ဘဝအတ္ထုပ္ပတ္တိ
ပညာရှိသူတွေနဲ့ ပေါင်းသင်းခြင်းကနေ အကျိုးရရှိခဲ့
အမေရိကန်နိုင်ငံ၊ တောင် ဒါကိုတာပြည်နယ်၊ ဘရွတ်ကင်းမြို့ရဲ့ အေးစိမ့်နေတဲ့ တစ်မနက်။ မကြာခင်မှာ ဒေသတစ်ခုလုံး အေးခဲလာတော့မယ်။ အဲဒီနေ့မှာပဲ ကျွန်တော်တို့အုပ်စုလေးဟာ အေးစိမ့်နေတဲ့ ကျီထဲမှာ ရှိနေလို့ အံ့ဩသွားကြပါလိမ့်မယ်။ ရေအေးဖြည့်ထားတဲ့ တိရစ္ဆာန်စားကျင်းရှေ့မှာ ကျွန်တော်တို့ ရပ်နေကြတယ်။ အကြောင်းရင်းကို သိဖို့ နောက်ကြောင်း အနည်းငယ် ပြောပြပါရစေ။
အစောပိုင်း မိသားစုဘဝ
၁၉၃၆ ခုနှစ်၊ မတ်လ ၇ ရက်မှာ ကျွန်တော် မွေးဖွားလာတယ်။ သားသမီးလေးယောက်ထဲမှာ အငယ်ဆုံးပါ။ တောင် ဒါကိုတာပြည်နယ် အရှေ့ပိုင်းက မွေးမြူရေးခြံလေးမှာ ကျွန်တော်တို့ နေတယ်။ စိုက်ပျိုးမွေးမြူရေးဟာ ကျွန်တော်တို့ မိသားစုအတွက် အရေးပါပေမဲ့ အရေးကြီးဆုံးတော့ မဟုတ်ဘူး။ ၁၉၃၄ ခုနှစ်မှာ မိဘတွေဟာ ယေဟောဝါသက်သေတွေအဖြစ် နှစ်ခြင်းခံခဲ့ကြတယ်။ ကောင်းကင်ဖခင် ယေဟောဝါဆီ ဆက်ကပ်အပ်နှံထားလို့ ဘုရားအလိုတော် ထမ်းဆောင်ခြင်းဟာ သူတို့ဘဝမှာ အရေးကြီးဆုံး ဖြစ်တယ်။ ကျွန်တော့်အဖေ ကလဲရန့်စ်နဲ့ နောက်ပိုင်းမှာ ဦးလေး အဲဖရက်တို့က တောင် ဒါကိုတာ၊ ကွန်ဒေမြို့ အသင်းတော်ငယ်လေးမှာ ကုမ္ပဏီအမှုထမ်း (အခု အကြီးအကဲအဖွဲ့ ညှိနှိုင်းရေးမှူး) အဖြစ် ထမ်းဆောင်ခဲ့ကြတယ်။
အစည်းအဝေး တက်တာ၊ ကျမ်းစာပါ အနာဂတ် မျှော်လင့်ချက်အကြောင်း ပြောပြဖို့ တစ်အိမ်တက်ဆင်း သွားတာဟာ ကျွန်တော်တို့ မိသားစုရဲ့ လုပ်ရိုးလုပ်စဉ်ပဲ။ မိဘတွေရဲ့ ပုံသက်သေနဲ့ လေ့ကျင့်ပေးမှုက သားသမီးတွေအပေါ် အကြီးအကျယ် အကျိုးသက်ရောက်ခဲ့တယ်။ ကျွန်တော် ခြောက်နှစ်အရွယ်မှာ အစ်မ ဒိုရသီနဲ့ ကျွန်တော် ကြေညာသူ ဖြစ်လာတယ်။ ၁၉၄၃ ခုနှစ်မှာ အစည်းအဝေးကဏ္ဍတစ်ခု ဖြစ်လာတဲ့ ဟောပြောသွန်သင်ခြင်းသင်တန်းမှာ ပါဝင်ခဲ့တယ်။
ခရိုင် အစည်းအဝေးတွေ၊ တိုက်နယ် အစည်းအဝေးတွေဟာ ကျွန်တော်တို့ဘဝမှာ အရေးကြီးတယ်။ ၁၉၄၉ ခုနှစ်၊ တောင်
ဒါကိုတာ၊ စူးဖောလ်မြို့ ခရိုင်အစည်းအဝေးမှာ ဧည့်ဟောပြောသူက ညီအစ်ကို ဂရန့် စူတာ ဖြစ်တယ်။ “သင်ထင်သည်ထက် နောက်ကျနေ” ဆိုတဲ့ သူ့ဟောပြောချက်ကို အမှတ်ရနေတုန်းပဲ။ တည်ထောင်ပြီးဖြစ်တဲ့ ဘုရားနိုင်ငံတော် သတင်းကောင်း ကြေညာရာမှာ ဆက်ကပ်အပ်နှံထားတဲ့ ခရစ်ယာန်အားလုံး အပြည့်အဝ ပါဝင်သင့်တယ်လို့ အလေးပေး ပြောသွားတယ်။ အဲဒါက ယေဟောဝါဆီ ဆက်ကပ်အပ်နှံဖို့ ကျွန်တော့်ကို လှုံ့ဆော်ပေးခဲ့တယ်။ ဒါကြောင့် ဘရွတ်ကင်းမြို့ တိုက်နယ် အစည်းအဝေးနောက်တစ်ခုမှာ အစပိုင်း ဖော်ပြခဲ့တဲ့အတိုင်း အေးစိမ့်နေတဲ့ကျီထဲ ရောက်နေတာပေါ့။ တိရစ္ဆာန်စားကျင်းဟာ ၁၉၄၉၊ နိုဝင်ဘာ ၁၂ ရက်မှာ ကျွန်တော်တို့ လေးယောက်အတွက် နှစ်ခြင်း “ကန်” ဖြစ်ခဲ့တယ်။အဲဒီအချိန်ကစပြီး ရှေ့ဆောင်လုပ်ဖို့ ပန်းတိုင်ထားတယ်။ ၁၉၅၂၊ ဇန်နဝါရီ ၁၊ အသက် ၁၅ နှစ်အရွယ်မှာ ရှေ့ဆောင်စလုပ်ခဲ့တယ်။ “ပညာရှိတို့နှင့် ပေါင်းဖော်သောသူသည် ပညာရှိတတ်၏” လို့ ကျမ်းစာမှာ ပြောထားတယ်။ ရှေ့ဆောင်လုပ်မယ်ဆိုတဲ့ ကျွန်တော့် ဆုံးဖြတ်ချက်ကို ပံ့ပိုးပေးတဲ့ ပညာရှိ မိသားစုဝင်များစွာ ရှိတယ်။ (သု. ၁၃:၂၀) အသက် ၆၀ အရွယ် ဦးလေး ဂျူလီယပ်က ကျွန်တော့်ရဲ့ ရှေ့ဆောင်အဖော်ပါ။ အသက်ကွာပေမဲ့ ရှေ့ဆောင်လုပ်ငန်းမှာ သိပ်ပျော်ခဲ့ကြတယ်။ သူ့အတွေ့အကြုံကနေ ပညာအများကြီး ရခဲ့တယ်။ မကြာခင်မှာပဲ ဒိုရသီလည်း ရှေ့ဆောင်ဖြစ်လာတယ်။
တိုက်နယ်ကြီးကြပ်မှူးများရဲ့ ပုဂ္ဂိုလ်ရေး စိတ်ဝင်စားမှု
ကလေးဘဝတုန်းက တိုက်နယ်ကြီးကြပ်မှူးနဲ့ ဇနီးတွေကို အိမ်မှာတည်းဖို့ မိဘတွေ ဖိတ်ခေါ်လေ့ရှိတယ်။ ကျွန်တော့်ကို အထူးကူညီပေးခဲ့တဲ့ မောင်နှံကတော့ ဂျက်စီနဲ့ လင်း ကန့်ဝဲတို့ပါပဲ။ ကျွန်တော် ရှေ့ဆောင်လုပ်ဖို့ ဆုံးဖြတ်တာ သူတို့ရဲ့ အားပေးမှုကြောင့်လည်း ပါတယ်။ သူတို့ရဲ့ ပုဂ္ဂိုလ်ရေး စိတ်ဝင်စားမှုကြောင့် ဘုရားရေးရာ ပန်းတိုင်တွေ ချမှတ်ချင်စိတ် ရှိလာတယ်။ အနီးနား အသင်းတော်တွေကို လည်ပတ်တဲ့အခါ သူတို့နဲ့အတူ အမှုဆောင်လုပ်ငန်းမှာ ပါဝင်ဖို့ ကျွန်တော့်ကို ဖိတ်ခေါ်တယ်။ တကယ့်ကို အားရှိစရာ၊ ပျော်စရာပါပဲ။
တိုက်နယ် နောက်တစ်တွဲကတော့ ဘတ်မီလာနဲ့ ဇနီး ဂျုံးပါပဲ။ အဲဒီတုန်းက ကျွန်တော် အသက် ၁၈ နှစ်ပြည့်ပြီး စစ်မှုထမ်းရေးကိစ္စ ကြုံနေရတယ်။ ဒေသခံ စစ်မှုထမ်း ကြီးကြပ်ရေး ကော်မတီရုံးက နိုင်ငံရေးမှာ ကြားနေပါဆိုတဲ့ ယေရှု မိန့်မှာချက်နဲ့ မညီတဲ့ စာရင်းထဲ ကျွန်တော့်ကို ထည့်ထားတယ်။ ကျွန်တော်က ဘုရားနိုင်ငံတော် သတင်းကောင်း ဟောချင်တာ။ (ယော. ၁၅:၁၉) ဒါနဲ့ အမှုတော်ဆောင် စာရင်းထဲ ထည့်ပေးဖို့ စစ်မှုထမ်း ကြီးကြပ်ရေး ကော်မတီရုံးကို အယူခံဝင်ခဲ့တယ်။
စစ်မှုထမ်း ကြီးကြပ်ရေး ကော်မတီရုံးမှာ အမှုကြားနာဖို့ သွားတဲ့အခါ ညီအစ်ကို မီလာ လိုက်ပေးလို့ စိတ်ထိမိခဲ့ရတယ်။ သူဟာ ပင်ကိုအားဖြင့် ပွင့်လင်းပြီး မကြောက်တတ်ဘူး။ အဲဒီလို ရင့်ကျက်တဲ့ ပုဂ္ဂိုလ်မျိုး အနားမှာ ရှိနေလို့ စိတ်အားတက်ခဲ့ရတယ်။ ကြားနာမှု ရလဒ်အနေနဲ့ ၁၉၅၄ ခုနှစ်၊ နွေရာသီ အကုန်ပိုင်းမှာ အမှုတော်ဆောင်အဖြစ် အသိအမှတ်ပြုခံခဲ့ရတယ်။ ဒါကြောင့် ဘုရားရေးရာပန်းတိုင် နောက်တစ်ခု တက်လှမ်းဖို့ လမ်းပွင့်လာတယ်။
အဲဒီအချိန် ဗေသလမှာ အမှုဆောင်ဖို့ ဖိတ်ခေါ်ခံရတယ်။ နယူးယောက်ပြည်နယ်၊ စတက်တင်အိုင်းလန်းမြို့၊ ကင်းမျှော်စင်ခြံမှာ အလုပ်လုပ်ရမယ်။ အဲဒီမှာ သုံးနှစ်လောက် အမှုဆောင်ခွင့် ရခဲ့တယ်။ ပညာရှိသူများစွာနဲ့ တွဲလုပ်ခဲ့ရလို့ အတွေ့အကြုံကောင်းများစွာ ရရှိခဲ့တယ်။
ဗေသလလုပ်ငန်း
စတက်တင်အိုင်းလန်းမြို့က ခြံမှာ WBBR ရေဒီယို အသံလွှင့်ရုံလည်း ရှိတယ်။ ၁၉၂၄ ခုနှစ်ကနေ ၁၉၅၇ ခုနှစ်အထိ ယေဟောဝါသက်သေတွေ အသံလွှင့်ခဲ့တယ်။ ကင်းမျှော်စင်ခြံမှာ ဗေသလအိမ်သား ၁၅ ယောက်၊ အယောက် ၂၀ လောက်ပဲ ရှိတယ်။ အများစုဟာ ငယ်ရွယ်ကြတယ်။ အတွေ့အကြုံ သိပ်မရှိကြဘူး။ ဒါပေမဲ့ အသက်ကြီး ဘိသိက်ခံ ညီအစ်ကို အယ်ဒန် ဝုဝေါ့ ရှိတယ်။ သူဟာ တကယ့်ပညာရှိပါပဲ။ ဖခင်တစ်ယောက်လို စိတ်ဝင်စားမှုက ကျွန်တော်တို့ကို ရင့်ကျက်တည်ငြိမ်စေတယ်။ တခြားသူတွေရဲ့ မစုံလင်မှုကြောင့် ခက်ခဲလာတဲ့ အခြေအနေတစ်ခုမှာ ညီအစ်ကို ဝုဝေါ့က “လုပ်စရာရှိတာကို ပြီးမြောက်အောင် သခင် လုပ်ဆောင်နေတာ အံ့ဩစရာပါပဲ” လို့ ပြောလေ့ရှိတယ်။
ကျွန်တော်တို့နဲ့အတူ ညီအစ်ကို ဖရက်ဒရစ် ဖရန့်စ် ရှိနေတာလည်း အခွင့်ထူးတစ်ရပ်ပါပဲ။ သူ့ရဲ့ ဉာဏ်ပညာနဲ့ ကျမ်းစာအသိပညာက ကျွန်တော်တို့အားလုံးအပေါ် ကောင်းကျိုးသက်ရောက်ခဲ့တယ်။ ကျွန်တော်တို့ တစ်ယောက်ချင်းစီကို ပုဂ္ဂိုလ်ရေး စိတ်ဝင်စားမှု ပြခဲ့တယ်။ စားဖိုမှူးကတော့ ဟယ်ရီ ပီတာစန်ပါ။ နာမည်ရင်း ပါပါဂီရိုပိုလိုထက် မိသားစုနာမည်ကို ခေါ်ရတာ ပိုလွယ်တယ်။ သူလည်း ဘိသိက်ခံပဲ။ အမှုဆောင်လုပ်ငန်းမှာ သိပ်ထက်သန်တယ်။ ဗေသလမှာ ကြိုးစားပမ်းစား လုပ်ပေမဲ့ အမှုဆောင်လုပ်ငန်းကို ဘယ်တော့မှ လျစ်လျူမရှုဘူး။ လတိုင်း မဂ္ဂဇင်းရာချီ ဝေငှလေ့ရှိတယ်။ ကျမ်းစာအသိပညာ ကြွယ်ဝပြီး ကျွန်တော်တို့ရဲ့ မေးခွန်းများစွာကို ဖြေပေးတယ်။
ပညာရှိ ညီအစ်မများထံမှ အကျိုးရရှိခြင်း
ကင်းမျှော်စင်ခြံမှာ စည်သွတ်ဘူးတွေ ထုတ်တယ်။ တစ်နှစ်တစ်နှစ်ကို ဗေသလမိသားစု တစ်ခုလုံးအတွက် အသီးနဲ့
ဟင်းသီးဟင်းရွက် ပုံး ၄၅,၀၀၀ လောက် စည်သွတ်ပေးတယ်။ ဒီနေရာမှာ ပညာရှိ ညီအစ်မ အီတာ ဟပ်နဲ့ တွဲလုပ်ခွင့် ရခဲ့တယ်။ စည်သွတ်လုပ်ငန်းအတွက် ပါဝင်ပစ္စည်းတွေကို ညီအစ်မ အီတာ တာဝန်ယူရတယ်။ စည်သွတ်ရာသီအတွင်း ဒေသခံ ညီအစ်မတွေ လာကူညီပေးကြတယ်။ အီတာ စီမံကွပ်ကဲပေးရတယ်။ စည်သွတ်လုပ်ငန်းမှာ အီတာ အဓိက ကျပေမဲ့ ကင်းမျှော်စင်ခြံမှာ ကြီးကြပ်နေတဲ့ ညီအစ်ကိုတွေကို လေးစားမှု ပြတယ်။ သူဟာ ဘုရားရေးရာ ဦးစီးမှုကို လက်အောက်ခံရာမှာ ပုံသက်သေကောင်း ဖြစ်တယ်လို့ ကျွန်တော် ထင်တယ်။စည်သွတ်ရာမှာ လာကူညီပေးတဲ့ ညီအစ်မ တစ်ယောက်ကတော့ အန်ဂျလာ ရိုမာနိုပါ။ သူ သမ္မာတရားရဖို့ အီတာက ကူညီပေးခဲ့တယ်။ ဒီလိုနဲ့ ပညာရှိ ညီအစ်မတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပြီး လက်တွဲလာတာ ၅၈ နှစ် ရှိနေပြီ။ ၁၉၅၈ ခုနှစ်၊ ဧပြီလမှာ အန်ဂျီနဲ့ ကျွန်တော် လက်ထပ်ခဲ့ပြီး လုပ်ငန်းတော်အခွင့်ထူးများစွာ ရရှိခဲ့ကြတယ်။ နှစ်တွေတစ်လျှောက် ယေဟောဝါအပေါ် အန်ဂျီရဲ့ သစ္စာစောင့်သိမှုက ကျွန်တော်တို့ရဲ့ အိမ်ထောင်ရေးကို ခိုင်ခံ့စေခဲ့တယ်။ ဘာအခက်အခဲပဲ ကြုံရပါစေ သူ့ကို အပြည့်အဝ စိတ်ချနိုင်တယ်။
သာသနာပြုတာဝန်နဲ့ နယ်လှည့်လုပ်ငန်း
၁၉၅၇ ခုနှစ်မှာ စတက်တန် အိုင်းလန်းမှာရှိတဲ့ WBBR ကို ရောင်းလိုက်တဲ့အခါ ဘရွတ်ကလင် ဗေသလမှာ ခဏအမှုဆောင်ခဲ့ရတယ်။ အဲဒီနောက် အန်ဂျီနဲ့ ကျွန်တော် လက်ထပ်ပြီး ဗေသလကနေ ထွက်ခဲ့တယ်။ စတက်တန် အိုင်းလန်းမှာ သုံးနှစ်လောက် ရှေ့ဆောင်လုပ်ခဲ့တယ်။ အသံလွှင့်ရုံပိုင်ရှင်သစ်တွေဆီမှာ ခဏလောက် ဆက်လုပ်ခဲ့တယ်။ သူတို့က အသံလွှင့်ရုံကို WPOW လို့ ခေါ်ကြတယ်။
လိုအပ်တဲ့နေရာမှာ အမှုဆောင်ဖို့ အသင့်ဖြစ်အောင် အန်ဂျီနဲ့ ကျွန်တော် ရိုးရှင်းတဲ့ဘဝနဲ့ အသက်ရှင်ကြတယ်။ ဒါကြောင့် ၁၉၆၁ ခုနှစ် အစောပိုင်းမှာ နာဘရာစကာပြည်နယ်၊ ဖောလ်မြို့မှာ အထူးရှေ့ဆောင်တာဝန်ကို လက်ခံနိုင်ခဲ့တယ်။ မကြာခင်မှာပဲ နယူးယောက်၊ တောင် လန်ဆင်းမြို့မှာ ကျင်းပတဲ့ တစ်လကြာ နိုင်ငံတော် ဓမ္မအမှုသင်တန်း တက်ဖို့ ဖိတ်ခေါ်ခံရတယ်။ သင်တန်းတက်ရတာ သိပ်ပျော်ပြီး နာဘရာစကာကို ပြန်ရမယ် ထင်ခဲ့တယ်။ ဒါကြောင့် ကမ္ဘောဒီးယားမှာ သာသနာပြုအဖြစ် ထမ်းဆောင်ဖို့ တာဝန်သစ် ရတဲ့အခါ အံ့ဩခဲ့ရတယ်။ အရှေ့တောင်အာရှက လှပတဲ့နိုင်ငံကြောင့် တစ်ခါမှ မကြုံဖူးတဲ့ ရှုခင်း၊ အသံ၊ ရနံ့တွေ ခံစားခဲ့ရတယ်။ အဲဒီမှာ သတင်းကောင်းကို ပျံ့နှံ့စေချင်တယ်။
ဒါပေမဲ့ နိုင်ငံရေး အပြောင်းအလဲကြောင့် ဗီယက်နမ်တောင်ပိုင်းကို ပြောင်းရွှေ့ခဲ့ရတယ်။ နှစ်နှစ်အတွင်းမှာပဲ ကျွန်တော့်ရဲ့ ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာကြောင့် အိမ်ပြန်ခဲ့ရတယ်။ ကျန်းမာသန်စွမ်းလာဖို့ တစ်ခဏ အချိန်ယူခဲ့ရပေမဲ့ ပြန်ကျန်းမာလာတာနဲ့ အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်ခဲ့တယ်။
၁၉၆၅ ခုနှစ်၊ မတ်လမှာ နယ်လှည့်လုပ်ငန်းမှာ စတင်ပါဝင်ခဲ့တယ်။ အစည်းအဝေးကြီး အကြိုပြင်ဆင်မှုတွေ၊ အစည်းအဝေးကြီး အလုပ်တွေ အပါအဝင် တိုက်နယ်နဲ့ ခရိုင်လုပ်ငန်းမှာ ၃၃ နှစ် ပါဝင်ခဲ့ကြတယ်။ အစည်းအဝေးကြီးတွေကတော့ အမြဲ အမှတ်ရစရာပါပဲ။ အစည်းအဝေးကြီးတွေအတွက် စီစဉ်ဖွဲ့စည်းရတာ ပျော်စရာ ကောင်းတယ်။ နယူးယောက်စီးတီမှာ ရှိခဲ့တဲ့ နှစ်တွေအတွင်း ရန်ကီးအားကစားကွင်းမှာ အစည်းအဝေးကြီး အတော်များများ ကျင်းပခဲ့တယ်။
ဗေသလနဲ့ ကျမ်းစာသင်တန်းများ
အထူးအချိန်ပြည့်အမှုဆောင်တွေ ကြုံလေ့ရှိတဲ့အတိုင်း ခက်ခဲပြီး စိတ်လှုပ်ရှားစရာတာဝန်တွေ ကျွန်တော်တို့ကို စောင့်ကြိုနေတယ်။ ဥပမာ၊ ၁၉၉၅ ခုနှစ်တုန်းက ဓမ္မအမှုသင်တန်းမှာ ပို့ချပေးဖို့ တောင်းဆိုခံရတယ်။ သုံးနှစ်ကြာပြီးနောက် ဗေသလ
ကို ဖိတ်ခေါ်ခံရတယ်။ အထူးအချိန်ပြည့်လုပ်ငန်း စခဲ့တဲ့နေရာကို အနှစ် ၄၀ ကျော်ပြီးနောက်မှာ ပြန်လာရတာ ဝမ်းသာစရာပဲ။ သင်တန်းအတော်များများမှာ ပို့ချသူအဖြစ်နဲ့ လုပ်ငန်းတော်ဌာနမှာ ခဏထမ်းဆောင်ခဲ့တယ်။ ၂၀၀၇ ခုနှစ်မှာ အုပ်ချုပ်ရေးအဖွဲ့က ဗေသလမှာ ပို့ချနေတဲ့ သင်တန်းတွေကို ကျမ်းစာသင်တန်းများဌာနသစ်အောက် ထားရှိခဲ့တယ်။ အဲဒီဌာနမှာ ကြီးကြပ်မှူးအဖြစ် နှစ်အနည်းငယ် ထမ်းဆောင်ခွင့် ရခဲ့တယ်။ကျမ်းစာ ပညာပေးလုပ်ငန်းမှာ ထူးခြားတဲ့ အပြောင်းအလဲများစွာကို မကြာသေးခင်တုန်းက မြင်တွေ့ခဲ့ရတယ်။ ၂၀၀၈ ခုနှစ်မှာ အသင်းတော် အကြီးအကဲများအတွက် သင်တန်း စတင်ကျင်းပခဲ့တယ်။ နောက်နှစ်နှစ်အတွင်း ပက်တာစင်နဲ့ ဘရွတ်ကလင် ဗေသလမှာ အကြီးအကဲ ၁၂,၀၀၀ ကျော် သင်တန်းတက်ခဲ့ကြတယ်။ အဲဒီသင်တန်းကို လေ့ကျင့်ခံထားရတဲ့ ပို့ချသူတွေနဲ့ နေရာအတော်များများမှာ ဆက်လက်ကျင်းပနေတယ်။ ၂၀၁၀ ပြည့်နှစ်မှာ ဓမ္မအမှုသင်တန်းကို တစ်ကိုယ်ရေ ညီအစ်ကိုများအတွက် ကျမ်းစာသင်တန်းလို့ နာမည်ပြောင်းခဲ့တယ်။ ခရစ်ယာန်မောင်နှံများအတွက် ကျမ်းစာသင်တန်းကိုလည်း စတင်ကျင်းပခဲ့တယ်။
၂၀၁၅ လုပ်ငန်းတော်နှစ်ကစပြီး အဲဒီသင်တန်းနှစ်ခုကို သတင်းကောင်း ဟောပြောသူများအတွက် သင်တန်းအဖြစ် ပေါင်းစည်းလိုက်တယ်။ အိမ်ထောင်သည်တွေရော၊ တစ်ကိုယ်ရေ ညီအစ်ကို/မတွေပါ တက်ရောက်နိုင်တယ်။ ဌာနခွဲအတော်များများမှာ သင်တန်းကျင်းပမယ်ဆိုတာ သိရလို့ တစ်ကမ္ဘာလုံးမှာ စိတ်လှုပ်ရှားခဲ့ကြတယ်။ ကျမ်းစာပညာပေးလုပ်ငန်း ကျယ်ပြန့်လာတာ တွေ့ရလို့ စိတ်လှုပ်ရှားစရာပဲ။ သင်တန်းတက်နိုင်ဖို့ အပြောင်းအလဲ လုပ်ခဲ့တဲ့သူများစွာနဲ့ တွေ့ရတာ ကျေးဇူးတင်စရာပါပဲ။
တိရစ္ဆာန်စားကျင်းမှာ နှစ်ခြင်း မခံခင်အချိန်ကစပြီး နောက်ကြောင်း ပြန်ကြည့်လိုက်တဲ့အခါ အမှန်တရားလမ်းစဉ်မှာ ကူညီပေးခဲ့တဲ့ ပညာရှိသူတွေအတွက် ယေဟောဝါကို ကျေးဇူးတင်ပါတယ်။ သူတို့အားလုံးဟာ ကျွန်တော်နဲ့ သက်တူရွယ်တူတွေ၊ ယဉ်ကျေးမှုနောက်ခံ တူသူတွေ မဟုတ်ကြဘူး။ ဒါပေမဲ့ တကယ့် ရင့်ကျက်တဲ့ ခရစ်ယာန်တွေပါပဲ။ သူတို့ရဲ့ အပြုအမူ၊ သဘောထားမှာ ယေဟောဝါကို နက်နက်ရှိုင်းရှိုင်း ချစ်တဲ့မေတ္တာ ပေါ်လွင်နေတယ်။ ဘုရားရဲ့ အဖွဲ့အစည်းမှာ ကျွန်တော်တို့ ပေါင်းသင်းနိုင်စရာ ပညာရှိသူများစွာ ရှိပါတယ်။ သူတို့နဲ့ ပေါင်းသင်းခဲ့လို့ အမှန်တကယ် အကျိုးရရှိခဲ့ပါတယ်။