မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တယ်ရီ ရန်နယ် | ဘဝအတ္ထုပ္ပတ္တိ

ယေဟောဝါရဲ့အကူအညီနဲ့ အကောင်းဆုံးပေးဆက်နိုင်ခဲ့

ယေဟောဝါရဲ့အကူအညီနဲ့ အကောင်းဆုံးပေးဆက်နိုင်ခဲ့

 ကျွန်တော်အသက် ၁၄ နှစ်မှာ ဘုရားရေးရာမှာထက်သန်တဲ့ သက်ကြီးညီအစ်ကို စီစဲလ်က ကျွန်တော့်ကို သူ့ကျမ်းစာ ပေးတယ်။ သူကိုယ်ပိုင်လေ့လာမှုလုပ်တဲ့အခါ သုံးတဲ့ ကျမ်းစာပါ။ ဘေးကွက်လပ်မှာ မှတ်ချက်တွေလည်း ရေးထားတယ်။ ကျွန်တော့်အတွက်တော့ ‘သိပ်ကောင်းတဲ့ လက်ဆောင်ပါပဲ။’

 ညီအစ်ကိုစီစဲလ်က နှိမ့်ချပြီး တခြားသူတွေကို ဂရုစိုက်တယ်။ ညီအစ်ကိုစီစဲလ်၊ အမေနဲ့ အသင်းတော်ထဲက တခြားသစ္စာရှိ ညီအစ်ကို/မတွေရဲ့ ပုံသက်သေကြောင့် ကျွန်တော်လည်း ယေဟောဝါအတွက် “လုပ်ဆောင်ချင်” လာတယ်၊ အကောင်းဆုံး ပေးဆက်ချင်လာတယ်။ (ဖိလိပ္ပိ ၂:၁၃) ကျွန်တော့်အကြောင်း ပြောပြပါရစေ။

အမေရဲ့စိတ်ထက်သန်မှုက ကျွန်တော့်ကို တွန်းအားပေး

 ကျွန်တော့်ကို မွေးဖွားတဲ့နှစ်က ၁၉၄၃ ခုနှစ်ပါ။ ဩစတြေးလျ၊ ကွင်းစလန်ပြည်နယ်၊ ကြံခင်းတွေစိုက်ပျိုးတဲ့ ဘန်ဒါဘာ့ဂ် ပင်လယ်ကမ်းခြေမြို့နားက စိုက်ပျိုးရေးခြံမှာ မိဘတွေနေကြတာ။ နယ်ခံတွေက စနေညနေပိုင်းဆို မြို့ကိုသွားလည်ကြတယ်။ ၁၉၃၉ ခုနှစ်ရဲ့ စနေနေ့ညနေပိုင်းတစ်ခုမှာပေါ့။ မိဘတွေ မြို့တက်ရင်း ရှေ့ဆောင်နှစ်ယောက် (ယေဟောဝါသက်သေ အချိန်ပြည့်အမှုဆောင်တွေ) နဲ့ဆုံတယ်။ ရှေ့ဆောင်တွေက ကျမ်းစာအကြောင်း ပြောပြတယ်။ မိဘတွေ သိပ်သဘောကျသွားတယ်။ ဒီလိုနဲ့ သူတို့ ယေဟောဝါသက်သေတွေ ဖြစ်လာတယ်။ အစ်မဂျင်းနဲ့ကျွန်တော်လည်း ယေဟောဝါသက်သေတွေအဖြစ် ကြီးပြင်းလာတယ်။ ဒါပေမဲ့ ကျွန်တော့် အသက် ခုနစ်နှစ်အရွယ်မှာ အဖြစ်ဆိုးနဲ့ ကြုံရတယ်။ အဖေ အိမ်မှာ မတော်တဆဖြစ်ပြီး ဆုံးသွားတာ။ တအား တုန်လှုပ်မိတယ်။ အလုပ်ကြိုးစားတဲ့၊ ဟာသဉာဏ်ရှိတဲ့ အဖေ့ကို အမှတ်ရနေတုန်းပါပဲ။ အဖေနဲ့ ပြန်ဆုံချင်လိုက်တာ၊ အဖေ့အကြောင်း ပိုသိချင်လိုက်တာ။ အဖေ ရှင်ပြန်ထမြောက်လာမယ့်အချိန်ကို မျှော်လင့်စောင့်ဆိုင်းနေပါတယ်။—တမန်တော် ၂၄:၁၅

 အမေက ကျွန်တော်တို့နဲ့ အလိုက်အထိုက်နေတယ်။ ကြင်နာတယ်။ မောင်နှမနှစ်ယောက်စလုံး အမေ့ကို ကိုယ့်အကြိုက်၊ မကြိုက်တွေ လွတ်လွတ်လပ်လပ် ပြောလို့ရတယ်။ ဒါပေမဲ့ ကျမ်းစာမူတွေ လိုက်လျှောက်တာ၊ ယေဟောဝါကိုဝတ်ပြုတာနဲ့ ပတ်သက်လာရင်တော့ သိပ်စည်းကမ်းကြီးတယ်။ ကျွန်တော်တို့ကို ခရစ်ယာန်အစည်းအဝေးတွေ မှန်မှန်ခေါ်သွားတယ်။ ကျောင်းချိန်ပြင်ပမှာ သက်သေခံမဟုတ်တဲ့ကလေးတွေနဲ့ သိပ်မပေါင်းခိုင်းဘူး။ (၁ ကောရိန္သု ၁၅:၃၃) အခုပြန်တွေးကြည့်မှ အမေ ကျွန်တော်တို့အပေါ် တင်းကျပ်ခဲ့တာကို ကျေးဇူးတင်မိတယ်။

ကျွန်တော်အသက် ၁၄ နှစ်တုန်းက

 အမေက ဟောပြောခြင်းမှာ ဇွဲသိပ်ကြီးတယ်။ (အရန်ရှေ့ဆောင်လို့ အခုခေါ်တဲ့) အားလပ်ရှေ့ဆောင် ခဏခဏလုပ်တယ်။ အိမ် ၅၀ ကျော်ကို ကင်းမျှော်စင်နဲ့ နိုးလော့! ပုံမှန်သွားပို့တယ်။ အိုမင်းမစွမ်းဖြစ်လာချိန်မှာတောင် စိတ်ဝင်စားသူတွေကို ထက်ထက်သန်သန် ကူညီပေးချင်တုန်းပဲ။ အမေက လူတွေကို ချစ်တယ်။ သားသမီးတွေကိုလည်း သိပ်ချစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ အမေ့ကို သိပ်ချစ်ပြီး အမေ့ခြေရာနင်းနိုင်ဖို့ ကြိုးစားခဲ့တယ်။ ၁၉၅၈၊ အသက် ၁၄ နှစ်မှာ ကျွန်တော့်အသက်တာကို ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံခဲ့တယ်။

အပေါင်းအသင်းကောင်းတွေကြောင့် ခွန်အားရ

 သိပ်မကြာခင်မှာပဲ ကျွန်တော်တို့အသင်းတော်က အသက် ၂၀ ကျော်အရွယ် ရူဒေါ့ဖ် နှစ်ခြင်းခံတယ်။ သူက ဂျာမနီကနေ ပြောင်းလာတာ။ စနေမနက်ပိုင်းတွေဆို မိသားစုဝင်တွေ စျေးဝယ်နေတုန်း ကားထဲမှာ ထိုင်စောင့်နေတဲ့သူတွေကို ကျွန်တော်တို့ သက်သေခံကြတယ်။

 ရူဒေါ့ဖ်က စိတ်ထက်သန်တယ်။ ကျောင်းပိတ်ရက်တွေဆို သူနဲ့အတူ အားလပ်ရှေ့ဆောင်လုပ်ဖို့ ကျွန်တော့်ကို ခေါ်တယ်။ တစ်ခါက ဘန်ဒါဘာ့ဂ်မြို့ရဲ့ မြောက်ဘက် ၁၁၈ မိုင်ဝေးတဲ့ ဂလက်စတန်မြို့မှာ ခြောက်ပတ်ကြာ အတူအမှုဆောင်ကြတယ်။ ပျော်စရာကြီး။ ကျွန်တော့်ကိုလည်း ညီလေးတစ်ယောက်လို ဂရုစိုက်ပေးတယ်။ ဒါကြောင့် ကျွန်တော်လည်း မှန်မှန်ရှေ့ဆောင် ဖြစ်ချင်လာတယ်။ အသက် ၁၆ နှစ်မှာ အဲဒီပန်းတိုင်ကို ရောက်ခဲ့ပြီး အချိန်ပြည့်အမှုဆောင်ဖို့ သန္နိဋ္ဌာန်ချခဲ့တယ်။

 ကျွန်တော့်ရဲ့ ပထမဆုံးရှေ့ဆောင်တာဝန်ကတော့ မစ်ခိုင်မြို့မှာပါ။ ဘန်ဒါဘာ့ဂ်မြို့မြောက်ပိုင်း၊ မဟာဘယ်ရီယာ သန္တာကျောက်တန်းကြီးနဲ့ သိပ်မဝေးတဲ့ ပင်လယ်ကမ်းခြေမြို့လေးပေါ့။ တစ်နှစ်အကြာ ကျွန်တော့် အသက် ၁၇ နှစ်မှာ ဩစတြေးလျတိုက်ရဲ့ လူနေကျဲတဲ့ ကုန်းတွင်းပိုင်းမှာ အထူးရှေ့ဆောင် aအဖြစ် ခန့်အပ်ခံရတယ်။ တွဲဖက်ရှေ့ဆောင်ကတော့ ကျွန်တော့်ထက် အသက် ၃၀ ပိုကြီးတဲ့ ဘိသိက်ခံ ညီအစ်ကို ဘန် ဘရစ်ကယ်ပါ။ b ညီအစ်ကို/မတွေ လေးစားတဲ့ ဝါရင့်သမ္ဘာရင့် ရှေ့ဆောင်ညီအစ်ကိုကြီးနဲ့ တွဲလုပ်ခွင့်ရတာ တကယ့်အခွင့်ထူးပဲ။

၁၉၆၃ ခုနှစ်၊ ဩစတြေးလျကုန်းတွင်းပိုင်းမှာနေတဲ့ အဘော်ရီဂျင်အမျိုးသမီးကို သက်သေခံနေစဉ်

 ကွင်းစလန်ပြည်နယ် အနောက်မြောက်ပိုင်း၊ ကာပန်တေးရီးယားပင်လယ်ကွေ့နဲ့ ထိစပ်နေတဲ့ နယ်မြေဟာ ကျွန်တော်တို့ရဲ့ရပ်ကွက်ပါ။ သက်သေခံဆိုလို့ ဘန်နဲ့ ကျွန်တော်ပဲရှိတယ်။ အဲဒီတုန်းက လူနေကျဲလိုက်တာ၊ တစ်အိမ်ကနေ နောက်တစ်အိမ်ကိုရောက်ဖို့ နာရီနဲ့ချီ ကားမောင်းရတယ်။ ဝေးလံဖုန်ထူတဲ့ အဲဒီလမ်းတွေမှာ ကားမောင်းရင်း ဘန်က တွေ့ကြုံမှုတွေ ပြောပြတယ်။ သူ စအမှုဆောင်တုန်းက အတွေ့အကြုံတွေ၊ ဒုတိယကမ္ဘာစစ်အတွင်း ဩစတြေးလျမှာ ယေဟောဝါသက်သေတွေရဲ့ လုပ်ငန်းပိတ်ပင်ခံရတုန်းက အသံချဲ့စက်ကားတွေ c နဲ့ ဟောပြောခဲ့တဲ့ အတွေ့အကြုံတွေပေါ့။

ဩစတြေးလျကုန်းတွင်းပိုင်းမှာ ညီအစ်ကိုတစ်ယောက်နဲ့ ကျွန်တော် (အလယ်) ကျမ်းစာသင်ပေးနေကြ

 တစ်နေ့တာအမှုဆောင်ပြီးပြီဆိုရင် လမ်းဘေး အဆင်ပြေတဲ့နေရာမှာ ရပ်၊ ညအိပ်စခန်းချကြတယ်။ d ထင်းတွေရှာ၊ မီးဖိုပြီး ညစာချက်ကြတယ်။ မိုးကာစကို မြေကြီးပေါ်မှာ ခင်းပြီး အိပ်ရာလုပ်တယ်။ ခေါင်းအုံးလေး အုံး၊ စောင်လေး ခြုံပြီး ကြယ်အတိပြီးတဲ့ ကောင်းကင်ကြီးရဲ့အလှကို ကြည့်ရတာ ရင်သပ်ရှုမောစရာ ကောင်းလိုက်တာ။

 ဒီလိုခေါင်တဲ့ဒေသမှာ ကားပျက်ရင် အန္တရာယ်များတယ်။ တစ်ခါကဆို လေးကျိုးသွားပါလေရော။ နေကလည်းပူ၊ ရေကလည်း နည်း။ ဘန်က လေးအသစ်လဲဖို့ ကားကြုံစီးပြီး မြို့ကို သွားတယ်။ ကျွန်တော်က ကားမှာ ကျန်ခဲ့ပြီး သုံးရက်စောင့်ခဲ့ရတယ်။ တစ်နေ့တစ်နေ့ ဖြတ်သွားဖြတ်လာတဲ့ကားတွေ နည်းနည်းပဲရှိတာ။ သူတို့ပေးတဲ့ရေနဲ့ အသက်ဆက်ခဲ့ရတယ်။ လူတစ်ယောက်ဆို ကျွန်တော့်ကို စာအုပ်အဟောင်းတစ်အုပ် ပေးပြီး “ဖတ်ကြည့်သူငယ်ချင်း၊ မင်းကြိုက်မှာ” လို့ ပြောသွားတယ်။ နာဇီချွေးတပ်စခန်းက ယေဟောဝါသက်သေတွေရဲ့ အကြောင်းရေးထားတဲ့ စာအုပ်ဖြစ်နေတယ်။ အဖွဲ့အစည်း ထုတ်ထားတာတော့ မဟုတ်ဘူး။

 ဘန်နဲ့ကျွန်တော် တစ်နှစ်နီးပါးလောက် ရှေ့ဆောင် အတူလုပ်ကြတယ်။ နှုတ်ဆက်ခွဲခွာချိန်မှာ “ညီအစ်ကို၊ ဆက်ကြိုးစားသွားနော်” လို့ သူ ကျွန်တော့်ကို မှာသွားတယ်။ ဘုရားလုပ်ငန်းမှာ ဘန်ရဲ့ဆည်းကပ်မြှုပ်နှံမှု၊ ထက်သန်မှုကို ကြည့်ပြီး အချိန်ပြည့်အမှုဆောင်သွားမယ်ဆိုတဲ့ ကျွန်တော့်ရဲ့စိတ်ပိုင်းဖြတ်ချက် ပိုခိုင်မာလာတယ်။

ဂိလဒ်သင်တန်းတက်ပြီး ထိုင်ဝမ်ကိုရောက်

 ဩစတြေးလျကုန်းတွင်းပိုင်းမှာ နှစ်အနည်းငယ် ရှေ့ဆောင်ဆက်လုပ်ပြီးနောက် တိုက်နယ်ကြီးကြပ်မှူးအဖြစ် ခန့်အပ်ခံရတယ်။ အသင်းတော်တွေ၊ သီးခြားအုပ်စုတွေမှာ တစ်ပတ်၊ တစ်ပတ်ကျော်နေပြီး အမှုဆောင်ရတာပါ။ နှစ်တွေတစ်လျှောက် တိုက်နယ်လေးခုမှာ တာဝန်ကျတယ်။ ကွင်းစလန်၊ နယူးဆောက်ဝေးလ်ပြည်နယ်တွေက အသင်းတော်တွေဆီ လည်ပတ်ရတာ။ မမျှော်လင့်ဘဲ ၁၉၇၁ ခုနှစ်မှာ နယူးယောက်က ယေဟောဝါသက်သေတွေရဲ့ သာသနာပြုကျောင်းမှာ ၅၁ ကြိမ်မြောက် ဂိလဒ်သင်တန်းတက်ဖို့ ဖိတ်ခေါ် ခံရတယ်။ အဲဒီမှာ ကျမ်းစာကို ငါးလတာ အပြင်းအထန် လေ့လာရတယ်။ အတန်းဖော်တွေ၊ ပို့ချသူတွေနဲ့ ပေါင်းသင်းရတာလည်း အားရှိစရာပါပဲ။ သင်တန်းအပြီးမှာတော့ ထိုင်ဝမ်မှာ သာသနာပြုအဖြစ် ထမ်းဆောင်ဖို့ အသင့်ဖြစ်နေပြီ။

ဂိလဒ်သင်တန်း

 ကျွန်တော်တို့သင်တန်းသား ကိုးယောက်က ထိုင်ဝမ်မှာ တာဝန်ကျတယ်။ နယူးဇီလန်နိုင်ငံက အီရန် ဘရောင်းလည်း ပါတယ်။ သူက ကျွန်တော့်သာသနာပြုတွဲဖက် ဖြစ်လာတယ်။ ထိုင်ဝမ်အကြောင်း ကျွန်တော်တို့ ဘာဆို ဘာမှမသိဘူး။ မြေပုံမှာ ကြည့်မှပဲ ဘယ်နေရာမှာလဲဆိုတာ သိသွားတော့တယ်။

 ထိုင်ဝမ်က ကွင်းစလန်ကုန်းတွင်းပိုင်းနဲ့တော့ တခြားစီပဲ။ ဦးဆုံးအခက်အခဲကတော့ တရုတ်စကား သင်ရတာပါ။ ယုံကြည်ခြင်းခိုင်ခံ့အောင် ကူညီပေးတဲ့ အသင်းတော်အစည်းအဝေးတွေမှာ ဘာတွေပြောနေမှန်း တော်တော်ကြာတဲ့အထိ နားမလည်ခဲ့ဘူး။ ညီအစ်ကို/မတွေနဲ့လည်း စကားမပေါက်ဘူး။ ဒါကြောင့် ဂိလဒ်သင်တန်းမှာ အများကြီးလေ့လာသင်ယူခဲ့ရတာကိုးဆိုပြီး ကျွန်တော်နဲ့အီရန် သဘောပေါက်သွားတယ်။ ဒါ့အပြင် ကျမ်းစာ မှန်မှန်လေ့လာတာ၊ လှိုက်လှိုက်လှဲလှဲ ဆုတောင်းတာကလည်း ယုံကြည်ခြင်း ဆက်ခိုင်မာနေဖို့ ကူညီပေးတယ်။ ဒေသခံညီအစ်ကို/မတွေနဲ့ စကားမပေါက်ပေမဲ့ ကျွန်တော်တို့နဲ့ ယေဟောဝါအပေါ်ထားတဲ့ သူတို့ရဲ့မေတ္တာကြောင့် သိပ်ကိုအားရှိခဲ့ပါတယ်။

တရုတ်စကား သင်ယူ

 ထိုင်ဝမ်ကို ရောက်တာနဲ့ သာသနာပြုအားလုံး တရုတ်စကားပြောသင်တန်း စတက်ရတယ်။ သင်တန်းဆရာမကတော့ ၂၅ ကြိမ်မြောက် ဂိလဒ်သင်တန်းဆင်း သြစတြေးလျ ညီအစ်မ ကက်သလင်း လိုဂန်ပါ။ e ကျွန်တော်တို့တွေ စိတ်နှစ်ကိုယ်နှစ် သင်ယူကြတယ်။ သင်ပေးထားတဲ့အတိုင်း အမြန်ဆုံး အသုံးချကြတယ်။ အီရန်နဲ့ကျွန်တော် အမှုဆောင် ဦးဆုံးထွက်တဲ့နေ့တုန်းကပေါ့။ တင်ဆက်မှုအတိုလေးကို အလွတ်ကျက်ထားပြီး ဘယ်သူအရင်ဟောမလဲဆိုပြီး လုပ်နေကြတာ။ ဒါနဲ့ ကျွန်တော်က အကြီးပီပီ အာဏာကို အသုံးချပြီး သူ့ကို အရင်ဟောခိုင်းလိုက်တယ်။ အိမ်ရှင်က လူကြီးလူကောင်းဆန်တဲ့ တရုတ်အမျိုးသားပါ။ အီရန်တစ်ယောက် တရုတ်လို၊ အင်္ဂလိပ်လို ညှပ်ပြောနေတာကို သူ စိတ်ရှည်ရှည် နားထောင်ပေးရှာတယ်။ ပြီးလည်းပြီးကော ဘာကိစ္စများလဲဆိုပြီး သူက အင်္ဂလိပ်လို မေးလိုက်လို့ အံ့ဩသွားတာပဲ။ ကျွန်တော်တို့တွေ စကားဆက်ပြောကြတယ်။ ဆက်ကြိုးစားပါလို့လည်း သူက အားပေးတယ်။ သူ့အားပေးစကားကို ကြားပြီး ဘန်ပြောခဲ့သလို “ဆက်ကြိုးစားသွား” ဖို့ ယုံကြည်မှုရှိလာတယ်။

 ကျွန်တော်တို့က မြို့တော်တိုင်ပေမှာ ဟောရတာ။ အဲဒီတုန်းက ယေဟောဝါသက်သေနည်းနည်းလေးပဲ ရှိတယ်။ လူအများစုက ဘုရားနိုင်ငံတော်သတင်းကို မကြားဖူးကြဘူး။ အီရန်နဲ့ကျွန်တော် အင်တိုက်အားတိုက် စဟောတယ်။ တစ်လတစ်လကို မဂ္ဂဇင်း ရာနဲ့ချီ ဝေငှတယ်။ တချို့ကတော့ ကျွန်တော်တို့ ဘယ်သူတွေလဲ၊ ဘာပြောချင်တာလဲဆိုတာ သိချင်လို့ မဂ္ဂဇင်းတွေ ယူကြတာဖြစ်မယ်။ ဘာပဲဖြစ်ဖြစ်၊ စိတ်ရင်းမှန်သူတချို့ အမှန်တရား လက်ခံမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ အမှန်တရားမျိုးစေ့ကို အတတ်နိုင်ဆုံး ကြဲခဲ့ကြတယ်။

ဘဝလက်တွဲဖော်ရဲ့ ထောက်မမှု

၁၉၇၄ ခုနှစ်၊ ဝမ်ဟွာနဲ့ ကျွန်တော် အမှုဆောင်ထွက်နေစဉ်

 ထိုင်ဝမ်မှာအမှုဆောင်ရင်း ဝမ်ဟွာလို့ခေါ်တဲ့ ထိုင်ဝမ်ညီအစ်မတစ်ယောက်နဲ့ ခင်မင်လာတယ်။ သူက အမှန်တရားကို ချစ်တယ်။ သူ့လိုပဲ ထိုင်ဝမ်လူမျိုးတွေကို ကျမ်းစာကနေ အကျိုးရစေချင်တယ်။ ဒါကြောင့် ကျွန်တော်အပါအဝင် သာသနာပြု အတော်များများကို တရုတ်စကား ကျွမ်းကျင်လာအောင် ကူညီပေးတယ်။ လုပ်ရည်ကိုင်ရည်ရှိတဲ့ ဒီညီအစ်မကို ကျွန်တော် ချစ်မိသွားပြီး ၁၉၇၄ မှာ ကျွန်တော်တို့ လက်ထပ်လိုက်တယ်။

 သာသနာပြုတွေ ပိုထိထိရောက်ရောက် အမှုဆောင်နိုင်ဖို့ ဝမ်ဟွာ ကူညီပေးတယ်။ ဥပမာ၊ ထိုင်ဝမ်လူမျိုးတွေရဲ့ အတွေးအခေါ်နဲ့ယဉ်ကျေးမှုကို သဘောပေါက်ဖို့၊ ဗုဒ္ဓဘာသာဝင်နဲ့ တာအိုဘာသာဝင်တွေ အများစုနေထိုင်တဲ့ ရပ်ကွက်မှာ အလိုက်သင့် တင်ဆက်နိုင်ဖို့ ကူညီပေးတယ်။ ဘိုးဘေးကိုးကွယ်တဲ့သူတွေဆိုတော့ အများစုက ကျမ်းစာဆို မဖတ်ဖူးကြဘူး။ မြင်တောင် မမြင်ဖူးကြဘူး။ ဒါကြောင့် ဖန်ဆင်းရှင်နာမည် ယေဟောဝါဖြစ်ကြောင်း၊ ဖန်ဆင်းရှင်ရှိတယ်ဆိုတာ ဘာကြောင့်စိတ်ချနိုင်ကြောင်း အသားပေး တင်ဆက်ကြတယ်။ ဥပမာ၊ လယ်သမား၊ တံငါသည်တစ်ယောက်က “အစားအစာရဖို့ မိုးလေဝသကို အားကိုးရတာပေါ့” လို့ပြောလာတဲ့အခါ ကျွန်တော်တို့က “ဒီအစားအစာတွေ ထောက်ပံ့ပေးနေသူက ဘယ်သူများဖြစ်မလဲ။ အရာအားလုံးကို ဖန်ဆင်းတဲ့ တန်ခိုးကြီးဘုရားတစ်ပါး မဖြစ်နိုင်ဘူးလား။ အဲဒီဘုရားကို ကိုးကွယ်ထိုက်တယ် မဟုတ်လား” လို့ ပြောတယ်။

၁၉၇၅ ခုနှစ်တုန်းက ဝမ်ဟွာနဲ့အတူ

 အချိန်ကုန်လာတာနဲ့အမျှ ကြိုးစားပမ်းစား လုပ်ခဲ့တာတွေ အရာထင်လာပါပြီ။ စိတ်ရင်းမှန်သူတွေရဲ့နှလုံးသားထဲ နိုင်ငံတော်မျိုးစေ့ ရောက်သွားတယ်။ ကျမ်းစာသင်သားတချို့ဆိုရင် အမြစ်စွဲနေတဲ့ အယူမှားယုံကြည်ချက်တွေ၊ ကျမ်းစာနဲ့မညီတဲ့ ထုံးစံတွေကို စွန့်လွှတ်ဖို့ အတော်လေး ကြိုးစားခဲ့ရတယ်။ ဒါပေမဲ့ သာသနာပြုတွေ၊ နယ်ခံကြေညာသူတွေရဲ့ အကူအညီနဲ့ သူတို့အောင်မြင်ခဲ့တယ်။ သူတို့ရဲ့ဘဝ တိုးတက်လာတယ်။ (ယောဟန် ၈:၃၂) နောက်ပိုင်း ညီအစ်ကို အတော်များများ အကြီးအကဲ၊ အသင်းတော်အမှုထမ်းတွေ ဖြစ်လာတယ်။ ညီအစ်ကို/မ တချို့လည်း ဗေသလအပါအဝင် အချိန်ပြည့်အမှုဆောင်လုပ်ငန်းမှာ ပါဝင်လာတယ်။

 ၁၉၇၆ ကစပြီး ကျွန်တော် ထိုင်ဝမ်ဌာနခွဲကော်မတီဝင် ဖြစ်လာတယ်။ တစ်ဖက်မှာလည်း သာသနာပြုလုပ်ရင်းပေါ့။ ၁၉၈၁ ရောက်တော့ ဝမ်ဟွာနဲ့ကျွန်တော် ဗေသလကို ဖိတ်ခေါ် ခံရတယ်။ ဌာနခွဲကော်မတီဝင်အဖြစ် နှစ်ပေါင်းများစွာ ဆက်အမှုဆောင်ခဲ့တယ်။ အချိန်ပြည့်အမှုဆောင်လုပ်ငန်းမှာ ပါဝင်လာတာ အခုဆို အနှစ် ၆၀ ကျော်သွားပါပြီ။ ထိုင်ဝမ်မှာ အနှစ် ၅၀ ကျော်၊ ချစ်ဇနီးနဲ့ အနှစ် ၅၀ နီးပါးပေါ့။ ကျွန်တော်ရဲ့ သာသနာပြုတွဲဖက်ဟောင်းလည်းဖြစ် သူငယ်ချင်းလည်းဖြစ်တဲ့ အီရန် ဘရောင်းဟာ ၂၀၁၃ ခုနှစ်မှာ ဆုံးသွားတယ်။ ကွယ်လွန်ချိန်အထိ သူ ဒီမှာပဲ အချိန်ပြည့်အမှုဆောင်ခဲ့တာ။

၁၉၉၇ ခုနှစ်၊ ထိုင်ဝမ်ဗေသလ ရုံးခန်းမှာ အလုပ်လုပ်နေစဉ်

 ဝမ်ဟွာနဲ့ကျွန်တော် ဗေသလမှာ၊ တရုတ်စကားပြောအသင်းတော်မှာ၊ အမှုဆောင်မှာ ဆက်အလုပ်များနေကြပါတယ်။ ဒီအဖိုးတန် အခွင့်အရေးတွေအတွက် ယေဟောဝါကို ကျေးဇူးတင်မိတယ်။ လူငယ်ဘဝမှာ စိတ်နှလုံးအကြွင်းမဲ့ အမှုဆောင်နိုင်ဖို့ ဘုရားသခင်က ကျွန်တော့်ကို လုပ်ချင်စိတ်ကော၊ လုပ်နိုင်စွမ်းပါပေးပြီး ကူညီခဲ့သလို ဝမ်ဟွာနဲ့ ကျွန်တော် အသက်ကြီးလာချိန်မှာလည်း ကူညီပေးနေတုန်းပါပဲ။

a အထူးရှေ့ဆောင်ဆိုတာ အချိန်ပြည့် အမှုဆောင်တစ်ယောက်ဖြစ်ပြီး ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးက သူတို့ကို ကျမ်းစာသင်ပေးသူတွေ ပိုလိုအပ်တဲ့နေရာဆီ စေလွှတ်တယ်။

b ဘန်နက် ဘရစ်ကယ်ရဲ့ ဘဝအတ္ထုပ္ပတ္တိကို ၁၉၇၂ ခုနှစ်၊ စက်တင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင် (လိပ်) မှာ ဖတ်နိုင်ပါတယ်။

c ဘုရားနိုင်ငံတော်သတင်းကောင်းကို အဝေးကြီးကနေလည်း ကြားရအောင် ကားမှာ အသံချဲ့စက်တပ်ထားတာပါ။

d ကွင်းစလန်ပြည်နယ် (Gulf Country) မှာ ညီအစ်ကို/မတွေ ဟောပြောပုံအကြောင်း သိချင်ရင် သီးခြားရပ်ကွက်မှာ သက်သေခံခြင်း—ဩစတြေးလျ ဗီဒီယိုကိုကြည့်ပါ။

e ဟာဗေးနဲ့ ကက်သလင်း လိုဂန်ရဲ့ ဘဝအတ္ထုပ္ပတ္တိကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလထုတ် ကင်းမျှော်စင်မှာ ဖတ်နိုင်ပါတယ်။