရောက်ခါနီးမှာ တီးမှုတ်ကခုန်သံကို ကြားတော့ အစေခံတစ်ယောက်ကို ခေါ်ပြီး အကျိုးအကြောင်း မေးမြန်းတယ်။ အစေခံက ‘သခင့်ညီလေး ပြန်လာတယ်။ ကျန်းကျန်းမာမာနဲ့ ပြန်ရောက်လာလို့ သခင့်အဖေက ဆူဖြိုးတဲ့နွားလေးကို သတ်ပါတယ်’ လို့ဖြေတယ်။ သားကြီးက စိတ်ဆိုးပြီး အိမ်ထဲ မဝင်ဘူး။ အဲဒီအခါ ဖခင်က ထွက်လာပြီး ဖျောင်းဖျတယ်။ သားကြီးက ‘ကျွန်တော် နှစ်ပေါင်းများစွာ အဖေ့ဆီမှာ အစေခံခဲ့တယ်။ အဖေ့စကားကိုလည်း တစ်ခါမှ မလွန်ဆန်ခဲ့ဘူး။ ဒါပေမဲ့ အဖေက ကျွန်တော့်ကို သူငယ်ချင်းတွေလုကာ ၁၅:၂၅-၃၀။
နဲ့အတူ စားသောက်ပွဲလုပ်ဖို့ ဆိတ်ကလေး တစ်ကောင်တောင် မပေးဖူးဘူး။ ပြည့်တန်ဆာတွေနဲ့ ပျော်ပါးပြီး အဖေ့စည်းစိမ်ကို သုံးဖြုန်းတဲ့ ဒီသားလည်း ရောက်လာရော ဆူဖြိုးတဲ့ နွားလေးကို သတ်တယ်ပေါ့’ လို့ပြောတယ်။”—သာမန်လူတန်းစားတွေ၊ အပြစ်သားတွေကို ယေရှု ဂရုစိုက်ပြီး ကရုဏာပြတဲ့အခါ သားကြီးလိုပဲ ဘယ်သူတွေ ပြစ်တင်ဝေဖန်ကြသလဲ။ ဖာရိရှဲနဲ့ ကျမ်းတတ်တွေပဲ။ အပြစ်သားတွေကို ယေရှု ကြိုဆိုလက်ခံတာနဲ့ ပတ်သက်ပြီး သူတို့ ပြစ်တင်ဝေဖန်နေတာကို ဒီပုံဥပမာက ဖော်ထုတ်လိုက်တာပဲ။ မှန်ပါတယ်၊ ဘုရားသခင် ကရုဏာပြနေတာကို ပြစ်တင်ဝေဖန်သူတွေဟာ ဒီသင်ခန်းစာကို နှလုံးသွင်းသင့်တယ်။
အဖေက သားကြီးကို ဖျောင်းဖျပြောဆိုတဲ့ စကားနဲ့ ဒီပုံဥပမာကို ယေရှု နိဂုံးချုပ်လိုက်တယ်– “ဖခင်က ‘သားရယ်၊ မင်းက အဖေနဲ့အတူ အမြဲရှိနေတာပဲ။ အဖေ့ရဲ့ ဥစ္စာရှိသမျှဟာ မင်းရဲ့ဥစ္စာတွေပဲလေ။ မင်းရဲ့ညီလေးကတော့ သေရာကနေ ပြန်ရှင်လာတာပါ။ ပျောက်သွားပြီးမှ ပြန်တွေ့တာပါ။ ဒါကြောင့် ပျော်ပျော်ပါးပါး ပွဲလုပ်တာပါ’လို့ ပြောတယ်။”—လုကာ ၁၅:၃၁၊ ၃၂။
သားကြီးက နောက်ဆုံး ဘယ်လို တုံ့ပြန်တယ်ဆိုတာ ယေရှု ဆက်မပြောတော့ဘူး။ ဒါပေမဲ့ ယေရှုသေဆုံးပြီး ထမြောက်လာပြီးနောက် “ပုရောဟိတ် အတော်များများလည်း ယုံကြည်သူတွေ ဖြစ်လာတယ်။” (တမန်တော် ၆:၇) သူတို့ထဲမှာ ပျောက်တဲ့သားပုံဥပမာကို ယေရှုပြောပြတုန်းက နားထောင်ခဲ့သူတချို့လည်း ပါဝင်နိုင်တယ်။ သူတို့လည်း အသိတရား ရလာပြီးနောက် နောင်တယူပြီး ဘုရားဆီ ပြန်လှည့်လာနိုင်ပါတယ်။
အလွန်ထိရောက်တဲ့ ဒီပုံဥပမာကနေရရှိတဲ့ အရေးကြီး သင်ခန်းစာတွေကို ယေရှုရဲ့နောက်လိုက်အားလုံး နှလုံးသွင်းသင့်တယ်။ ပထမ သင်ခန်းစာကတော့၊ “တိုင်းတစ်ပါး” နဲ့တူတဲ့ လောကမှာ အပျော်အပါးရှာမယ့်အစား ဘေးကင်းလုံခြုံတဲ့ ဘုရားလူမျိုးအလယ်မှာ၊ ကျွန်တော်တို့ကိုချစ်ပြီး လိုအပ်ရာမှန်သမျှ ထောက်မပေးနေတဲ့ ကောင်းကင်ဖခင်ရဲ့ စောင့်ရှောက်မှုအောက်မှာနေတာ အကောင်းဆုံးပဲ။
ဒုတိယသင်ခန်းစာကတော့ ဘုရားသခင့်လမ်းစဉ်ကနေ သွေဖည်သွားသူတွေဟာ ဘုရားသခင့်မျက်နှာသာ ပြန်ရနိုင်ဖို့ ကောင်းကင်ဖခင်ဆီ နှိမ့်ချစွာ ပြန်လှည့်လာသင့်တယ်။
သင်ခန်းစာနောက်တစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ ဖခင်ရဲ့ နားလည်ခွင့်လွှတ်တတ်တဲ့ သဘောထားနဲ့ သားကြီးရဲ့ မကျေနပ်တဲ့၊ မလိုလားတဲ့သဘောထား ကွာခြားမှုပဲ။ လမ်းလွဲသွားသူတစ်ယောက် နောင်တစစ်ယူပြီး ‘အဖေ့အိမ်’ ကို ပြန်လာတဲ့အခါ ဘုရားရဲ့ကျေးကျွန်တွေ ခွင့်လွှတ်ပြီး ကြိုဆိုချင်ကြတယ်။ ကျွန်တော်တို့ရဲ့ ညီအစ်ကို “သေရာကနေ ပြန်ရှင်လာ” တဲ့အတွက်၊ “ပျောက်သွားပြီးမှ ပြန်တွေ့” တဲ့အတွက် ဝမ်းသာကြပါစို့။