လွန်ခဲ့တဲ့အနှစ်တစ်ရာ—၁၉၁၅
၁၉၁၅၊ မတ်လ ၁ ရက်ထုတ် ကင်းမျှော်စင်မှာ ဒီလိုပြောတယ်– “အခုအချိန်ဟာ စမ်းသပ်ရာကာလဖြစ်တယ်။ အရင်တုန်းက ကျွန်တော်တို့ တက်တက်ကြွကြွအမှုဆောင်ခဲ့တာဟာ ၁၉၁၄ ခုနှစ်မှာ ကောင်းကင်အသက်တာရရှိမယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့်လား ဒါမှမဟုတ် ဘုရားသခင်၊ ကိုယ်တော့်သတင်းစကားနဲ့ ညီအစ်ကိုတွေကိုချစ်ပြီး သစ္စာစောင့်သိတဲ့အတွက်လား။” ၁၉၁၅ ခုနှစ်အတွင်းမှာ ကျမ်းစာကျောင်းသားတချို့ဟာ စိတ်ပျက်အားလျော့မှုတွေကို ရင်ဆိုင်တိုက်လှန်ခဲ့ရတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်ကလူများစွာကတော့ တခြားတိုက်ပွဲတစ်မျိုးကို ရင်ဆိုင်တိုက်ခိုက်ခဲ့ကြတယ်။
ဥရောပမှာ ပထမကမ္ဘာစစ်လို့ နောက်ပိုင်းခေါ်တွင်လာတဲ့ စစ်ပွဲကြီး ဖြစ်ပွားနေတယ်။ စစ်ပွဲမှာ စက်ယန္တရားတွေ အသုံးပြုလာတဲ့အတွက် အရပ်သားများစွာကို မကြုံစဖူးတဲ့အတိုင်းအတာနဲ့ ထိခိုက်စေခဲ့တယ်။ ဥပမာ၊ ၁၉၁၅ ခုနှစ်ကစပြီး ဂျာမန်ရေငုပ်သင်္ဘောတွေဟာ ဗြိတိသျှရေပိုင်နက်ထဲကို ဝင်လာလေ့ရှိတယ်။ ၁၉၁၅၊ မေလ ၇ ရက်မှာတော့ အဲဒီရေငုပ်သင်္ဘောတစ်စီးက ဗြိတိသျှခရီးသည်တင်သင်္ဘော လူစီတန်းနီးယားကို နှစ်မြှုပ်လိုက်တဲ့အတွက် လူ ၁,၁၀၀ ကျော်သေဆုံးခဲ့တယ်။
ကြားနေခြင်းကိစ္စ
ကျမ်းစာကျောင်းသားတွေဟာ ဒီစစ်ပွဲမှာ မပါဝင်ချင်ကြဘူး။ ဒါပေမဲ့ ခရစ်ယာန်တွေ ပြတ်ပြတ်သားသားကြားနေခြင်းနဲ့ပတ်သက်ပြီး သူတို့ကောင်းကောင်းနားမလည်ဘူး။ ဒါကြောင့် စစ်တပ်မှာ ဆန္ဒအလျောက် စာရင်းပေးတာမျိုးတော့ မလုပ်ပေမဲ့ တချို့က စစ်မှုထမ်းဖို့ဆင့်ခေါ်တာကို လက်ခံပြီး တိုက်ခိုက်ရေးနဲ့မသက်ဆိုင်တဲ့ တခြားတာ၀န်တွေကို ထမ်းဆောင်ဖို့ကြိုးစားကြတယ်။ ရှေ့တန်းကို အတင်းအကျပ်ပို့ခံရရင်တော့ “သေနတ်ကို မိုးပေါ်ထောင်ပစ်လို့ရတယ်” လို့တချို့က ယူဆကြတယ်။
၁၉၁၅၊ ဇူလိုင် ၁၅ ရက်ထုတ် ကင်းမျှော်စင်မှာ ဟန်ဂေရီစစ်သားတစ်ယောက်ရဲ့အဖြစ်အပျက်ကို ဖော်ပြထားတယ်။ သူက ဒဏ်ရာရလို့ ဆေးကုသမှုခံယူနေချိန်အတွင်းမှာ နှစ်ခြင်းခံတယ်။ အဲဒီနောက် ရှေ့တန်းကို ပြန်သွားခဲ့တယ်။ ဘာဆက်ဖြစ်တယ်ဆိုတာ ဆောင်းပါးမှာ အခုလိုပြောတယ်– “သူတို့တွေ [ဟန်ဂေရီစစ်သားတွေ] ရုရှားစစ်တပ်နဲ့ ပေ ၈၀၀ အကွာကိုရောက်တော့ အရာရှိက ‘လှံစွပ်နဲ့ထိုးကြ’ ဆိုပြီး အမိန့်ပေးတယ်။ ရှေ့တန်းဘယ်ဘက်အစွန်မှာရှိနေတဲ့ ဟန်ဂေရီညီအစ်ကိုက ရန်သူရဲ့တိုက်ခိုက်မှုကနေ ကိုယ့်ကိုယ်ကိုယ်ကာကွယ် *
ဖို့ပဲ ကြိုးစားတယ်။ ဒါကြောင့် သူနဲ့တိုက်နေတဲ့ ရုရှားစစ်သားလက်ထဲကလှံစွပ် လွတ်ကျသွားအောင်ပဲ လုပ်နေတယ်။ ရုရှားစစ်သားလည်း အဲဒီလိုလုပ်နေမှန်း သူသတိထားမိလိုက်တယ်။ . . . နောက်တော့ ရုရှားစစ်သားက သူ့လှံစွပ်ကို မြေပေါ်လွှတ်ချလိုက်ပြီး ငိုတော့တယ်။ ညီအစ်ကိုက ‘ရန်သူ’ ကိုအနီးကပ်ကြည့်လိုက်တော့ သူ့အင်္ကျီမှာ ‘လက်ဝါးကားတိုင်နဲ့သရဖူတံဆိပ်’ ရင်ထိုးတပ်ထားတာကို တွေ့လိုက်ရတယ်။ အဲဒီအခါကျမှပဲ ရုရှားစစ်သားဟာ သခင့်ကိုယုံကြည်တဲ့ညီအစ်ကိုဖြစ်နေမှန်း တအံ့တသြသိလိုက်ရတယ်။”၁၉၁၅၊ စက်တင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင်၊ “ခရစ်ယာန်တာဝန်ဝတ္တရားနဲ့ စစ်ပွဲ” ဆိုတဲ့ဆောင်းပါးမှာ ကြားနေခြင်းအကြောင်း ဆွေးနွေးထားတယ်။ “စစ်ထဲဝင်တာ၊ စစ်ယူနီဖောင်းဝတ်တာက စစ်သားတစ်ယောက်ရဲ့တာဝန်၀တ္တရားတွေကို အသိအမှတ်ပြုလက်ခံတယ်ဆိုတဲ့ သဘောသက်ရောက်တယ်။ . . . ဒါဆိုရင် ခရစ်ယာန်တစ်ယောက် စစ်ထဲဝင်တာ သင့်တော်ပါ့မလား” ဆိုပြီးဆောင်းပါးမှာ ပြောထားတယ်။ ခရစ်ယာန်တွေဟာ စစ်ပွဲမှာလုံး၀မပါဝင်ရဘူးဆိုတာ နောက်ပိုင်းမှာ ရှင်းရှင်းလင်းလင်းသိလာတယ်။
ဌာနချုပ်မှ အပြောင်းအလဲများ
၁၉၁၅ ခုနှစ်မှာ ရန်ပုံငွေမရှိတော့တဲ့အတွက် နယူးယောက် ဗေသလမိသားစုဝင်အယောက် ၇၀ ကို ဗေသလကထွက်ပြီး လယ်ကွင်းမှာဆက်အမှုဆောင်ဖို့ အကြောင်းကြားခဲ့တယ်။ “အကြွေးမတင်ရအောင်၊ လုပ်ငန်းကိုမထိခိုက်စေရအောင် အဘက်ဘက်မှာ အသုံးစရိတ်တွေလျှော့ချဖို့ ဆုံးဖြတ်လိုက်တာပါ” ဆိုပြီး သူတို့ကိုပြောခဲ့တယ်။
“ထွက်သွားသူ အယောက်ခုနစ်ဆယ်” စုပေါင်းရေးသားထားတဲ့စာတစ်စောင်ကို ကလေတန် ဂျေ ဝုဒ်ဝေါ့သ်နဲ့ တခြားညီအစ်ကိုနှစ်ယောက်က လက်မှတ်ရေးထိုးခဲ့တယ်။ အဲဒီစာကို ၁၉၁၅၊ မေလ ၁ ရက်ထုတ် ကင်းမျှော်စင်မှာ ဖော်ပြခဲ့တယ်။ “‘ဗေသလမိသားစု’ ၀င်အဖြစ် ကောင်းချီးတွေ၊ အခွင့်ထူးတွေ ခံစားခဲ့ရတဲ့အတွက် ကျေးဇူးတင်ပြီး ၀မ်းမြောက်ဝမ်းသာ” ထွက်သွားကြတာပါလို့ သူတို့ရေးသားထားတယ်။
ဒီလိုတာဝန်အပြောင်းအလဲက ညီအစ်ကိုတွေအတွက် ခက်ခဲပေမဲ့ သူတို့ရဲ့စစ်မှန်တဲ့သစ္စာစောင့်သိမှုကိုပြဖို့ အခွင့်အရေးရခဲ့ကြတယ်။ သူတို့အနေနဲ့ ဘုရားသခင်ကို ဆက်သစ္စာစောင့်သိမလား ဒါမှမဟုတ် နာကြည်းသွားမလား။ ညီအစ်ကိုဝုဒ်ဝေါ့သ်ဟာ ဟောပြောခြင်းလုပ်ငန်းမှာ ဆက်ပါ၀င်ခဲ့တယ်။ နောက်ပိုင်းမှာ ဗေသလကို ပြန်ဖိတ်ခေါ်ခံရပြီး ၁၉၁၉ ခုနှစ်မှာတော့ အခု နိုးလော့! လို့ခေါ်တဲ့ ရွှေခေတ်မဂ္ဂဇင်းရဲ့ ဦးဆုံးအယ်ဒီတာ ဖြစ်လာတယ်။ ၁၉၄၆ ခုနှစ်အထိ အဲဒီတာ၀န်ကို ထမ်းဆောင်ခဲ့တယ်။
လုပ်ငန်းတော်အခွင့်အရေးများ
ခက်ခဲ့တဲ့အဲဒီနှစ်တစ်လျှောက်မှာ ကင်းမျှော်စင်က ညီအစ်ကိုတွေကို ဟောပြောခြင်းလုပ်ငန်းမှာဆက်ပါ၀င်ဖို့ တိုက်တွန်းခဲ့တယ်။ အရင်တုန်းက စိတ်၀င်စားမှုပြခဲ့တဲ့သူတွေကို အထူးအာရုံစိုက်ခဲ့တယ်။ ၁၉၁၅၊ ဒီဇင်ဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင်မှာ အခုလိုပြောတယ်– “တစ်နိုင်ငံလုံးက စာပေတောင်းခံသူတွေရဲ့စာရင်း ကျွန်တော်တို့မှာ ရှိထားတယ်။ သူတို့တွေ စိတ်ဝင်စားနေတုန်းပဲလားဆိုတာ သိနိုင်အောင် သူတို့ဆီပြန်လည်ပတ်ဖို့ အကြံပြုချင်ပါတယ်။” ပြန်လည်ပတ်ရတဲ့ ရည်ရွယ်ချက်ကတော့ သူတို့ရဲ့စိတ်၀င်စားမှုတိုးပွားလာပြီး “ဘုရားသခင်နဲ့အမှန်တရားပေါ်ထားတဲ့ဇွဲမီး တောက်လောင်လာစေဖို့” ပါပဲ။
အခုအချိန်လိုပဲ အဲဒီတုန်းကလည်း ခရစ်ယာန်တွေဟာ နိုင်ငံတော်လုပ်ငန်းကို ဆက်အာရုံစိုက်ဖို့ အရေးကြီးတယ်။ ၁၉၁၅၊ ဖေဖော်ဝါရီလထုတ် ကင်းမျှော်စင်မှာ “နိုးကြားနေတဲ့ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့လုပ်ငန်းတော်မှာ တက်တက်ကြွကြွ၊ အင်တိုက်အားတိုက် လုပ်ဆောင်သင့်တယ်” ဆိုပြီးပြောထားတယ်။ ဘုရားသခင့်ကျေးကျွန်တွေဟာ သတိရှိနေဖို့လိုတယ်။ ကင်းမျှော်စင်က အခုလိုဆက်ပြောတယ်– “ကျွန်တော်တို့ စောင့်ကြည့်နေရမယ်။ ဘာကိုစောင့်ကြည့်ရမှာလဲ။ လက်ရှိအချိန်ရဲ့ထောင်ချောက်တွေထဲ မကျသွားအောင် ကိုယ့်ကိုယ်ကိုယ် အထူးစောင့်ကြည့်နေရမယ်။”
၁၉၁၆ ခုနှစ်အတွက် နှစ်ချုပ်ကျမ်းချက်က ရောမ ၄:၂၀၊ ဂျိမ်းဘုရင်ဘာသာပြန်ကျမ်း ကိုအခြေခံထားပြီး “ယုံကြည်ခြင်းသန်မာနေပါ” လို့ ညီအစ်ကိုတွေကို အားပေးတိုက်တွန်းထားတယ်။ ဒီကျမ်းချက်က အဲဒီနှစ်မှာကြုံရမယ့်စမ်းသပ်မှုတွေကို ခံရပ်နိုင်ဖို့ သစ္စာရှိသူတွေကို ကူညီပေးပါလိမ့်မယ်။
^ စာပိုဒ်၊ 4 ကျမ်းစာကျောင်းသားတွေဟာ လက်ဝါးကားတိုင်နဲ့သရဖူတံဆိပ်ရင်ထိုးကို သူတို့ရဲ့အမှတ်အသားအဖြစ် နှစ်အတော်ကြာတပ်ဆင်ခဲ့ကြတယ်။ ကင်းမျှော်စင်မျက်နှာဖုံးမှာလည်း အဲဒီအမှတ်အသားကို နှစ်များစွာအသုံးပြုခဲ့တယ်။ ၁၉၃၀ ပြည့်လွန်နှစ်အစောပိုင်းရောက်တော့ လက်ဝါးကားတိုင်နဲ့သရဖူတံဆိပ် အမှတ်အသားကို ယေဟောဝါသက်သေတွေ အသုံးမပြုကြတော့ဘူး။