ရှင်သန်နေသောဂြိုဟ်
တိုက်ဆိုင်မှုများကြောင့်သာဟု တချို့ယူဆထားကြသော ဖြစ်ရပ်အချို့ မရှိဘဲ ကမ္ဘာပေါ်တွင် သက်ရှိများ လုံးဝ မရှိနိုင်ပါ၊ ယင်းတိုက်ဆိုင်မှုများထဲမှ အချို့ကို ၂၀ ရာစုအထိ အပြည့်အဝ နားမလည်ခဲ့ချေ။ ထိုတိုက်ဆိုင်မှုများတွင် အောက်ပါတို့ ပါဝင်သည်–
-
နဂါးငွေ့တန်း ဂလက်ဆီနှင့် နေအဖွဲ့အစည်းတွင် ကမ္ဘာကြီး၏တည်နေရာအပြင် ကမ္ဘာ့ပတ်လမ်း၊ တိမ်းစောင်းမှု၊ လည်ပတ်မှုအရှိန်နှင့် တစ်မူထူးခြားသော လ
-
သံလိုက်စက်ကွင်းနှင့် လေထုတည်းဟူသော အကာအရံနှစ်ထပ်
-
ကမ္ဘာ့လေထုနှင့် ရေထုကို သန့်စင်ပေးပြီး ကုန်ခန်းသွားရာများကို ပြန်လည်ဖြည့်တင်းပေးခြင်း
ဤအကြောင်းအရာများကို နောက်ဆောင်းပါးများတွင် သင်သုံးသပ်သည်နှင့်အမျှ ‘ကမ္ဘာ့သွင်ပြင်လက္ခဏာများသည် မတော်တဆတိုက်ဆိုင်၍ ဖြစ်ပေါ်လာခြင်းလော သို့မဟုတ် ရည်ရွယ်ချက်ရှိရှိပုံစံပြုထားခြင်းလော’ ဟု သင့်ကိုယ်သင် မေးကြည့်ပါလေ။
ပြည့်စုံကောင်းမွန်သော ကမ္ဘာ့ “တည်နေရာ”
သင့်လိပ်စာကို ချရေးသောအခါ အဘယ်အရာများ ပါဝင်မည်နည်း။ နိုင်ငံ၊ မြို့နှင့် လမ်းတို့ ပါဝင်ပေမည်။ နှိုင်းယှဉ်သည့်အနေနှင့် ကမ္ဘာ၏တည်နေရာ “နိုင်ငံ” ကို နဂါးငွေ့တန်း ဂလက်ဆီ၊ ကမ္ဘာ့ “မြို့” ကို နေနှင့် ဂြိုဟ်များပါဝင်သော နေအဖွဲ့အစည်း၊ ကမ္ဘာ့ “လမ်း” ကို နေအဖွဲ့အစည်းအတွင်း လှည့်ပတ်နေသော ကမ္ဘာ၏လမ်းကြောင်းဟု ဆိုကြပါစို့။ နက္ခတ္တဗေဒနှင့် ရူပဗေဒပညာရပ်များ၌ တိုးတက်လာမှုကြောင့် စကြဝဠာတွင် ကျွန်ုပ်တို့၏ထူးခြားသောနေရာသည် အကောင်းဆုံးအနေအထား၌ ရှိကြောင်း သိပ္ပံပညာရှင်များ နက်နက်ရှိုင်းရှိုင်း ထိုးထွင်းသိမြင်ခဲ့ကြသည်။
ကျွန်ုပ်တို့၏ “မြို့” သို့မဟုတ် နေအဖွဲ့အစည်းသည် နဂါးငွေ့တန်းဂလက်ဆီ၏ ဗဟိုနှင့် မနီးလွန်း၊ မဝေးလွန်းသည့် အသင့်တော်ဆုံးနေရာတွင် တည်ရှိသည်။ “သက်ရှိများနေထိုင်နိုင်သည့် ဇုန်” ဟု သိပ္ပံပညာရှင်များခေါ်သည့်နေရာတွင် အသက်ကိုထောက်ပံ့ပေးရန် လိုအပ်သော ဓာတုဒြပ်စင်များ တိကျစွာ ပါဝင်နေသည်။ အဆိုပါဒြပ်စင်များသည် ဂလက်ဆီ၏ ဗဟိုနှင့် ဝေးသောနေရာတွင် အလွန်ရှားပါးလှသည်။ ဂလက်ဆီ၏ ဗဟိုနှင့် နီးသောနေရာတွင်မူ သေစေနိုင်သော ဓာတ်ရောင်ခြည် အမြောက်အမြား ရှိနေသည့်အပြင် အခြားသောအကြောင်းရင်းများကြောင့် အန္တရာယ်များလှ၏။ “ကျွန်ုပ်တို့သည် အကောင်းဆုံးနေရာတွင် နေထိုင်ကြ၏” ဟု သိပ္ပံဆိုင်ရာမဂ္ဂဇင်းတစ်စောင် (Scientific American) ကဆိုသည်။1
စံပြ “လမ်း”– ကျွန်ုပ်တို့၏နေအဖွဲ့အစည်း “မြို့” အတွင်း ကမ္ဘာ့ “လမ်း” ဖြစ်သော ပတ်လမ်းကြောင်းသည် အကောင်းဆုံးဖြစ်၏။ နေမှ မိုင်ပေါင်း ၉၃ သန်းခန့်ဝေးသော ယင်းပတ်လမ်းကြောင်းသည် သက်ရှိများအတွက် မပူလွန်း၊ မအေးလွန်းသည့်နေရာတွင်ရှိသည့်အတွက် ယင်းလမ်းကြောင်းသည် သက်ရှိများရှင်သန်နိုင်သော ကန့်သတ်ဇုန်အတွင်း တည်ရှိ၏။ ထို့ပြင် ကမ္ဘာ့ပတ်လမ်းကြောင်းသည် စက်ဝိုင်းပုံနီးပါးရှိပြီး တစ်နှစ်ပတ်လုံး နေမှ အကွာအဝေး တူညီလုနီးပါးရှိနေသည်။
တစ်ချိန်တည်းတွင် နေသည် အကောင်းဆုံး “စွမ်းအင်ရင်းမြစ်” ဖြစ်၏။ ယင်းသည် တည်ငြိမ်ပြီး အရွယ်အစားအနေတော်ဖြစ်ကာ စွမ်းအင်ပမာဏအနေတော် ထုတ်လွှတ်ပေး၏။ အကြောင်းကောင်းရှိ၍ နေကို “အလွန်ထူးခြားသောကြယ်တစ်လုံး” ဟု တော်မှန်စွာ ခေါ်ဆိုခဲ့ကြသည်။2
အကောင်းဆုံး “အိမ်နီးချင်း”– သင်သည် ကမ္ဘာမြေအတွက် “အိမ်နီးချင်း” တစ်ဦးကို ရွေးချယ်ပေးရမည်ဆိုလျှင် လမှတစ်ပါး အခြားရွေးချယ်စရာ ရှိနိုင်မည်မဟုတ်ချေ။ လ၏အချင်းသည် ကမ္ဘာ့အချင်း၏ လေးပုံတစ်ပုံကျော်ကျော် ရှိသည်။ ထို့ကြောင့်
ကျွန်ုပ်တို့၏ နေအဖွဲ့အစည်းရှိ အခြားလများနှင့် နှိုင်းယှဉ်သည့်အခါ ကျွန်ုပ်တို့၏ဂြိုဟ်ရံလသည် အလွန်ကြီးမားနေသည်။ ယင်းသည် တိုက်ဆိုင်မှုမျှသာလော။ တိုက်ဆိုင်မှုမျှသာ ဖြစ်ပုံမရပါ။အကြောင်းရင်းတစ်ရပ်မှာ လသည် ဒီရေအတက်အကျကို အဓိကဖြစ်ပေါ်စေပြီး ကမ္ဘာ့ဂေဟစနစ်တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်။ ထို့ပြင် လသည် ကမ္ဘာ၏ဝင်ရိုးကို တည်ငြိမ်စေသည်။ အံဝင်ခွင်ကျဖြစ်သော လသာမရှိပါက ကျွန်ုပ်တို့၏ကမ္ဘာသည် ဂျင်ကဲ့သို့ ဘယ်ညာယိမ်းထိုး၍ ကျွမ်းထိုးမှောက်ခုံပင် ဖြစ်သွားနိုင်သည်။ ယင်းကြောင့် ရာသီဥတု၊ ဒီရေနှင့် အခြားသော အပြောင်းအလဲများက ကပ်ဘေးကြီးသင့်စေနိုင်သည်။
ကမ္ဘာ့အကောင်းဆုံး တိမ်းစောင်းမှုနှင့် လည်နေမှု– ကမ္ဘာသည် ၂၃.၄ ဒီဂရီခန့် တိမ်းစောင်းနေသည့်အတွက် ရာသီဥတုစက်ဝန်းကို နှစ်စဉ်တစ်ပတ်လည်စေပြီး အပူချိန်အသင့်အတင့်ရှိကာ ရာသီဥတုဇုန်များ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေ၏။ “ကျွန်ုပ်တို့ကမ္ဘာ၏ တိမ်းစောင်းနေသောဝင်ရိုးသည် သက်ရှိအတွက် အသင့်တော်ဆုံး အနေအထားတွင် ရှိပုံရသည်” ဟုသိပ္ပံဆိုင်ရာ စာအုပ်တစ်အုပ် (Rare Earth—Why Complex Life Is Uncommon in the Universe ) ကဆို၏။3
ကမ္ဘာကြီးလည်နေသည့်အတွက် နေ့နှင့်ည၏ အချိန်တာမှာလည်း “အသင့်တော်ဆုံး” ဖြစ်နေသည်။ အကယ်၍ ကမ္ဘာ့လည်နှုန်းသည် သိသိသာသာ နှေးနေသည်ဆိုလျှင် နေ့တာပို၍ ရှည်မည်ဖြစ်ပြီး နေဘက်ကို မျက်နှာမူနေသော ကမ္ဘာ့တစ်ဖက်ခြမ်းသည် အလွန်ပူပြင်းနေပြီး အခြားတစ်ဖက်ခြမ်းတွင်မူ အေးခဲနေပေမည်။ ဆန့်ကျင်ဘက်အနေနှင့် ကမ္ဘာသည် မြန်ဆန်စွာလည်နေပါက နေ့တာတိုသွားမည်ဖြစ်ပြီး နာရီအနည်းငယ်လောက်သာ ရှိတော့မည်ဖြစ်ကာ ကမ္ဘာ့မြန်ဆန်သောလည်နှုန်းက ပြင်းထန်သော လေတိုက်နှုန်းနှင့် အခြားထိခိုက်စေသော ဆိုးကျိုးများကို ဖြစ်ပေါ်စေပေမည်။
ကမ္ဘာ့အကာအရံများ
အာကာသသည် သေစေနိုင်သော ရောင်ခြည်များ ဖြာထွက်လာလေ့ရှိပြီး ဥက္ကာခဲများ ပြည့်နှက်နေသည့် အန္တရာယ်ရှိသော နေရာတစ်နေရာဖြစ်၏။ သို့တိုင် ကျွန်ုပ်တို့နေထိုင်ရာ အပြာရောင်ကမ္ဘာဂြိုဟ်သည် ယင်းတို့၏ ပစ်မှတ်တစ်ခုဖြစ်သော်လည်း ထိခိုက်ပျက်စီးခြင်းမရှိချေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ကမ္ဘာကို အံ့ဖွယ်အကာအရံများဖြစ်သော အားကောင်းသောသံလိုက်စက်ကွင်းတစ်ခုနှင့် အထူးပုံစံပြုထားသည့် လေထုတို့က ကာကွယ်ပေးထားသောကြောင့်ဖြစ်၏။
ကမ္ဘာ့သံလိုက် စက်ကွင်း– ကမ္ဘာ့အလယ်ဗဟိုတွင် သံရည်ပူလုံးလည်ပတ်နေပြီး ယင်းက အာကာသအထိရောက်သော ကြီးမားပြီးအားကောင်းသည့် သံလိုက်စက်ကွင်းကိုဖြစ်ပေါ်စေသည်။ ယင်းအကာအရံသည် အာကာသမှလာသော အလွန်အားပြင်းသည့် ဖြာထွက်ရောင်ခြည်နှင့် နေမှထုတ်လွှတ်နေသော သေစေနိုင်လောက်သည့် စွမ်းအားများမှ ကာကွယ်ပေးသည်။ ယင်းစွမ်းအားများတွင် နေမှအမြဲထုတ်လွှတ်လျက်ရှိသည့် လျှပ်စစ်မြူမှုန် (solarwind)၊ ဘီလီယံနှင့်ချီသော ဟိုက်ဒရိုဂျင်ဗုံးများတမျှ များပြားလှသည့် စွမ်းအင်များကို မိနစ်ပိုင်းအတွင်း ထုတ်လွှတ်ပေးနေသည့် နေမီးလျှံများနှင့် နေ၏အပြင်ဘက်ဆုံးအပိုင်း သို့မဟုတ် ကိုရိုနာအတွင်း ပေါက်ကွဲမှုများက တန်ချိန်ဘီလီယံနှင့်ချီသော ဒြပ်ဝတ္ထုများကို အာကာသထဲသို့ မှုတ်ထုတ်ခြင်းတို့ ပါဝင်သည်။ ကမ္ဘာ့သံလိုက်စက်ကွင်းမှရရှိသောကာကွယ်မှုကို သတိရစေသည့် ရောင်စုံအလင်းတန်းများကို သင်မြင်တွေ့နိုင်သည်။ နေမီးလျှံများနှင့် ပေါက်ကွဲမှုများက အလွန်တောက်ပသော ရောင်စုံအလင်းတန်းများကိုဖြစ်ပေါ်စေပြီး ယင်းရောင်စုံအလင်းတန်းများကို ကမ္ဘာ့သံလိုက်ဝင်ရိုးစွန်းများအနီးရှိ အထက်လေထုတွင် မြင်တွေ့ရ၏။
ကမ္ဘာ့လေထု– လွှမ်းခြုံထားသောဤဓာတ်ငွေ့များက ကျွန်ုပ်တို့ကို အသက်ရှူစေနိုင်ရုံမျှမက ထပ်ဆင့်ကာကွယ်မှုပေး၏။ လေထု၏ အပြင်ဘက်အလွှာတစ်လွှာဖြစ်သည့် အိုဇုန်းဟုခေါ်သော အောက်ဆီဂျင်ပုံစံတစ်မျိုးပါဝင်သည့် အထက်လေထု (stratosphere) က ဝင်ရောက်လာသော ခရမ်းလွန်ရောင်ခြည် ၉၉ ရာခိုင်နှုန်းအထိကို စုပ်ယူသည်။ ထို့ကြောင့် လူသားများနှင့် အောက်ဆီဂျင်များစွာထုတ်ပေးသည့်အပင်မျှောလှေးများအပါအဝင် သက်ရှိများစွာကို အန္တရာယ်ရှိသောရောင်ခြည်များမှ အိုဇုန်းလွှာက ကာကွယ်ပေးသည်။ အထက်လေထုအိုဇုန်းလွှာပမာဏသည် တစ်သမတ်တည်းမရှိပါ။ ယင်းအစား ခရမ်းလွန်ရောင်ခြည်လွန်ကဲမှုပေါ်မူတည်၍ ပြောင်းလဲ၏။ ထို့ကြောင့် အိုဇုန်းလွှာသည် အလွန်အစွမ်းထက်၍ အကျိုးဖြစ်ထွန်းသော အကာအရံတစ်ခုဖြစ်၏။
ထို့ပြင် လေထုသည် နေ့စဉ် အာကာသမှ တရစပ်ကျရောက်လာသည့် အလွန်သေးငယ်သောအမှုန်များမှသည် ကျောက်တုံးကြီးများအထိ အရွယ်အစားအမျိုးမျိုးရှိသော အပိုင်းအစ သန်းပေါင်းများစွာမှလည်း ကျွန်ုပ်တို့ကို ကာကွယ်ပေး၏။ ယင်းအပိုင်းအစအများစုသည် လေထုထဲတွင် ကျွမ်းလောင်သွားကာ ကြယ်ပျံများဟုခေါ်သော လင်းလက်တောက်ပသည့် အလင်းရောင်များဖြစ်ပေါ်လာသည်။ သို့သော် ကမ္ဘာ့အကာအရံများသည် သက်ရှိတို့အတွက် မရှိမဖြစ်လိုအပ်သော အပူနှင့် မြင်နိုင်သောအလင်းရောင်များကို မတားဆီးပေးပါ။ လေထုသည် အပူကို ကမ္ဘာတစ်ခွင် ပျံ့နှံ့စေသည့်အပြင် ညအချိန်တွင် စောင်တစ်ထည်ကဲ့သို့ အပူထွက်သွားမှုကို နှေးကွေးစေသည်။
ကမ္ဘာ့လေထုနှင့် သံလိုက်စက်ကွင်းသည် အမှန်ပင် ယနေ့ထိတိုင် အပြည့်အဝနားမလည်သေးသော အံ့ဖွယ်ရာများဖြစ်ကြသည်။ ကမ္ဘာပေါ်ရှိသက်ရှိများကိုထောက်ပံ့ပေးသည့် သံသရာများနှင့်ပတ်သက်၍လည်း ထပ်တူပင် ပြောဆိုနိုင်ပါသည်။
အစွမ်းထက်သော အကာအရံနှစ်ခုအားဖြင့် ကျွန်ုပ်တို့၏ ကမ္ဘာဂြိုဟ်ကို ကာကွယ်ထားခြင်းသည် တိုက်ဆိုင်မှုကြောင့်သာလော။
သက်ရှိအတွက် သံသရာများ
အကယ်၍ မြို့တစ်မြို့သည် လေကောင်းလေသန့်နှင့် ရေပြတ်လပ်သွားပြီး မိလ္လာစနစ်များ ပိတ်ဆို့သွားမည်ဆိုပါက မကြာမီ ရောဂါနှင့်သေဆုံးမှုတို့ လိုက်ပါလာပေမည်။ သို့သော် ဤအချက်ကိုစဉ်းစားကြည့်ပါ– ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်သည် အစားအစာနှင့်ရိက္ခာအသစ်များကို ပြင်ပမှတင်သွင်းပြီး အမှိုက်သရိုက်များကို စွန့်ပစ်ရသည့်စားသောက်ဆိုင်တစ်ဆိုင်နှင့်မတူပါ။ ကျွန်ုပ်တို့မှီခိုနေသည့် လေကောင်းလေသန့်နှင့်ရေတို့သည် အာကာသဟင်းလင်းပြင်မှ တင်သွင်းခြင်းမဟုတ်သကဲ့သို့ စွန့်ပစ်ပစ္စည်းများကိုလည်း အာကာသထဲသို့ မတင်ပို့ချေ။ သို့ဖြစ်၍ ကမ္ဘာသည် မည်သို့သင့်တင့်ကောင်းမွန်နေပြီး သက်ရှိများအတွက် သင့်လျော်သည့်နေထိုင်ရာ မည်သို့ဖြစ်သနည်း။ အဖြေမှာ ဤတွင် ရိုးရိုးရှင်းရှင်း ဖော်ပြထားသည့် သဘာဝသံသရာများဖြစ်သော ရေ၊ ကာဗွန်၊ အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်သံသရာများကြောင့်ဖြစ်၏။
ရေသံသရာ– ရေသည် အသက်အတွက်မရှိမဖြစ်လိုအပ်သည်။ ရေမရှိဘဲ ရက်အနည်းငယ်ထက်ပို၍ ကျွန်ုပ်တို့တစ်ဦးမျှ အသက်မရှင်နိုင်ပါ။ ရေသံသရာက ကမ္ဘာဂြိုဟ်ပတ်ပတ်လည်တွင် ရေချို၊ ရေသန့်ရရှိစေသည်။ ယင်းသံသရာတွင် အဆင့်သုံးဆင့်ပါဝင်၏။ (၁) နေစွမ်းအင်သည် ရေကို အငွေ့ ပြန်စေခြင်းဖြင့် လေထုထဲသို့ရောက်စေသည်။ (၂) ထိုသန့်စင်ထားသောရေသည် ငွေ့ရည်ဖွဲ့ကာ တိမ်များဖြစ်လာသည်။ (၃) တစ်ဖန် တိမ်များမှ မိုး၊ မိုးသီး၊ မိုးနှင်းများ ဖွဲ့စည်းဖြစ်ပေါ်ကာ မြေပေါ်သို့ ကျရောက်ပြီး နောက်တစ်ကြိမ် ရေငွေ့ပြန်ရန် အသင့်ဖြစ်ခြင်းအားဖြင့် သံသရာကို ပြည့်စုံစေ၏။ ဤနည်းဖြင့် နှစ်စဉ် ရေမည်မျှကို ပြန်လည်အသုံးချခဲ့သနည်း။ ခန့်မှန်းချက်များအရ ကမ္ဘာမြေတစ်ပြင်လုံးကို နှစ်ပေခွဲကျော် အထိ ဖုံးလွှမ်းသွားနိုင်လောက်အောင် များပြားသည့်ရေကို အသုံးချခဲ့သည်။၄
ကာဗွန်နှင့် အောက်ဆီဂျင်သံသရာများ– သင်သိသည့်အတိုင်း အသက်ရှင်နိုင်ရန် အောက်ဆီဂျင်ကို ရှူသွင်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရှူထုတ်ရန် လိုအပ်သည်။ သို့သော် မရေမတွက်နိုင်သော လူသားများနှင့်တိရစ္ဆာန်များစွာသည် ယင်းသို့အသက်ရှူကြသော်လည်း အဘယ်ကြောင့် ကျွန်ုပ်တို့၏လေထုသည် အောက်ဆီဂျင် ကုန်သွားပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် များလွန်းသည်ဟူ၍ တစ်ခါမျှမရှိသနည်း။ အောက်ဆီဂျင်သံသရာက အဖြေပေးပါသည်။ (၁) အလင်းမှီစုဖွဲ့ ခြင်းဟုခေါ်သော အံ့ဖွယ်ဖြစ်စဉ်တွင် အပင်များသည် ကျွန်ုပ်တို့ရှူထုတ်လိုက်သော ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး နေစွမ်းအင်နှင့် ယင်းကာဗွန်ဒိုင်အောက်ဆိုဒ်ကို အသုံးပြုကာ ကာဗိုဟိုက်ဒြိတ်နှင့် အောက်ဆီဂျင်ကို ထုတ်လုပ်ပေးသည်။ (၂) အောက်ဆီဂျင်ကို ကျွန်ုပ်တို့ ရှူသွင်းသောအခါ ယင်းသံသရာ ပြည့်စုံသွားသည်။ အပင်များ၏ ကာဗိုဟိုက်ဒြိတ်ထုတ်လုပ်မှုနှင့် ရှူသွင်းနိုင်သောလေကို ထုတ်လုပ်သည့်ဖြစ်စဉ် အားလုံးသည် စင်ကြယ်စွာ၊ ကျွမ်းကျင်စွာနှင့် တိတ်ဆိတ်စွာ ဖြစ်ပျက်သည်။
နိုက်ထရိုဂျင်သံသရာ– ကမ္ဘာပေါ်မှသက်ရှိများသည် ပရိုတင်းကဲ့သို့သော အော်ဂဲနစ်မော်လီကျူးများ ထုတ်လုပ်မှုအပေါ်လည်း မှီခိုနေရသည်။ (က) ထိုမော်လီကျူးများ ထုတ်လုပ်ရန် နိုက်ထရိုဂျင် လိုအပ်၏။ ဝမ်းသာစရာမှာ ကျွန်ုပ်တို့လေထု၏ ၇၈ ရာခိုင်နှုန်းခန့်သည် ထိုဓာတ်ငွေ့ ဖြင့် ဖွဲ့စည်းထားသည်။ လျှပ်စီးသည် နိုက်ထရိုဂျင်ဓာတ်ကို အပင်များစုပ်ယူနိုင်သည့် ဒြပ်ပေါင်းအဖြစ် ပြောင်းလဲပေးသည်။ (ခ) ထို့နောက် အပင်များက ယင်းဒြပ်ပေါင်းများကို အော်ဂဲနစ်မော်လီကျူးများအဖြစ်သို့ ပေါင်းစပ်လိုက်သည်။ ထို့ကြောင့် ဤအပင်များကို စားသုံးသော တိရစ္ဆာန်များသည်လည်း နိုက်ထရိုဂျင်ကို ရရှိသည်။ (ဂ) နောက်ဆုံးအနေနှင့် အပင်နှင့်တိရစ္ဆာန်တို့ သေဆုံးသောအခါ ၎င်းတို့ထဲတွင်ရှိသော နိုက်ထရိုဂျင်ဒြပ်ပေါင်းများကို ဘက်တီးရီးယားများက ဖြိုခွဲလိုက်သည်။ ဆွေးမြည့်ပျက်စီးခြင်းဆိုင်ရာ ယင်းဖြစ်စဉ်က နိုက်ထရိုဂျင်ကို မြေဆီလွှာနှင့် လေထုထဲသို့ ပြန်လည်ထုတ်လွှတ်ပေးကာ သံသရာလည်ခြင်းကို ပြည့်စုံစေသည်။
အလွန်ကောင်းမွန်သော ပြန်လည်အသုံးချမှု
လူသားတို့သည် အဆင့်မြင့်နည်းပညာ ရှိရှိသမျှဖြင့် ပြန်လည်အသုံးချ၍ မရသည့် အဆိပ်အတောက်ဖြစ်စေသော စွန့်ပစ်ပစ္စည်း တန်ချိန်ပေါင်းများစွာကို နှစ်စဉ် ထုတ်လုပ်ကြသည်။ သို့သော် ကမ္ဘာသည် အကြံပိုင်သည့် ဓာတုအင်ဂျင်နီယာ နည်းပညာကို အသုံးပြု၍ စွန့်ပစ်ပစ္စည်းရှိရှိသမျှကို အလွန်ကောင်းမွန်စွာ ပြန်လည်အသုံးချသည်။
ကမ္ဘာ၏ ပြန်လည်အသုံးချစနစ် မည်သို့ ဖြစ်ပေါ်လာသည်ဟု သင်ထင်သနည်း။ “ကမ္ဘာ့ဂေဟစနစ်သည် အမှန်ပင် မတော်တဆမှုကြောင့်သာ ဖြစ်ပေါ်လာသည်ဆိုလျှင် အလွန်ကောင်းမွန်သည့် ဝန်းကျင်ဆိုင်ရာ သဟဇာတဖြစ်မှုဟူ၍ မဖြစ်လာနိုင်ပါ” ဟု ဘာသာတရားနှင့် သိပ္ပံ စာရေးဆရာ အမ်. အေ. ကိုရေးက ဆို၏။၅ သူ၏ကောက်ချက်ကို သင်သဘောတူပါသလော။