မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

 အပိုင်း ၆

ယောဘ သမာဓိစောင့်ထိန်း

ယောဘ သမာဓိစောင့်ထိန်း

စာတန်သည် ဘုရားသခင်အပေါ် ယောဘ၏သမာဓိရှိမှုကို စိန်ခေါ်သည်၊ သို့သော် ယောဘသည် ယေဟောဝါကို ဆက်၍သစ္စာရှိသည်

လူသားတို့သည် အဆုံးစွန်အထိ စမ်းသပ်ခံရလျှင်၊ ဘုရားသခင်ကိုနာခံသည့်အတွက် ရုပ်ပစ္စည်းအကျိုးအမြတ်များ မရတော့ပုံပေါက်လျှင် ကိုယ်တော့်အပေါ် ဆက်လက်သစ္စာရှိနိုင်ပါမည်လော။ ထိုမေးခွန်းနှင့်ယင်း၏အဖြေသည် ယောဘအမည်ရှိသော လူတစ်ဦးနှင့်ပတ်သက်နေသည်။

အစ္စရေးလူမျိုးသည် အီဂျစ်ပြည်၌ရှိနေဆဲဖြစ်ပြီး အာဗြဟံ၏ဆွေမျိုးတစ်ဦးဖြစ်သူ ယောဘမှာမူ ယခု အာရေဗျကျွန်းဆွယ်ဟုခေါ်သောဒေသတွင် နေထိုင်လျက်ရှိသည်။ ထိုအချိန်တွင် ကောင်းကင်၌ ကောင်းကင်တမန်များသည် ဘုရားသခင့်ရှေ့တော်သို့ စုဝေးရောက်ရှိလာစဉ် ပုန်ကန်သူစာတန်လည်း သူတို့နှင့်အတူ ရောက်လာ၏။ ယေဟောဝါသည် တည်ကြည်သောကျေးကျွန် ယောဘကို ယုံကြည်စိတ်ချကြောင်း ကောင်းကင်တမန်ပရိသတ်ကြီးရှေ့တွင် ထုတ်ဖော်ပြောလေသည်။ အခြားမည်သည့်လူသားမျှ ယောဘနည်းတူ သမာဓိမရှိဟုပင် ယေဟောဝါပြောခဲ့သည်။ သို့သော် ဘုရားသခင်သည် ယောဘကို ကောင်းချီးပေးကာ ကာကွယ်စောင့်မသောကြောင့်သာ ကိုယ်တော့်ကို ယောဘဝတ်ပြုကိုးကွယ်နေခြင်းဖြစ်သည်ဟု စာတန်အခိုင်အမာစွပ်စွဲခဲ့သည်။ ထို့ပြင် ယောဘ၏ပိုင်ဆိုင်ရာအားလုံးကို ရုပ်သိမ်းလိုက်ပါက သူသည် ဘုရားသခင်ကို ကျိန်ဆဲပါလိမ့်မည်ဟု စာတန်ပြောခဲ့သည်။

သို့နှင့် ဘုရားသခင်သည် ဦးစွာ ယောဘ၏ဥစ္စာပစ္စည်းများနှင့် သားသမီးများဆုံးရှုံးအောင်၊ ထို့နောက် သူ၏ကျန်းမာရေးကို ထိခိုက်အောင်လုပ်ဖို့ စာတန်ကို အခွင့်ပေးခဲ့သည်။ ယောဘသည် ထိုကိစ္စရပ်တစ်ခုလုံးတွင် စာတန်ပါဝင်ပတ်သက်နေသည်ကို မသိသဖြင့် ဤစမ်းသပ်မှုများနှင့် တွေ့ကြုံစေရန် ဘုရားသခင် အဘယ်ကြောင့် ခွင့်ပြုကြောင်း နားမလည်နိုင်ခဲ့ချေ။ သို့သော် ယောဘသည် ဘုရားသခင်ကို လုံးဝမစွန့်ခွာခဲ့ပါ။

မိတ်ဆွေအတုအယောင်သုံးဦး ယောဘထံ ရောက်လာသည်။ သူတို့အပြန်အလှန်ပြောဆိုသည့်စကားများကို ယောဘကျမ်းတွင် မှတ်တမ်းတင်ထားသည်။ ယောဘသည် တိတ်တဆိတ်အပြစ်ကျူးလွန်ထားသောကြောင့် ဘုရားသခင်ဒဏ်ခတ်နေခြင်းဖြစ်သည်ဟု ထင်မြင်စေရန် သူတို့ တလွဲပြောဆိုကြသည်။ ထို့ပြင် ဘုရားသခင်သည် မိမိကျေးကျွန်များကို မနှစ်သက်ရုံသာမက ယုံကြည်မှုလည်းမရှိဟူ၍ပင် သူတို့ဆိုကြသည်။ ယောဘသည် ထိုသူတို့၏ မှားယွင်းသောဆင်ခြင်မှုကို လက်မခံခဲ့ချေ။ သေသည့်တိုင်အောင် မိမိ၏သမာဓိကို မစွန့်ဟု ယောဘ အတိအလင်းပြောခဲ့သည်။

သို့သော် ယောဘ၏အမှားတစ်ခုမှာ သူ၏ဖြောင့်မတ်မှုကို အလွန်အမင်း အာရုံစိုက်မိခြင်းဖြစ်သည်။ လူငယ်ဧလိဟုသည် ထိုသူတို့စကားအချေအတင်ပြောဆိုသည်ကို အစအဆုံး နားထောင်ပြီးနောက် ယောဘနှင့် မိတ်ဆွေအတုအယောင်သုံးဦး၏အမှားကို တည့်မတ်ပေးခဲ့သည်။ ယေဟောဝါဘုရားသခင်၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှု သံသယကင်းရှင်းရေးသည် လူတစ်ဦး ဖြောင့်မတ်မှန်ကန်ကြောင်း ထင်ရှားရေးထက် ပိုအရေးကြီးသည်ဟူသောအချက်ကို ယောဘ နားမလည်သောကြောင့် ဧလိဟု ပြစ်တင်ဆုံးမခဲ့သည်။ ဧလိဟုသည် ယောဘ၏မိတ်ဆွေအတုအယောင်သုံးဦးကိုလည်း ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။

ထို့နောက် ယေဟောဝါဘုရားသခင်သည် ယောဘကိုစကားပြောကာ သူ၏အတွေးအခေါ်ကို တည့်မတ်ပေးခဲ့သည်။ ယေဟောဝါသည် အံ့မခန်းဖွယ် ဖန်ဆင်းခြင်းလက်ရာများစွာကို အာရုံစိုက်စေပြီးနောက် မိမိ၏ကြီးမြတ်မှုနှင့် လူသားတစ်ဦး၏သေးနုပ်မှုကို နှိုင်းယှဉ်ပြကာ ယောဘအား သင်ခန်းစာပေးခဲ့သည်။ ယောဘသည် ဘုရားသခင်၏ပြုပြင်တည့်မတ်ပေးမှုကို နှိမ့်ချစွာ လက်ခံခဲ့သည်။ ယေဟောဝါသည် “အလွန်ချစ်ခင်စုံမက်၍ သနားကြင်နာ” သောအရှင်ဖြစ်ရာ ယောဘ၏အနာရောဂါကို သက်သာပျောက်ကင်းစေပြီး ယခင်စည်းစိမ်ဥစ္စာထက် နှစ်ဆတိုးပေးကာ သားသမီးဆယ်ယောက်ဖြင့် ကောင်းချီးပေးခဲ့သည်။ (ယာကုပ် ၅:၁၁) ယောဘသည် ပြင်းထန်သော စမ်းသပ်မှုခံရသော်လည်း ယေဟောဝါအပေါ် ဆက်၍သမာဓိရှိခဲ့သောကြောင့် မည်သည့်လူသားမျှ စမ်းသပ်မှုအောက်တွင် ဘုရားသခင်ကို သစ္စာမရှိနိုင်ဟူသည့် စာတန်၏စိန်ခေါ်ချက်ကို အောင်မြင်စွာချေပနိုင်ခဲ့သည်။

ယောဘကျမ်းကို အခြေခံသည်။