မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

 အပိုင်း ၁၇

ဘုရားသခင်၏နိုင်ငံတော်အကြောင်း ယေရှု သွန်သင်

ဘုရားသခင်၏နိုင်ငံတော်အကြောင်း ယေရှု သွန်သင်

ယေရှုသည် တပည့်များကို အရာများစွာအကြောင်း သွန်သင်ပေးသော်လည်း အဓိကအကြောင်းအရာ တစ်ခုကိုသာ အလေးပေးသည်။ ယင်းမှာ ဘုရားသခင့်နိုင်ငံတော်ဖြစ်သည်

မြေကြီးပေါ်တွင် ယေရှု၏တာဝန်မှာ အဘယ်နည်း။ “ဘုရားသခင်၏နိုင်ငံတော် သတင်းကောင်းကို . . . ငါဟောပြောရမည်။ ထိုအကြောင်းကြောင့် ငါ့ကိုစေလွှတ်တော်မူ၏” ဟုကိုယ်တိုင်မိန့်ဆိုခဲ့သည်။ (လုကာ ၄:၄၃) ကိုယ်တော့်ဟောပြောခြင်းလုပ်ငန်း၏ အဓိကအကြောင်းအရာဖြစ်သော ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်၍ ယေရှုသွန်သင်ပေးခဲ့သည့် အချက်လေးချက်အကြောင်း သုံးသပ်ကြည့်ပါ။

၁။ ယေရှုသည် ဘုရားသခင့်နိုင်ငံတော်၏ဘုရင်ဖြစ်မည်။ မိမိသည် ကြိုဟောထားသောမေရှိယဖြစ်ကြောင်း ယေရှု တိုက်ရိုက်မိန့်ဆိုခဲ့သည်။ (ယောဟန် ၄:၂၅၊ ၂၆) မိမိသည် စိတ်အာရုံတွင် ပရောဖက်ဒံယေလမြင်တွေ့ခဲ့သော ဘုရင်ဖြစ်ကြောင်းလည်း ကိုယ်တော်ဖော်ပြသည်။ ယေရှုက တမန်တော်များအား မိမိသည် တစ်နေ့တွင် ဘုရင်အဖြစ်စိုးစံမည်ဖြစ်ပြီး သူတို့လည်း ထိုသို့ပင်စိုးစံရမည်ဟု မိန့်ဆိုခဲ့သည်။ (မဿဲ ၁၉:၂၈) အုပ်စိုးမည့်ထိုအုပ်စုကို ကိုယ်တော်က “သိုးစုငယ်” ဟုခေါ်ပြီး မိမိတွင် ထိုအုပ်စုဝင်မဟုတ်သည့် “အခြားသိုး” များလည်းရှိကြောင်း ဖော်ပြသည်။—လုကာ ၁၂:၃၂; ယောဟန် ၁၀:၁၆

၂။ ဘုရားသခင့်နိုင်ငံတော်သည် စစ်မှန်သောတရားမျှတမှု ရှိစေမည်။ ဘုရားသခင့်နိုင်ငံတော်သည် ယေဟောဝါဘုရားသခင်၏နာမတော်ကို သန့်ရှင်းမြင့်မြတ်စေခြင်းနှင့် ဧဒင်တွင် ပုန်ကန်မှုဖြစ်ချိန်မှစ၍ နာမတော်အပေါ် စာတန်၏ကဲ့ရဲ့ရှုတ်ချမှုအားလုံးကို သန့်စင်ပေးခြင်းဖြင့် အကြီးမားဆုံးမတရားမှုကို ဖယ်ရှားပစ်မည်ဖြစ်ကြောင်း ယေရှုဖော်ပြသည်။ (မဿဲ ၆:၉၊ ၁၀) ကျားမ,မရွေး၊ ဆင်းရဲချမ်းသာမရွေးကို အဆင့်အတန်းမခွဲခြားဘဲ နေ့စဉ်သွန်သင်ခြင်းဖြင့် မျက်နှာမလိုက်မှုကိုလည်း ယေရှုတင်ပြခဲ့သည်။ ကိုယ်တော်၏တာဝန်မှာ အဓိကအားဖြင့် အစ္စရေးလူတို့ကို သွန်သင်ပေးရန်ဖြစ်သော်လည်း ရှမာရိလူမျိုးနှင့် တစ်ပါးအမျိုးသားများ သို့မဟုတ် ဂျူးမဟုတ်သူများကိုပါ ကိုယ်တော်ကူညီပေးခဲ့သည်။ ကိုယ်တော့်ခေတ်မှ ဘာသာရေးခေါင်းဆောင်များနှင့်မတူဘဲ ကိုယ်တော့်တွင် ဘက်လိုက်မှု သို့မဟုတ် မျက်နှာလိုက်မှု စိုးစဉ်းမျှပင်မရှိပါ။

၃။ ဘုရားသခင့်နိုင်ငံတော်သည် ဤလောကနှင့်မသက်ဆိုင်ပါ။ နိုင်ငံရေးမတည်မငြိမ်ဖြစ်နေချိန်တွင် ယေရှုအသက်ရှင်ခဲ့သည်။ ကိုယ်တော်၏အမိမြေမှာ တိုင်းတစ်ပါးသားတို့လက်အောက် ကျရောက်နေသည်။ သို့သော် လူတို့သည် ယေရှုအား ထိုခေတ်ရှိ နိုင်ငံရေးတွင်ပါဝင်ပတ်သက်လာရန် ကြိုးပမ်းချိန်တွင် ကိုယ်တော်တိမ်းရှောင်ခဲ့သည်။ (ယောဟန် ၆:၁၄၊ ၁၅) “ငါ၏နိုင်ငံသည် ဤလောကနှင့် မသက်ဆိုင်” ဟုနိုင်ငံရေးသမားတစ်ဦးကို ကိုယ်တော်ပြောဆိုခဲ့သည်။ (ယောဟန် ၁၈:၃၆) မိမိနောက်လိုက်များကိုလည်း “သင်တို့သည် ဤလောကနှင့်မသက်ဆိုင်” ဟုမိန့်ဆိုခဲ့သည်။ (ယောဟန် ၁၅:၁၉) မိမိကိုကာကွယ်ပေးရန် သူတို့ စစ်လက်နက်များအသုံးပြုခြင်းကိုပင် ကိုယ်တော်ခွင့်မပြုခဲ့ပါ။—မဿဲ ၂၆:၅၁၊ ၅၂

“ကိုယ်တော်သည် . . . တစ်ရွာမှတစ်ရွာ လှည့်လည်၍ ဘုရားသခင်၏နိုင်ငံတော် သတင်းကောင်းကို ဟောပြောတော်မူ၏။”​—လုကာ ၈:၁

၄။ ခရစ်တော်၏အုပ်ချုပ်မှုသည် မေတ္တာပေါ်အခြေပြုပါလိမ့်မည်။ ယေရှုက မိမိသည် လူတို့ကိုလန်းဆန်းစေကာ သူတို့၏ဝန်များကို ပေါ့စေမည်ဟု ကတိပြုခဲ့သည်။ (မဿဲ ၁၁:၂၈-၃၀) မိမိစကားနှင့်အညီ ကိုယ်တော်အသက်ရှင်ခဲ့သည်။ စိုးရိမ်ပူပန်မှုကို ရင်ဆိုင်ဖြေရှင်းခြင်း၊ ဆက်ဆံရေးများကို တိုးတက်စေခြင်း၊ ရုပ်ပစ္စည်းတပ်မက်မှုကို တိုက်လှန်ခြင်း၊ ပျော်ရွှင်မှုရှာဖွေခြင်းတို့နှင့်ပတ်သက်၍ မေတ္တာပါသော၊ လက်တွေ့ကျသောအကြံဉာဏ်များ ကိုယ်တော်ပေးခဲ့သည်။ (မဿဲအခန်းကြီး ၅-၇) လူတို့ကို ကိုယ်တော်မေတ္တာပြသောကြောင့် ဘဝအဆင့်အတန်းမျိုးစုံမှလူတို့သည် ကိုယ်တော့်ထံချဉ်းကပ်ရန် မဝံ့မရဲမဖြစ်ကြချေ။ အဖိနှိပ်ခံရဆုံးသူများပင် မိမိတို့ကို ယေရှု ကြင်နာစွာ၊ သိက္ခာရှိစွာဆက်ဆံမည်ကို ယုံကြည်လျက် ကိုယ်တော့်ထံချဉ်းကပ်ကြသည်။ အင်မတန်ကောင်းမွန်လှသော ဘုရင်ပင်။

အလွန်တန်ခိုးပါသည့် နောက်တစ်နည်းဖြင့်လည်း ဘုရားသခင့်နိုင်ငံတော်အကြောင်း ယေရှုသွန်သင်ပေးခဲ့သည်။ ကိုယ်တော်သည် အံ့ဖွယ်အမှုများစွာကို ပြုလုပ်ခဲ့သည်။ ယင်းတို့ကို အဘယ်ကြောင့်ပြုလုပ်ရသနည်း။ ကြည့်ကြစို့။

မဿဲမာကုလုကာနှင့်ယောဟန်ကျမ်းကို အခြေခံသည်။