“လက်တွေ့ကျ ဉာဏ်ပညာကို ကာကွယ်စောင့်ရှောက်” နေသလား
တောရွာလေးတစ်ရွာမှာ ဆင်းရဲသားကောင်လေးတစ်ယောက် ရှိတယ်။ ဉာဏ်ထိုင်းတယ်ဆိုပြီး သူ့ကို လူတွေ လှောင်ပြောင်ကြတယ်။ ဧည့်သည်တွေ လာတဲ့အခါ ရွာသားတချို့က သူ့ကိုခေါ်ပြီး ဟာသလုပ်ကြတယ်။ ငွေဒင်္ဂါးကြီးတစ်ခုနဲ့ ငွေဒင်္ဂါးထက် နှစ်ဆတန်ဖိုးရှိတဲ့ ရွှေဒင်္ဂါးငယ်တစ်ခုကို ထုတ်ပြပြီး “ကြိုက်တာ တစ်ခုရွေး” လို့ပြောတတ်ကြတယ်။ ကောင်လေးက ငွေဒင်္ဂါးကို ယူပြီး ထွက်ပြေးသွားလေ့ရှိတယ်။
တစ်နေ့တော့ ဧည့်သည်တစ်ယောက်က “ငွေဒင်္ဂါးထက် ရွှေဒင်္ဂါး ပိုတန်ဖိုးရှိမှန်း မသိဘူးလား” လို့ ကောင်လေးကို မေးတယ်။ ကောင်လေးက ပြုံးပြီး “သိတာပေါ့” လို့ဖြေတယ်။ “ဒါဆိုရင် ငွေဒင်္ဂါးကို ဘာလို့ ယူတာလဲ။ ရွှေဒင်္ဂါးကို ယူရင် ပိုက်ဆံ နှစ်ဆ ပိုရမှာပေါ့” လို့ပြောတော့ ကောင်းလေးက “ရွှေဒင်္ဂါးသာ ယူလိုက်ရင် ကျွန်တော့်ကို လူတွေ ဘယ်ဟာသ လုပ်တော့မလဲ။ အခု ကျွန်တော့်မှာ ငွေဒင်္ဂါး ဘယ်လောက် ရနေပြီဆိုတာ သိသလား” လို့ပြန်ပြောတယ်။ ဒီပုံပြင်လေးထဲက ကောင်လေးမှာ လက်တွေ့ကျဉာဏ်ပညာ ရှိတယ်။ အဲဒီကနေ လူကြီးတွေလည်း အကျိုးရရှိနိုင်တယ်။
“လက်တွေ့ကျ ဉာဏ်ပညာနဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းကို ကာကွယ်စောင့်ရှောက်ပါ။ အဲဒီအခါ မင်းဟာ လမ်းခရီးမှာ ဘေးကင်းလုံခြုံစွာ လျှောက်ရလိမ့်မယ်။ ဘယ်တော့မှ ခလုတ်တိုက်လဲမှာ မဟုတ်ဘူး” လို့ ကျမ်းစာမှာ ပြောတယ်။ (သု. ၃:၂၁၊ ၂၃၊ ကဘ) “လက်တွေ့ကျ ဉာဏ်ပညာ” ကို သိရှိခြင်း၊ အသုံးပြုခြင်းက ကျွန်တော်တို့ကို ဘေးကင်းစေတယ်။ ခလုတ်မတိုက်၊ လမ်းမလွဲစေဘဲ တည်တည်ငြိမ်ငြိမ် ရှိစေတယ်။
လက်တွေ့ကျ ဉာဏ်ပညာဆိုတာ ဘာလဲ
လက်တွေ့ကျ ဉာဏ်ပညာဟာ အသိပညာ၊ နားလည်နိုင်စွမ်းတို့နဲ့ ကွာတယ်။ အသိပညာရှိတဲ့သူက အချက်အလက်တွေကို ဆည်းပူးတယ်။ နားလည်နိုင်စွမ်းရှိသူဟာ အချက်အလက်တွေကို ဆက်စပ်တတ်တယ်။ ဉာဏ်ပညာရှိတဲ့သူကတော့ အသိပညာနဲ့ နားလည်နိုင်စွမ်းကို ပေါင်းပြီး လက်တွေ့ကျကျ လုပ်ဆောင်နိုင်တယ်။
ဥပမာ၊ လူတစ်ယောက်က သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ကို အချိန်တိုအတွင်း ဖတ်ရှုနားလည်နိုင်တယ်။ သင်အံမှုမှာလည်း မှန်မှန်ကန်ကန် ဖြေဆိုနိုင်တယ်။ အစည်းအဝေးတွေ တက်ပြီး မှတ်ချက်တွေ ကောင်းကောင်း ပေးနိုင်တယ်။ ဒါတွေက ဘုရားရေးရာဘက်မှာ တိုးတက်နေမှန်း ဖော်ပြတယ်။ ဒါပေမဲ့ သူ့မှာ ဉာဏ်ပညာရှိတယ်လို့ ဆိုနိုင်မလား။ မဆိုနိုင်ပါဘူး။ ဉာဏ်ကောင်းလို့သာ ဖြစ်တယ်။ အမှန်တရားနဲ့ပတ်သက်တဲ့ အသိပညာနဲ့ နားလည်နိုင်စွမ်းကို မှန်မှန်ကန်ကန်၊ လက်တွေ့အသုံးချတတ်မှသာ ပညာရှိသူ ဖြစ်လာနိုင်တယ်။ သေသေချာချာ စဉ်းစားပြီးချတဲ့ ဆုံးဖြတ်ချက်တွေ အောင်မြင်မှု ရတဲ့အခါ သူ့မှာ လက်တွေ့ကျ ဉာဏ်ပညာ ရှိမှန်း ထင်ရှားတယ်။
မဿဲ ၇:၂၄-၂၇ မှာ အိမ်ဆောက်သူ နှစ်ယောက်အကြောင်း ယေရှု ပြောတယ်။ တစ်ယောက်က “ပညာရှိသောသူ” ဖြစ်တယ်။ ဖြစ်လာနိုင်တဲ့အရာကို ကြိုတင်စဉ်းစားပြီး ကျောက်ပေါ်မှာ အိမ်ဆောက်တယ်။ အမြော်အမြင် ရှိပြီး လက်တွေ့ကျတယ်။ သဲပေါ်မှာ အိမ်ဆောက်လိုက်ရင် စျေးသက်သာပြီး ပိုမြန်မယ်လို့ မစဉ်းစားဘူး။ ရေရှည်အကျိုးကို ပညာရှိရှိ ထည့်စဉ်းစားတယ်။ ဒါကြောင့် မုန်တိုင်းတိုက်တဲ့အခါ သူ့အိမ်ဟာ ဘေးကင်းလုံခြုံတယ်။ ဒါဆိုရင် အဖိုးတန်အရည်အသွေးဖြစ်တဲ့ လက်တွေ့ကျ ဉာဏ်ပညာကို ဘယ်လို ရရှိနိုင်သလဲ။ ဘယ်လို ကာကွယ်စောင့်ရှောက်နိုင်သလဲ။
ဘယ်လို ရရှိနိုင်သလဲ
ဦးဆုံး၊ မိက္ခာ ၆:၉ (ကဘ) မှာ “လက်တွေ့ကျ ဉာဏ်ပညာ ရှိသူတွေက နာမတော်ကို ကြောက်ရွံ့ရိုသေကြလိမ့်မယ်” လို့ဆိုထားတယ်။ ယေဟောဝါရဲ့ နာမတော်ကို ကြောက်ရွံ့ခြင်းဆိုတာ ကိုယ်တော့်ကို လေးစားခြင်းပါပဲ။ ဘုရားစံနှုန်းတွေ အပါအဝင် နာမတော် ကိုယ်စားပြုတဲ့အရာကို ကြည်ညိုလေးမြတ်ခြင်းဖြစ်တယ်။ တစ်ယောက်ယောက်ကို လေးစားဖို့ သူ့စဉ်းစားတွေးခေါ်ပုံကို သိရှိရမယ်။ ဒါမှ သူ့ကို အားကိုးနိုင်မယ်။ သူ့ဆီကနေ သင်ယူနိုင်ပြီး တုပနိုင်မယ်။ ကိုယ့်လုပ်ရပ်က ယေဟောဝါနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးအပေါ် ဘယ်လို ရေရှည်အကျိုးသက်ရောက်မယ်ဆိုတာ ထည့်တွက်စဉ်းစားပြီး ကိုယ်တော့်စံနှုန်းတွေနဲ့အညီ ဆုံးဖြတ်ချက် ချမယ်ဆိုရင် လက်တွေ့ကျ ဉာဏ်ပညာ ရရှိပါလိမ့်မယ်။
ဒုတိယ၊ သုတ္တံ ၁၈:၁ (ကဘ) မှာ “တစ်သီးပုဂ္ဂလနေတဲ့သူဟာ အတ္တဆန္ဒနောက်ကိုပဲ လိုက်တတ်တယ်။ လက်တွေ့ကျ ဉာဏ်ပညာ မှန်သမျှကို ငြင်းပယ်တတ်တယ်” လို့ဆိုထားတယ်။ ဂရုမစိုက်ဘူးဆိုရင် ယေဟောဝါနဲ့ရော ကိုယ့်တော်လူမျိုးနဲ့ပါ ဝေးကွာသွားနိုင်တယ်။ အဲဒီလိုမဖြစ်ဖို့ ဘုရားနာမတော်ကို ကြောက်ရွံ့ပြီး ကိုယ်တော့်စံနှုန်းတွေကို လေးစားသူတွေနဲ့ အချိန်ပေးပေါင်းသင်းရမယ်။ အတတ်နိုင်ဆုံး နိုင်ငံတော်ခန်းမမှာ အစည်းအဝေး တက်ပြီး အသင်းတော်နဲ့ မှန်မှန် ပေါင်းသင်းရမယ်။ အစည်းအဝေးမှာ ဟောပြောတဲ့အရာတွေကနေ အကျိုးရရှိဖို့ စိတ်နှလုံးတံခါးကို ဖွင့်ထားကြရမယ်။
အဲဒီအပြင် ယေဟောဝါဆီ ရင်ဖွင့်ဆုတောင်းမယ်ဆိုရင် ကိုယ်တော်နဲ့ ရင်းနှီးလာပါလိမ့်မယ်။ (သု. ၃:၅၊ ၆) ကျမ်းစာနဲ့ အဖွဲ့အစည်းထုတ် စာပေတွေကို စိတ်နှလုံးထဲရောက်အောင် ဖတ်တဲ့အခါ ကိုယ့်လုပ်ရပ်ရဲ့ ရေရှည်အကျိုးဆက်တွေကို သိမြင်လာနိုင်ပြီး လို အပ်သလို လုပ်ဆောင်လာနိုင်မယ်။ ရင့်ကျက်တဲ့ ညီအစ်ကိုတွေ အကြံပေးတဲ့အခါ လိုလိုလားလား လက်ခံဖို့လည်း လိုအပ်တယ်။ (သု. ၁၉:၂၀) ဒါဆိုရင် “လက်တွေ့ကျ ဉာဏ်ပညာ မှန်သမျှကို ငြင်းပယ်” မယ့်အစား ဒီအရည်အသွေးကို သန်စွမ်းစေပါလိမ့်မယ်။
လက်တွေ့ကျ ဉာဏ်ပညာက မိသားစုကို ဘယ်လို ကူညီပေးမလဲ
လက်တွေ့ကျ ဉာဏ်ပညာက မိသားစုတွေကို ကာကွယ်စောင့်ရှောက်ပေးနိုင်တယ်။ ဥပမာ၊ ဇနီးက ခင်ပွန်းဖြစ်သူကို “အလွန်ရိုသေ” ရမယ်လို့ ကျမ်းစာမှာ တိုက်တွန်းထားတယ်။ (ဧ. ၅:၃၃) အလွန်ရိုသေမှုကို ခင်ပွန်းတစ်ဦး ဘယ်လို ရရှိနိုင်သလဲ။ မရမက၊ ကြမ်းကြမ်းတမ်းတမ်း တောင်းဆိုမယ်ဆိုရင် တစ်ခဏတော့ ရပါလိမ့်မယ်။ ဇနီးက ထိပ်တိုက်မတွေ့ချင်လို့ ခင်ပွန်းရှိနေချိန်မှာ လေးစားပြပါလိမ့်မယ်။ ဒါပေမဲ့ ကွယ်ရာမှာ လေးစားချင်ပါ့မလား။ လေးစားချင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ရေရှည်အကျိုးဆက်ကို ခင်ပွန်းဖြစ်သူ ထည့်စဉ်းစားဖို့ လိုတယ်။ ချစ်ခြင်း၊ ကြင်နာခြင်းစတဲ့ စွမ်းအားတော် အရည်အသွေးတွေကို တင်ပြမယ်ဆိုရင် အလွန်ရိုသေမှုကို ရရှိပါလိမ့်မယ်။ ခင်ပွန်းဟာ လေးစားခံထိုက်သူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဇနီးဘက်ကတော့ လေးစားရပါမယ်။—ဂလ. ၅:၂၂၊ ၂၃။
ခင်ပွန်းက ဇနီးကို ချစ်ရမယ်လို့လည်း ကျမ်းစာမှာ ဆိုထားတယ်။ (ဧ. ၅:၂၈၊ ၃၃) ခင်ပွန်းရဲ့ ချစ်မြတ်နိုးမှုကို ရဖို့ ခင်ပွန်းသည် သိပိုင်ခွင့်ရှိပေမဲ့ မကြိုက်တာကို မပြောဘဲ ထိမ်ချန်ထားလိုက်ရင် ကောင်းမယ်လို့ ဇနီးဖြစ်သူ စဉ်းစားမိမယ်။ ဒါပေမဲ့ အဲဒါက လက်တွေ့ကျ ဉာဏ်ပညာ ဟုတ်သလား။ နောက်ပိုင်း ခင်ပွန်း သိသွားရင် ဘာဖြစ်လာမလဲ။ သူ့ကို ပိုချစ်လာမလား။ ချစ်ဖို့ ခက်သွားပါလိမ့်မယ်။ အဲဒီအစား ခင်ပွန်း မကြိုက်တဲ့ကိစ္စတွေကို သင့်တော်တဲ့အချိန်မှာ အေးအေးဆေးဆေး ပြောပြခြင်းအားဖြင့် ဇနီးရဲ့ ရိုးသားမှုကို လေးမြတ်လာပါလိမ့်မယ်။ ပိုချစ်လာပါလိမ့်မယ်။
သားသမီးတွေဟာ မိဘကို နာခံပြီး ယေဟောဝါရဲ့ နည်းလမ်းတွေအတိုင်း ဆုံးမခံသင့်တယ်။ (ဧ. ၆:၁၊ ၄) အဲဒီလိုပြောလို့ မိဘတွေမှာ ဆောင်ရန်၊ ရှောင်ရန် စာရင်းရှည်ကြီးတစ်ခု ထားရှိရမယ်လို့ ဆိုလိုသလား။ လက်တွေ့ကျ ဉာဏ်ပညာရှိတဲ့ မိဘက စည်းမျဉ်းတွေ၊ ပြစ်ဒဏ်တွေ ပြောပြရုံသာမက နာခံသင့်တဲ့ အကြောင်းရင်းတွေကိုလည်း နားလည်အောင် ကလေးတွေကို ကူညီပေးပါလိမ့်မယ်။
ဥပမာ၊ ကလေးက မိဘတစ်ယောက်ယောက်ကို မလေးမစား ပြောလိုက်တယ်ဆိုပါစို့။ ဆူပူကြိမ်းမောင်းလိုက်မယ်၊ အပြစ်ပေးလိုက်မယ်ဆိုရင် ကလေး အရှက်ရသွားနိုင်တယ်၊ နှုတ်ဆိတ်သွားနိုင်တယ်။ ဒါပေမဲ့ စိတ်နာပြီး မိဘတွေနဲ့ စိမ်းကားသွားနိုင်တယ်။
လက်တွေ့ကျ ဉာဏ်ပညာ ရှိထားတဲ့ မိဘတွေဟာ သားသမီးတွေကို ဆုံးမပုံ၊ နောင်တစ်ချိန်မှာ သားသမီးတွေအပေါ် အကျိုးသက်ရောက်ပုံကို ထည့်တွက်စဉ်းစားပါလိမ့်မယ်။ မိဘတွေ ရှက်ရှက်နဲ့ ချက်ချင်းလက်ငင်း မတုံ့ပြန်သင့်ဘူး။ သားသမီးတွေကို သီးသန့်ခေါ်တွေ့ပြီး သားသမီးတွေရဲ့ ထာဝရကောင်းကျိုးအတွက် မိဘတွေကို နာခံဖို့ ယေဟောဝါ တောင်းဆိုတဲ့အကြောင်း အေးအေးဆေးဆေး၊ မေတ္တာပါပါ ပြောပြပေးနိုင်တယ်။ မိဘတွေကို လေးစားတာက ယေဟောဝါကို ဂုဏ်တင်တာပဲဆိုတာ သဘောပေါက်လာပါလိမ့်မယ်။ (ဧ. ၆:၂၊ ၃) ဒီလိုကြင်ကြင်နာနာ ဆုံးမတာက ကလေးရဲ့ စိတ်နှလုံးကို ထိမိနိုင်တယ်။ မိဘတွေ တကယ်ဂရုစိုက်မှန်း သိလာတဲ့အခါ ပိုပြီးလေးစားတတ်လာမယ်။ နောက်ပိုင်း အရေးကြီးတဲ့ ကိစ္စတွေ ပေါ်လာတဲ့အခါ မိဘတွေဆီ အကူအညီ တောင်းတတ်လာပါလိမ့်မယ်။
မိဘတချို့က သားသမီး စိတ်ခုသွားမှာကို စိုးရိမ်ပြီး မဆုံးမကြဘူး။ ဒါဆိုရင် ကြီးလာတဲ့အခါ ဘယ်လို ဖြစ်သွားမလဲ။ ယေဟောဝါကို ကြောက်ရွံ့မလား။ ဘုရားစံနှုန်းတွေအတိုင်း လိုက်လျှောက်တာက ဉာဏ်ပညာရှိမှန်း သိပါ့မလား။ ယေဟောဝါဆီ ရင်ဖွင့်ဆုတောင်းချင်ပါ့မလား။ ဒါမှမဟုတ် ကိုယ့်ဘာသာကိုယ် တသီးတခြား နေလိုက်မလား။—သု. ၁၃:၁။ ၂၉:၂၁။
ပန်းပုပညာရှင်တစ်ယောက်က ထုမယ့်ပုံစံကို ကြိုစဉ်းစားတယ်။ သစ်သားစတွေကို ထွင်းထုတ်လိုက်ရုံနဲ့ လက်ရာမြောက်တဲ့ ပန်းပုရုပ်တစ်ရုပ် ရမယ်လို့ မမျှော်လင့်ဘူး။ လက်တွေ့ကျ ဉာဏ်ပညာရှိတဲ့ မိဘတွေက အချိန်ယူပြီး ယေဟောဝါရဲ့ စံနှုန်းတွေ လေ့လာကျင့်သုံးတဲ့အတွက် ကိုယ်တော့်ကို ကြောက်ရွံ့လာတယ်။ ယေဟောဝါနဲ့ရော အဖွဲ့အစည်းနဲ့ပါ သီးခြားမနေခြင်းအားဖြင့် လက်တွေ့ကျ ဉာဏ်ပညာ ရရှိလာပြီး မိသားစုကို တည်ဆောက်ရာမှာ အသုံးပြုတယ်။
အနာဂတ်အပေါ် အကျိုးသက်ရောက်မယ့် ဆုံးဖြတ်ချက်တွေကို ကျွန်တော်တို့ နေ့တိုင်း ချနေကြရတယ်။ ကောက်ကာငင်ကာ ဆုံးဖြတ်လိုက်တာမျိုး မလုပ်ဘဲ အသေအချာ စဉ်းစားပါ။ ရေရှည်ကို ကြည့်ပါ။ ယေဟောဝါရဲ့ လမ်းညွှန်ချက်ကို ရှာဖွေပြီး ကျင့်သုံးပါ။ ဒီနည်းအားဖြင့် လက်တွေ့ကျ ဉာဏ်ပညာကို ကာကွယ်စောင့်ရှောက်နိုင်ပြီး အသက်ရရှိပါလိမ့်မယ်။—သု. ၃:၂၁၊ ၂၂။