မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမျိုးသားတွေရဲ့ စိုးရိမ်ပူပန်မှုကို ရင်ဆိုင်ဖြေရှင်းဖို့ ကျမ်းစာ ကူညီပေးနိုင်ပုံ

အမျိုးသားတွေရဲ့ စိုးရိမ်ပူပန်မှုကို ရင်ဆိုင်ဖြေရှင်းဖို့ ကျမ်းစာ ကူညီပေးနိုင်ပုံ

 စိုးရိမ်ပူပန်မှု များတဲ့သူဆိုတာ a အကြောက်လွန်ပြီး ဘာကိုမှ မလုပ်ရဲမကိုင်ရဲ ဖြစ်နေသူ၊ မနက် အိပ်ရာထဲက မထွက်နိုင်သူ၊ ပူပန်ကြောင့်ကြစရာတွေချည်းပဲ ပြောနေသူလို့ ထင်မိနိုင်တယ်။

 စိုးရိမ်စိတ် များတဲ့အခါ အဲဒီလို ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ သုတေသီတွေရဲ့ အဆိုအရ လူတချို့ အထူးသဖြင့် အမျိုးသားတွေရဲ့ တုံ့ပြန်ပုံက တစ်မူထူးတယ်။ အမျိုးသားတွေဟာ “စိုးရိမ်ပူပန်မှု များလာရင် အရက်သောက်တာ၊ မူးယစ်ဆေးသုံးတာတွေ လုပ်လေ့ရှိတယ်။ ဒါကြောင့် အရက်သောက်တာက စိုးရိမ်ပူပန်လွန်ကဲတဲ့ စိတ်ဝေဒနာ လက္ခဏာ ဖြစ်ပုံရတယ်။ စိုးရိမ်စိတ်များတဲ့ အမျိုးသားတွေဟာ ဒေါသထွက်လွယ်ပြီး စိတ်ဆတ်လေ့ရှိတယ်” လို့ မှတ်တမ်းတစ်ခုက ဆိုတယ်။

 အမျိုးသားအားလုံး တစ်ပုံစံတည်း တုံ့ပြန်တာတော့ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် အခုလို “အလွန် ခက်ခဲကျပ်တည်း” တဲ့ အချိန်မှာ စိုးရိမ်ပူပန်စရာတွေ တိုးပြီးရင်း တိုးလာတယ်။ (၂ တိမောသေ ၃:၁) စိုးရိမ်စိတ်ကို ရင်ဆိုင်ဖြေရှင်းဖို့ ကျမ်းစာ ကူညီပေးနိုင်သလား။

စိုးရိမ်ပူပန်မှုကို ရင်ဆိုင်ဖြေရှင်းဖို့ လက်တွေ့ကျ ကျမ်းစာအကြံဉာဏ်

 စိုးရိမ်သောက ရောက်ချိန်မှာ အကူအညီ ဖြစ်စေနိုင်တဲ့ အကြံဉာဏ်ကောင်းတွေ ကျမ်းစာမှာ ပါတယ်။ အကြံပြုချက် သုံးခုကို သုံးသပ်ကြည့်ပါ။

  1.  ၁။ “နေ့ရက်တိုင်းဟာ သူ့စိုးရိမ်စရာနဲ့သူ ရှိနေမှာဆိုတော့ မနက်ဖြန်အတွက် ဘယ်တော့မှ မစိုးရိမ်ပါနဲ့။ ဒီနေ့ ကြုံရတဲ့ အခက်အခဲကိုပဲ စဉ်းစားပါ။”—မဿဲ ၆:၃၄

     ဆိုလိုရင်း။ ဖြစ်လာနိုင်တဲ့အရာ၊ ဖြစ်လာချင်မှ ဖြစ်လာမယ့်အရာတွေအတွက် အစိုးရိမ် မလွန်ပါနဲ့။ ကိုယ်စိုးရိမ်သလို ဖြစ်မလာတာမျိုး၊ အဆိုးထဲက အကောင်း ဖြစ်သွားတာမျိုးတောင် ရှိတတ်ပါတယ်။

     စမ်းကြည့်ပါ။ မကောင်းတာတစ်ခုခု ဖြစ်လာမယ်လို့ တထစ်ချ တွက်ထားပေမဲ့ တကယ်တမ်း ဖြစ်မလာတာမျိုး ကြုံဖူးသလား ပြန်စဉ်းစားကြည့်ပါ။ ဒါက လက်ရှိ စိုးရိမ်မှု အတိမ်အနက်ကို သိစေပြီး ပြဿနာကြီးတစ်ရပ် ဖြစ်လာနိုင်မနိုင် အမှန်အတိုင်း မြင်စေတယ်။

  2.  ၂။ “သံကို သံချင်း ထက်စေသလို လူက သူ့မိတ်ဆွေကို ထက်မြက်စေတယ်။”—ပညာအလိမ္မာ ၂၇:၁၇

     ဆိုလိုရင်း။ အကူအညီ တောင်းရင် စိုးရိမ်စိတ်ကို တိုက်ထုတ်နိုင်အောင် တခြားသူတွေ ကူညီပေးနိုင်ပါတယ်။ သူတို့ရဲ့ ဘဝအတွေ့အကြုံကနေ လက်တွေ့ကျ အကြံဉာဏ်တွေ ပေးနိုင်တယ်။ အနည်းဆုံးတော့ အခြေအနေကို တခြားရှုထောင့်ကနေ ရှုမြင်စေနိုင်တယ်။

     စမ်းကြည့်ပါ။ ကိုယ့်လိုပဲ ကြုံနေရတဲ့ မိတ်ဆွေဆီ အကြံဉာဏ် တောင်းကြည့်ပါ။ သူ့အတွက် ဘာက အလုပ်ဖြစ်တယ်၊ ဘာက အလုပ်မဖြစ်ဘူးဆိုတာ မေးကြည့်ပါ။

  3.  ၃။ “စိုးရိမ်ပူပန်စရာ ရှိသမျှကို ဘုရားသခင်ဆီ ပုံအပ်ထားလိုက်ပါ။ ဘုရားသခင်ဟာ ခင်ဗျားတို့ကို ဂရုစိုက်တဲ့အရှင် ဖြစ်လို့ပဲ။”—၁ပေတရု ၅:၇။

     ဆိုလိုရင်း။ ဒုက္ခဝေဒနာ ခံစားနေရသူတွေကို ဘုရားသခင် သိပ်ဂရုစိုက်တယ်။ စိုးရိမ်ပူပန်စရာ မှန်သမျှ ရင်ဖွင့်ဆုတောင်းကြပါလို့ ဖိတ်ခေါ်ထားတယ်။

     စမ်းကြည့်ပါ။ စိုးရိမ်ပူပန်စေတဲ့အရာတွေကို ချရေးလိုက်ပါ။ ဘုရားသခင်ဆီ ဆုတောင်းပါ။ ပြဿနာတစ်ခုစီကို ရင်ဖွင့်ပြောပြပါ။ ရင်ဆိုင်နိုင်ဖို့ အကူအညီတောင်းပါ။

စိုးရိမ်ပူပန်စရာ မရှိတော့မယ့်အချိန်

 ကျမ်းစာမှာ စိုးရိမ်ပူပန်မှုကို ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ အကြံဉာဏ်တွေ ပါတဲ့အပြင် စိုးရိမ်သောကတွေ လုံးဝ မရှိတော့မယ့်အချိန် ရောက်လာမယ်လို့လည်း ကတိပေးထားတယ်။ ဘယ်လို ဖြစ်လာမလဲ။

 စိုးရိမ်သောက ဖြစ်စေတဲ့ အကြောင်းရင်း မှန်သမျှကို ဘုရားသခင့်နိုင်ငံတော်က ဖယ်ရှားပေးပါတော့မယ်။ (ဗျာဒိတ် ၂၁:၄) ဘုရားနိုင်ငံတော်ရဲ့ အုပ်စိုးမှုအောက်မှာ အတိတ်က စိုးရိမ်ပူပန်မှု၊ စိတ်ဖိစီးမှုတွေကို ပြန်အမှတ်ရတော့မှာ မဟုတ်ဘူး။—ဟေရှာယ ၆၅:၁၇

 ဒါဟာ “ငြိမ်သက်ခြင်း ပေးသနားတဲ့ ဘုရားသခင်” က ကျွန်တော်တို့ကို ရစေချင်တဲ့ အနာဂတ်မျိုးပါ။ (ရောမ ၁၆:၂၀) “မင်းတို့နဲ့ပတ်သက်ပြီး ငါဘာတွေ တွေးနေမှန်း ငါသိတာပေါ့။ မင်းတို့ကို ငြိမ်သက်အေးချမ်းစေချင်တယ်။ ဘေးဆိုး မကြုံစေချင်ဘူး။ မင်းတို့ မျှော်လင့်တဲ့ အနာဂတ်မျိုး ပေးချင်တယ်” ဆိုပြီး အာမခံထားတယ်။—ယေရမိ ၂၉:၁၁

a ဒီဆောင်းပါးမှာ ပါတဲ့ “စိုးရိမ်ပူပန်မှု” ဆိုတာ စိုးရိမ်လွန်ကဲတဲ့ ကျန်းမာရေး ပြဿနာကို မဆိုလိုပါဘူး။ လူတစ်ဦးကို စိတ်ပန်းလူပန်း ဖြစ်စေတဲ့၊ နေ့တဓူဝ ကြုံနေရတဲ့ စိုးရိမ်သောကတွေကို ဆိုလိုတယ်။ ဆေးကုသမှု လိုနေသူတွေအနေနဲ့ ကျွမ်းကျင်သူတွေဆီက အကူအညီကို ရယူပါ။—လုကာ ၅:၃၁