အခန်း ၁၆
အသင်းတော်အမှုထမ်းတွေက ဘာတာဝန်တွေ ထမ်းဆောင်ကြသလဲ
အသင်းတော်တာဝန်တွေ ထမ်းဆောင်ကြတဲ့ ခရစ်ယာန်အမျိုးသားတွေကို “ကြီးကြပ်မှူးတွေ၊ အသင်းတော်အမှုထမ်းတွေ” ဆိုပြီး အုပ်စုနှစ်စုအနေနဲ့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဖိလိပ္ပိ ၁:၁) အများအားဖြင့် အသင်းတော်တိုင်းမှာ အကြီးအကဲတွေ၊ အသင်းတော်အမှုထမ်းတွေ ရှိကြတယ်။ အသင်းတော်အမှုထမ်းတွေက ကျွန်တော်တို့အကျိုးအတွက် ဘာတွေ လုပ်ဆောင်ကြသလဲ။
အကြီးအကဲအဖွဲ့ကို ကူညီပေးကြတယ်။ အသင်းတော်အမှုထမ်း ညီအစ်ကိုတွေဟာ ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိသူ၊ ယုံကြည်စိတ်ချရသူ၊ ဝတ္တရားကျေပွန်သူတွေ ဖြစ်ပြီး အသက်အရွယ်ကြီးသူရော၊ အသက်ငယ်သူတွေပါ ရှိကြတယ်။ သူတို့က အသင်းတော်နဲ့ ဝတ်ပြုရာခန်းမမှာ လိုအပ်တဲ့အရာတွေကို လုပ်ဆောင်ပေးကြတဲ့အတွက် အကြီးအကဲတွေဟာ သွန်သင်ခြင်းနဲ့ သိုးထိန်းခြင်းမှာ အာရုံစိုက်နိုင်ကြတယ်။
လိုအပ်တဲ့ လုပ်ဆောင်မှုတွေကို လုပ်ပေးကြတယ်။ တချို့အသင်းတော်အမှုထမ်းတွေက အစည်းအဝေး တက်ရောက်လာသူအားလုံးကို ကြိုဆိုတဲ့တာဝန် ရကြတယ်။ တချို့ကတော့ အသံချဲ့စက်၊ အသင်းတော် စာရင်းအင်း၊ စာအုပ်စာတမ်း ဖြန့်ဝေတဲ့၊ အမှုဆောင်ရပ်ကွက်ကို ကြီးကြပ်ပေးရတဲ့ တာဝန်တွေ ရကြတယ်။ ဝတ်ပြုရာခန်းမကို ပြုပြင်ထိန်းသိမ်းတဲ့နေရာမှာလည်း ကူညီကြတယ်။ သက်ကြီးရွယ်အိုတွေကို ကူညီပေးဖို့လည်း အကြီးအကဲတွေက သူတို့ကို တောင်းဆိုနိုင်တယ်။ အသင်းတော်အမှုထမ်းတွေဟာ ဘယ်တာဝန်ပဲရပါစေ လိုလိုလားလား လုပ်ဆောင်ကြတဲ့အတွက် သူတို့ရဲ့ ကြိုးစားလုပ်ဆောင်မှုနဲ့ တလိုတလား စိတ်ဓာတ်ကို အသင်းတော်အနေနဲ့ လေးစားကြတယ်။ —၁ တိမောသေ ၃:၁၃။
ခရစ်ယာန်အမျိုးသားတွေအဖြစ် စံနမူနာကောင်း ပြကြတယ်။ ခရစ်ယာန် အရည်အသွေးကောင်း ရှိတဲ့သူတွေကို အသင်းတော်အမှုထမ်းအဖြစ် ရွေးချယ်တယ်။ သူတို့တစ်တွေ အသင်းတော်အစည်းအဝေးတွေမှာ ပါဝင်တင်ဆက်ကြတဲ့အခါ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့စေကြတယ်။ ဟောပြောခြင်းလုပ်ငန်းမှာ ဦးဆောင်ခြင်းအားဖြင့် ကျွန်တော်တို့ကို စိတ်အားထက်သန်အောင် လှုံ့ဆော်ပေးကြတယ်။ သူတို့ရဲ့ ပူးပေါင်းလုပ်ဆောင်တတ်တဲ့ စိတ်ဓာတ်က ပျော်ရွှင်မှု၊ စည်းလုံးမှုကို တိုးများစေတယ်။ (ဧဖက် ၄:၁၆) နောက်ပိုင်းမှာ သူတို့လည်း အကြီးအကဲအဖြစ် ထမ်းဆောင်ဖို့ အရည်အချင်း ပြည့်မီလာနိုင်တယ်။
-
အသင်းတော်အမှုထမ်းတွေက ဘယ်လို လူမျိုးတွေလဲ။
-
အသင်းတော်လုပ်ငန်းတွေ အဆင်ပြေပြေ လည်ပတ်နိုင်ဖို့ အသင်းတော်အမှုထမ်းတွေ ဘယ်လို ကူညီကြသလဲ။