မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၇၅

စစ်မှန်တဲ့ပျော်ရွှင်မှုရဲ့ ရင်းမြစ်

စစ်မှန်တဲ့ပျော်ရွှင်မှုရဲ့ ရင်းမြစ်

လုကာ ၁၁:၁၄-၃၆

  • ဘုရားသခင့် “လက်ညှိုးတော်” နဲ့ နတ်ဆိုးတွေကို နှင်ထုတ်

  • စစ်မှန်တဲ့ ပျော်ရွှင်မှုရဲ့ ရင်းမြစ်

ယေရှု​က ဆုတောင်းခြင်းနဲ့ပတ်သက်တဲ့ အချက်တွေကို ထပ်​ပြောပြတယ်။ သူ​အမှုဆောင်ချိန်​အတွင်း တစ်ကြိမ်​ထက်မက ကြုံ​ရတာ အဲဒီ​ကိစ္စ​တစ်ခုတည်း မဟုတ်ဘူး။ ဂါလိလဲ​ပြည်မှာ အံ့ဖွယ်​အမှုတွေ​ လုပ်​တုန်း​က နတ်ဆိုး​မင်းရဲ့ အကူအညီ​နဲ့ လုပ်တယ်လို့ မဟုတ်မမှန် စွပ်စွဲ​ခံခဲ့ရတယ်။ အခု ယုဒနယ်မှာ​လည်း အဲဒီလို စွပ်စွဲချက်​မျိုး ထပ်​ကြုံရ​ပြန်တယ်။

ယေရှု​က စကား​အ,စေ​တဲ့ နတ်ဆိုး​ကို လူတစ်ယောက်​ဆီကနေ နှင်ထုတ်​လိုက်တဲ့အခါ လူအုပ်​လည်း အံ့သြ​သွားတယ်။ သူ့ကို အပြစ်ရှာ​သူတွေကတော့ အံ့သြ​မယ့်​အစား “ဒီ​လူဟာ နတ်ဆိုး​မင်း ဗေလဇေဗုလ အကူအညီ​နဲ့ နတ်ဆိုးတွေကို နှင်ထုတ်​နေတာ” လို့ အရင်​လို​ပဲ မဟုတ်မမှန် စွပ်စွဲကြတယ်။ (လုကာ ၁၁:၁၅) တခြားသူတွေ​ကျတော့ ယေရှု ဘယ်သူဘယ်ဝါ​ဖြစ်ကြောင်း ထပ်ဆင့်​အထောက်အထား လိုချင်လို့ ဘုရားဆီက အံ့ဖွယ်အမှု တစ်ခုလောက်​ပြပါ​လို့ တောင်းဆို​ကြတယ်။

သူတို့ အကဲစမ်း​နေမှန်း ယေရှု​သိ​တာ​ကြောင့် ဂါလိလဲ​ပြည်မှာ​တုန်း​က အပြစ်ရှာ​သူတွေကို ဖြေ​ခဲ့​တဲ့​အတိုင်း ပြန်ဖြေ​လိုက်တယ်။ နိုင်ငံ​တစ်ခုမှာ ပြည်သူတွေ စိတ်ဝမ်းကွဲ​နေရင် အဲဒီ​နိုင်ငံ ပျက်စီး​မှာ​ပဲ​လို့​ပြောပြီး “စာတန်ရဲ့​နိုင်ငံ​လည်း စိတ်ဝမ်းကွဲ​နေရင် ဘယ်လိုလုပ် တည်မြဲ​မှာ​လဲ” လို့ ကျိုးကြောင်း​ဆင်ခြင်ပြတယ်။ ပြီးတော့ “ဘုရားသခင်ရဲ့​တန်ခိုး​နဲ့ [“လက်ညှိုးတော်​နဲ့၊” အောက်ခြေမှတ်ချက်] နတ်ဆိုးတွေကို ကျွန်တော် နှင်ထုတ်​တာ​ဆိုရင်တော့ ခင်ဗျားတို့ ဘုရားသခင့် နိုင်ငံတော်​နဲ့ လွဲ​သွားပြီ” လို့ တဲ့တိုး​ပြောလိုက်​တယ်။—လုကာ ၁၁:၁၈-၂၀

“လက်ညှိုးတော်” လို့​ပြောလိုက်တဲ့​အခါ နားထောင်​နေ​သူတွေဟာ ဟိုး​အရင်တုန်းက အစ္စရေးသမိုင်း​မှာ ဖြစ်ပျက်ခဲ့တာ​ကို သတိရ​သွားမှာပဲ။ ဖာရောမင်း​ရဲ့ နန်းတော်မှာ မောရှေ​လုပ်ပြ​တဲ့ အံ့ဖွယ်​အမှုကို မြင်ခဲ့​သူတွေက ဒါဟာ ဘုရားသခင့် “လက်ညှိုးတော်” ကြောင့်​ပဲ​လို့ မှတ်ချက်ချ​ခဲ့​တယ်။ ကျောက်ပြား​နှစ်ချပ်​ပေါ်မှာ ပညတ်တော်​ဆယ်ပါး​ကို ရေးခဲ့တာ​လည်း ဘုရားသခင်ရဲ့ “လက်ညှိုးတော်” ပဲ။ (ထွက်မြောက်ရာ ၈:၁၉၊ အောက်ခြေမှတ်ချက်။ ၃၁:၁၈) အခုလည်း ယေရှု နတ်ဆိုးတွေကို နှင်ထုတ်​နိုင်တာ၊ လူနာ​တွေကို ကုသ​ပေးနိုင်တာ​က “လက်ညှိုးတော်” ကြောင့်၊ တစ်နည်းအားဖြင့် ဘုရားသခင့်သန့်ရှင်းသော စွမ်းအားတော် အကူအညီ​ကြောင့်​ပဲ။ ဒါကြောင့် ဆန့်ကျင်သူတွေ​ဟာ ဘုရားသခင့်​နိုင်ငံနဲ့ လွဲ​သွားပြီ။ နိုင်ငံတော်ရဲ့ ခန့်အပ်ခံ​ဘုရင် ယေရှု​ကိုယ်တိုင် အဲဒီ​နေရာမှာ​ရှိနေပြီး အံ့ဖွယ်​အမှုတွေ လုပ်ပြ​နေလို့ပဲ။

ခွန်အားကြီး​သူကို သူ့​ထက်​ခွန်အားကြီး​သူက တိုက်ခိုက်​ပြီး အနိုင်ယူ​လိုက်သလို နတ်ဆိုးတွေကို ယေရှု နှင်ထုတ်​နိုင်စွမ်း​ရှိတာ​က စာတန်ကို အောင်နိုင်​တယ်​ဆိုတဲ့ သက်သေ​ပဲ။ လူ​ထဲ​က ထွက်သွား​တဲ့ နတ်ဆိုး​ ပုံဥပမာကိုလည်း ထပ်ပြော​တယ်။ အဲဒီ​လူက ကောင်းတဲ့အရာ​တွေ​နဲ့ မဖြည့်​ထားတာ​ကြောင့် နတ်ဆိုး​က နတ်ဆိုး​ခုနစ်ကောင်​နဲ့​အတူ ပြန်လာပြီး ဝင်​နေတယ်။ ဒါကြောင့် အဲဒီ​လူရဲ့ အခြေအနေဟာ အရင်ကထက် ပို​ဆိုး​သွားတယ်။ (မဿဲ ၁၂:၂၂၊ ၂၅-၂၉၊ ၄၃-၄၅) အစ္စရေး​လူမျိုးရဲ့ အခြေအနေ​လည်း အဲဒီလိုပဲ။

ဒီ​အချိန်မှာ ယေရှုရဲ့​စကားကို နားထောင်​နေတဲ့ အမျိုးသမီး​တစ်ယောက်က “ဆရာ့​ကို ဝမ်း​နဲ့​လွယ်​ပြီး နို့တိုက်​ခဲ့​တဲ့ မိခင်​ဟာ ပျော်ရွှင်​ချမ်းမြေ့​မှာ​ပဲ” လို့ အသံ​ကျယ်ကျယ်​နဲ့ ပြောတယ်။ ဂျူး​အမျိုးသမီးတွေဟာ ပရောဖက်​တစ်ယောက်ရဲ့​အမေ၊ အထူးသဖြင့် မေရှိယရဲ့​အမေ သိပ်​ဖြစ်ချင်​ကြ​တာ။ ဒါကြောင့် ဒီလောက်​တော်​တဲ့ ဆရာရဲ့ အမေ မာရိ​အနေနဲ့ အလွန် ပျော်ရွှင်​၀မ်း​မြောက်​မှာ​ပဲ​လို့ အဲဒီ အမျိုးသမီး​ထင်နေတာ ဖြစ်မယ်။ ဒါပေမဲ့ စစ်မှန်တဲ့ ပျော်ရွှင်မှုရဲ့ ရင်းမြစ်​နဲ့ပတ်သက်ပြီး ယေရှု​က “ဘုရားသခင်ရဲ့ တရားစကားကို ကြားနာ​ပြီး လိုက်လျှောက်တဲ့​သူဟာ ပိုပြီး ပျော်ရွှင်​ချမ်းမြေ့တယ်” လို့​ပြောပြီး အမျိုးသမီးကို တည့်မတ်​ပေးတယ်။ (လုကာ ၁၁:၂၇၊ ၂၈) မာရိ​ကို အထူး​ဂုဏ်တင်​ရမယ်လို့ ယေရှု​တစ်ခါ​မှ မပြောဖူး​ဘူး။ အမျိုးသား​ဖြစ်စေ၊ အမျိုးသမီး​ဖြစ်စေ ဘုရားရဲ့ သစ္စာရှိ​ကျေးကျွန်​ဖြစ်​မှသာ စစ်မှန်တဲ့​ပျော်ရွှင်မှု ခံစား​ရမှာ။ စစ်မှန်တဲ့ ပျော်ရွှင်မှု​ဆိုတာ တစ်ယောက်ယောက်နဲ့ ဆွေမျိုး​တော်စပ်​ခြင်း ဒါမှမဟုတ် အောင်မြင်ပြီး​မြောက်​မှု​တွေ ရှိ​ခြင်း​အပေါ် မ​မူတည်​ဘူး။

ဂါလိလဲ​နယ်​မှာ ယေရှု​ ဆုံးမခဲ့သလို အခုလည်း ဘုရားဆီက အံ့ဖွယ်​အမှု တစ်ခုလောက်​ပြပါ​လို့ တောင်းဆို​သူတွေကို ပြစ်တင်​ဆုံးမခဲ့​တယ်။ “ယောန​အံ့ဖွယ်အမှု” က​လွဲလို့ ဘယ်​အံ့ဖွယ်​အမှုကို​မှ သူတို့ မြင်ရ​မှာ မဟုတ်ဘူး​ဆိုပြီး ပြောတယ်။ ယောနဟာ ငါး​ဗိုက်​ထဲမှာ သုံးရက်​နေခဲ့တယ်၊ သူသတ္တိရှိရှိ ဟောပြောတဲ့​အတွက် နိနဝေ​မြို့သားတွေ နောင်တရ​ခဲ့​တယ်။ သူ​ကြုံခဲ့ရ​တာ​တွေဟာ အံ့ဖွယ်အမှု​ပါပဲ။ ဒါပေမဲ့ “အခု ဒီ​နေရာမှာ ယောန​ထက် ပို​ကြီးမြတ်တဲ့​သူ ရှိနေတယ်” လို့​ယေရှု​ပြောတယ်။ (လုကာ ၁၁:၂၉-၃၂) ရှောလမုန်​မင်း​အကြောင်းကိုလည်း ဆက်ပြောတယ်။ ရှေ​ဘ​ဘုရင်မ​ဟာ ရှောလမုန်​မင်းရဲ့ ပညာရှိ​စကားတွေကို နားထောင်ဖို့ အဝေးကြီး​ကနေ လာခဲ့တယ်။ ယေရှုဟာ ရှောလမုန်​ထက်​လည်း ပို​ကြီးမြတ်တယ်။

ဒီ​နောက် ယေရှု​က “မီးခွက်​ကို​ထွန်း​ပြီး ချောင်​ထဲမှာ ထား​လေ့​မရှိဘူး။ တောင်း​နဲ့ အုပ်​ထား​လေ့​မရှိဘူး။ အိမ်ထဲ​ဝင်​လာ​သူတွေ အလင်း​ရအောင် ဆီမီးတိုင်​ပေါ်မှာ တင်ထား​လေ့​ရှိတယ်” လို့​ဆက်ပြောတယ်။ (လုကာ ၁၁:၃၃) ဒီ​လူတွေ​ရှေ့မှာ အံ့ဖွယ်​အမှုတွေ လုပ်ပြ​တာ၊ သွန်သင်​တာ​ဟာ မီးခွက်​ကို အုပ်​ထားတာနဲ့ တူတယ်လို့ ယေရှု ဆိုလိုချင်တာ​ဖြစ်မယ်။ သူတို့​မျက်လုံးဟာ တစ်ခုတည်းကိုပဲ အာရုံမစိုက်​တဲ့​အတွက် ယေရှု​လုပ်တဲ့​လုပ်ငန်းရဲ့ ရည်ရွယ်ချက်​ကနေ လွဲသွား​ကြတယ်။

ယေရှု​က အခု​လေး​တင် နတ်ဆိုး​နှင်ထုတ်​ပေးပြီး ဆွံ့အ​သူ စကား​ပြော​နိုင်အောင် လုပ်ပေးခဲ့​ပြီးပြီ။ ဒီ​လုပ်ရပ်​အတွက် ယေဟောဝါ​ဘုရားကို ချီးမွမ်းသင့်တယ် မဟုတ်လား။ ဘုရားသခင် လုပ်ဆောင်​ပြီးမြောက်​နေတာ​တွေ​အကြောင်း တခြားသူကို ပြောပြသင့်တယ် မဟုတ်လား။ ဒါပေမဲ့ သူတို့က ယေရှုကို အပြစ်ရှာ​ကြတယ်။ ယေရှု အခုလို သတိပေး​တယ်– “ဒါကြောင့် ခင်ဗျားတို့ရဲ့ အလင်းဟာ အမှောင်​ဖြစ်​မသွားအောင် နိုးကြား​နေပါ။ အစိတ်အပိုင်း​တစ်ခု​မှ မ​မှောင်​ဘဲ လင်း​နေတဲ့ ကိုယ်ခန္ဓာ​ဟာ မီးခွက်​လင်း​နေသလို​မျိုး ထိန်​ထိန်လင်း​နေလိမ့်မယ်။”—လုကာ ၁၁:၃၅၊ ၃၆