အခန်း ၁၅
ဦးဆုံးအံ့ဖွယ်အမှု
-
ကာနမြို့က မင်္ဂလာပွဲ
-
ရေကို စပျစ်ဝိုင်အဖြစ် ပြောင်းပေး
ယေရှုရဲ့ ဦးဆုံးတပည့်အဝင်အဖြစ် နာသနေလကို ရွေးချယ်ပြီးတာ အခုဆို သုံးရက်လောက်ရှိပြီ။ ယေရှုနဲ့ ဦးဆုံးတပည့်တချို့ဟာ မြောက်ဘက်၊ သူတို့ရဲ့ဇာတိ ဂါလိလဲနယ်ကို သွားနေကြတယ်။ နာသနေလရဲ့ဇာတိ ကာနမြို့ကို သွားနေကြတာ။ ဒီမြို့ဟာ ယေရှုကြီးပြင်းခဲ့တဲ့ နာဇရက်မြို့ရဲ့ မြောက်ဘက် တောင်တန်းဒေသမှာ တည်ရှိတယ်။ ကာနမြို့မှာကျင်းပတဲ့ မင်္ဂလာပွဲတက်ဖို့ သူတို့ကို ဖိတ်ထားတယ်။
ယေရှုရဲ့မိခင်လည်း မင်္ဂလာပွဲကို လာတယ်။ မင်္ဂလာပွဲကျင်းပတဲ့ မိသားစုရဲ့ မိတ်ဆွေအနေနဲ့ မာရိလည်း ဧည့်သည်တွေကို ဝိုင်းပြီး ဧည့်ခံနေတယ်။ စပျစ်ဝိုင်ကုန်ခါနီးမှာ ယေရှုဆီ မာရိသွားပြီး “သူတို့မှာ ဝိုင်မရှိတော့ဘူး” လို့ပြောလိုက်တယ်။—ယောဟန် ၂:၃။
မာရိက ယေရှုကို တခုခုလုပ်ပေးစေချင်တယ်။ ဒါပေမဲ့ ယေရှုက “ကျွန်တော်တို့နဲ့ ဘာဆိုင်လို့လဲ” လို့ပြောလိုက်တယ်။ (ယောဟန် ၂:၄) ယေရှုဟာ ဘုရားခန့်အပ်ထားတဲ့ဘုရင်အနေနဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေ ညွှန်ကြားတဲ့အတိုင်းမဟုတ်ဘဲ ကောင်းကင်ဖခင်ရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ရမှာ ဖြစ်တယ်။ ဒီကိစ္စကို မာရိက သူ့သားလက်ထဲ အပ်ထားလိုက်ပြီး “သူပြောတဲ့အတိုင်း လုပ်ကြ” လို့ ဧည့်ခံတဲ့သူတွေကို ပြောတယ်။—ယောဟန် ၂:၅။
အဲဒီမှာ ကျောက်ရေအိုး ၆ လုံးရှိပြီး အိုးတစ်လုံးမှာ ရေ ၁၀ ဂါလံကျော်လောက် ဆံ့တယ်။ ယေရှုက ဧည့်ခံတဲ့သူတွေကို “ဒီအိုးတွေထဲ ရေဖြည့်ပါ” လို့ပြောတယ်။ အဲဒီနောက် “နည်းနည်း ခပ်ပြီး ပွဲအုပ်ဆီ ယူသွားလိုက်” လို့ပြောတယ်။—ယောဟန် ၂:၇၊ ၈။
ပွဲအုပ်က စပျစ်ဝိုင်ကို မြည်းကြည့်ပြီး ကြိုက်သွားတယ်။ ဒါပေမဲ့ အံ့ဖွယ်နည်းနဲ့ဖြစ်လာမှန်း မသိလိုက်ဘူး။ ဒါကြောင့် သတို့သားကို ခေါ်ပြီး “လူတွေက စပျစ်ဝိုင် အကောင်းစားကို အရင်ဆုံး တည်ခင်းပြီး ဧည့်သည်တွေ မူးတော့မှ အညံ့ကို တည်ခင်းတတ်ကြတယ်။ ခင်ဗျားကတော့ ဝိုင်အကောင်းစားကို အခုထိ ချန်ထားတာပဲ” လို့ပြောတယ်။—ယောဟန် ၂:၁၀။
ဒါက ယေရှုရဲ့ ဦးဆုံးအံ့ဖွယ်အမှုပဲ။ ဒီအံ့ဖွယ်အမှုကို တပည့်သစ်တွေ တွေ့ပြီး သူ့ကို ပိုယုံကြည်လာကြတယ်။ အဲဒီနောက် မိခင်၊ ညီတွေနဲ့အတူ ဂါလိလဲအိုင်ရဲ့ အနောက်မြောက်ဘက်ကမ်းခြေမှာရှိတဲ့ ကပေရနောင်မြို့ကို ဆင်းသွားတယ်။