သတိနဲ့ စောင့်နေကြပါ
ပြင်းထန်တဲ့ မိုးခေါင်ရေရှားမှု—ကျမ်းစာအဆိုက ဘာလဲ
“တရုတ်ပြည်မှာ ‘အဆိုးဝါးဆုံး’ အပူလှိုင်း ဖြတ်ခဲ့ပြီး ပူပြင်းခြောက်သွေ့ဆုံး နွေရာသီအဖြစ် စံချိန်တင်တာ သုံးကြိမ်ရှိပြီလို့ သတင်းရရှိတယ်။”—၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၇ ရက်ထုတ် The Guardian သတင်းစာ။
“အာဖရိက ဒေသတချို့မှာ ဆိုးဝါးတဲ့ မိုးခေါင်ရေရှားမှုဖြစ်တာ ငါးနှစ်ဆက်တိုက် ရှိတော့မယ်။”—၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၆ ရက်ထုတ် ယူအန် သတင်း။
“ဥရောပရဲ့ သုံးပုံနှစ်ပုံဟာ မိုးခေါင်ရေရှား အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်။ အနှစ် ၅၀၀ အတွင်းမှာ အဆိုးဝါးဆုံး ဖြစ်နိုင်တယ်။”— ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၃ ရက်ထုတ် ဘီဘီစီ သတင်း။
မိုးခေါင်ရေရှားမှု အန္တရာယ် ဆက်ရှိနေပြီး ပိုဆိုးလာမယ်လို့ ပညာရှင်များစွာ ခန့်မှန်းကြတယ်။ အနာဂတ်အတွက် ပိုကောင်းတဲ့ မျှော်လင့်ချက် ရှိပါသလား။ ကျမ်းစာအဆိုက ဘာလဲ။
မိုးခေါင်ရေရှားမှုနဲ့ပတ်သက်ပြီး ကျမ်းစာ ကြိုဟောချက်
ဒီနေ့ခေတ်ကာလနဲ့ပတ်သက်ပြီး ကျမ်းစာမှာ အခုလို ကြိုဟောထားပါတယ်–
“အစာခေါင်းပါးမှုတွေ . . . တစ်နေရာပြီး တစ်နေရာ ဖြစ်လိမ့်မယ်။”—လုကာ ၂၁:၁၁။
မိုးခေါင်ရေရှားမှုကြောင့် အစာခေါင်းပါးမှုတွေ ဖြစ်လာတယ်။ အစာခေါင်းပါးမှုကြောင့် လူတွေ ဒုက္ခတွေရောက်ကြပြီး အသက်ဆုံးပါးကြတယ်။ အဲဒါတွေဟာ ကျမ်းစာ ကြိုဟောချက် ပြည့်စုံမှုပါပဲ။—ဗျာဒိတ် ၆:၆၊ ၈။
မိုးခေါင်ရေရှားမှု ဘာကြောင့် ပိုဆိုးလာသလဲ
မိုးခေါင်ရေရှားမှု ပိုဆိုးလာရတဲ့ အခြေခံအကြောင်းရင်းကို ကျမ်းစာမှာ အခုလို ဖော်ပြထားတယ်–
‘လူဟာ ကိုယ့်ခြေလှမ်းကို လမ်းညွှန်ပိုင်ခွင့် မရှိပါဘူး။’—ယေရမိ ၁၀:၂၃။
ဆိုလိုတာက လူလူချင်းကို အောင်အောင်မြင်မြင် အုပ်ချုပ်နိုင်စွမ်း လူတွေမှာ မရှိကြဘူး။ မကြာခဏဆိုသလို အုပ်ချုပ်သူတွေရဲ့ ဆုံးဖြတ်ချက်အမှားကြောင့် မိုးခေါင်မှု၊ ရေရှားပါးမှုတွေ ဖြစ်ရတယ်။
လူတွေရဲ့ လုပ်ရပ်ကြောင့် ကမ္ဘာချီပူနွေးမှု၊ ကမ္ဘာတစ်ဝန်း မိုးခေါင်ရေရှားမှုတွေ ဖြစ်ရတယ်လို့ သိပ္ပံပညာရှင်များစွာ လက်ခံထားကြတယ်။
လောဘဇောကပ်ပြီး ရေရှည်အကျိုးကို ထည့်မစဉ်းစားဘဲ မူဝါဒတွေ ချမှတ်လို့ သစ်တောပြုန်းတီးမှု၊ လေထုညစ်ညမ်းမှု၊ သဘာဝသယံဇာတတွေ တလွဲသုံးမှု ဖြစ်လာပြီး အဖိုးတန် ရေအရင်းအမြစ်တွေ ထိခိုက်ပျက်စီးလာတယ်။
ဒါပေမဲ့ ကျမ်းစာက မျှော်လင့်ချက် ပေးထားပါတယ်။
အနာဂတ်အတွက် မျှော်လင့်ချက် ရှိပါသလား
ဘုရားသခင်က လက်ရှိဖြစ်ပျက်နေတဲ့ ရေရှားပါးမှု ပြဿနာတွေကို ဖြေရှင်းပေးမယ်လို့ ကျမ်းစာထဲမှာ ကတိပေးထားတယ်။ ဘယ်လို ဖြေရှင်းပေးမှာလဲ။
၁။ ဘုရားသခင်က “ကမ္ဘာမြေကို ဖျက်ဆီးတဲ့သူတွေကို ဖျက်ဆီး” ပါလိမ့်မယ်။ (ဗျာဒိတ် ၁၁:၁၈) ရေရှားပါးမှုကို ဖြစ်စေတဲ့၊ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးနေတဲ့ လောဘသမားတွေကို ပယ်ရှင်းပါလိမ့်မယ်။—၂ တိမောသေ ၃:၁၊ ၂။
၂။ “ပူပြင်းခြောက်သွေ့တဲ့ မြေဟာ ကျူပင်ပေါတဲ့ရေအိုင် ဖြစ်လာမယ်။” (ဟေရှာယ ၃၅:၁၊ ၆၊ ၇) မိုးခေါင်ရေရှားမှုကြောင့် ပျက်စီးနေတဲ့ ဒီကမ္ဘာမြေကို ရေပေါများပြီး စိမ်းစိုလန်းဆန်းတဲ့ ဥယျာဉ်အဖြစ် ဘုရားသခင် ပြောင်းလဲပေးပါမယ်။
၃။ “ဘုရားသခင်က ကမ္ဘာမြေကို ဂရုစိုက်တယ်။ မြေဆီမြေနှစ်တွေ ပြည့်စေပြီး အကြီးအကျယ် သီးပွင့်ဖြစ်ထွန်းစေတယ်။” (ဆာလံ ၆၅:၉) ဘုရားသခင့်ကောင်းချီးကြောင့် ကမ္ဘာမြေမှာ လူအားလုံးအတွက် အာဟာရရှိတဲ့ အစားအစာတွေ၊ သန့်ရှင်းတဲ့ရေတွေ ပေါကြွယ်ဝနေပါလိမ့်မယ်။