ဘဝအတ္ထုပ္ပတ္တိ
“ကျွန်တော်တို့ ရှိပါတယ်။ ကျွန်တော်တို့ကို စေလွှတ်ပါ”
ပိုလိုအပ်တဲ့ တိုင်းတစ်ပါးကို ပြောင်းရွှေ့ပြီး အမှုဆောင်လုပ်ငန်း တိုးချဲ့ဖို့ စဉ်းစားနေသလား။ အဲဒီလိုဆိုရင် ညီအစ်ကိုနဲ့ ညီအစ်မ ဘာဂိန်းတို့ရဲ့ အတွေ့အကြုံကနေ အကျိုးရနိုင်ပါတယ်။
ဂျက်နဲ့ မာရီလင်းတို့ဟာ ၁၉၈၈ ကတည်းက အချိန်ပြည့်လုပ်ငန်းမှာ အတူပါဝင်ခဲ့ကြတယ်။ သူတို့ဟာ ဂွါဒီလုနဲ့ ပြင်သစ် ဂီယာနာမှာ တာဝန်အမျိုးမျိုး ရခဲ့ပြီး အခြေအနေနဲ့အညီ အလိုက်သင့် ပြုပြင်ပြောင်းလဲခဲ့ကြတယ်။ အခု အဲဒီနှစ်နေရာစလုံးက ပြင်သစ် ဌာနခွဲ လက်အောက်မှာ ရှိတယ်။ ဂျက်နဲ့ မာရီလင်းကို မေးခွန်းတချို့ မေးကြည့်ရအောင်။
အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်ဖို့ ဘာက လှုံ့ဆော်ပေးသလဲ။
မာရီလင်း– ဂွါဒီလုမှာ ကလေးဘဝတုန်းက အမေနဲ့ တစ်နေကုန် ဟောလေ့ရှိတယ်။ အမေဟာ ထက်သန်တဲ့ သက်သေခံ တစ်ယောက်ပါ။ လူတွေကို ချစ်လို့ ကျွန်မ ကျောင်းပြီးပြီးချင်း ၁၉၈၅ မှာ ရှေ့ဆောင် စလုပ်တယ်။
ဂျက်– အမှုဆောင်လုပ်ငန်းကို မြတ်နိုးတဲ့ အချိန်ပြည့် အမှုဆောင်တွေ ကြားမှာ ကျွန်တော် ကြီးလာတယ်။ ကျောင်းအားလပ်ရက်တွေမှာ အရန်ရှေ့ဆောင် လုပ်လေ့ရှိတယ်။ တစ်ခါတလေ စနေ၊ တနင်္ဂနွေနေ့တွေမှာ ရှေ့ဆောင်တွေဆီ ဘတ်စကား စီးသွားပြီး တစ်နေကုန် ဟောတယ်။ ပြီးနောက် ကမ်းခြေကို သွားကြတယ်။ တကယ့်ကို ပျော်စရာကောင်းတဲ့ နေ့တွေပါပဲ။
၁၉၈၈ မှာ မာရီလင်းနဲ့ လက်ထပ်လိုက်တယ်။ ‘ဘာတာဝန်မှ မရှိသေးတော့ အမှုဆောင်မှာ ပိုပါဝင်ရင် ကောင်းမယ်’ လို့ ကျွန်တော် တွေးမိတယ်။ ဒါနဲ့ ရှေ့ဆောင်လုပ်နေတဲ့ မာရီလင်းနဲ့အတူ စလုပ်တယ်။ တစ်နှစ်ကြာတော့ ရှေ့ဆောင်သင်တန်း တက်ရပြီး အထူးရှေ့ဆောင်တွေအဖြစ် တာဝန်ရတယ်။ ပြင်သစ် ဂီယာနာကို မပြောင်းခင်အထိ ဂွါဒီလုမှာ ပျော်စရာ တာဝန်အမျိုးမျိုး ရခဲ့တယ်။
နှစ်တွေတစ်လျှောက် တာဝန် အပြောင်းအလဲ အတော်များခဲ့တယ်။ အခြေအနေသစ်မှာ နေသားကျဖို့ ဘာက ကူညီပေးသလဲ။
မာရီလင်း– ကျွန်မတို့ အကြိုက်ဆုံး ကျမ်းချက်က ဟေရှာယ ၆:၈ ဖြစ်မှန်း ပြင်သစ် ဂီယာနာ ဗေသလက ညီအစ်ကိုတွေ သိတယ်။ ဒါကြောင့် ကျွန်မတို့ဆီ ဖုန်းဆက်တဲ့အခါ “ညီအစ်ကိုတို့ရဲ့ အကြိုက်ဆုံး ကျမ်းချက်ကို မှတ်မိတယ် မဟုတ်လား” လို့ ဟာသနှောပြီး မေးလေ့ရှိတယ်။ တာဝန်ပြောင်းတော့မယ်ဆိုတာ သိလို့ “ကျွန်တော်တို့ ရှိပါတယ်။ ကျွန်တော်တို့ကို စေလွှတ်ပါ” လို့ ပြန်ပြောလေ့ရှိတယ်။
လက်ရှိတာဝန်ကို အရင်တာဝန်နဲ့ မနှိုင်းယှဉ်ဘူး။ ရထားတာတွေအပေါ် ကျေးဇူးတင်လေးမြတ်စိတ် လျော့သွားမှာ စိုးလို့ပါ။ တာဝန်သစ်မှာရှိတဲ့ ညီအစ်ကို/မတွေနဲ့လည်း ခင်မင်အောင် ကြိုးစားတယ်။
ဂျက်– စိတ်ရင်းကောင်းတဲ့ မိတ်ဆွေတချို့က သူတို့ အနီးနားမှာ နေစေချင်လို့ မပြောင်းစေချင်ကြဘူး။ ဒါပေမဲ့ ဂွါဒီလုကနေ ထွက်လာတော့ “လယ်က ဒီလောက” ဆိုတဲ့ မဿဲ ၁၃:၃၈ ထဲက ယေရှုရဲ့ စကားတွေကို ညီအစ်ကိုတစ်ယောက် ပြောပြတယ်။ ဒါကြောင့် ဘယ်နေရာပဲဖြစ်ဖြစ် လယ်တစ်မျိုးတည်းမှာ အမှုဆောင်နေတာပဲ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် သတိပေးတယ်။ လူတွေကသာ အရေးကြီးဆုံးပါ။
နယ်မြေသစ်ကို ရောက်တိုင်း အဲဒီနေရာမှာ ပျော်နေတဲ့ ဒေသခံတွေကို တွေ့ပြီး ကျွန်တော်တို့လည်း သူတို့လို နေတတ်ဖို့ ကြိုးစားတယ်။ အစားအသောက် မတူပေမဲ့ သူတို့ စားသလို စားတယ်၊ သူတို့ သောက်သလို သောက်တယ်။ ကျန်းမာရေးကိုတော့ အတော်အသင့် ထည့်စဉ်းစားရတာပေါ့။ တာဝန်တိုင်းနဲ့ပတ်သက်ပြီး အကောင်းပဲ ပြောဖို့ ကြိုးစားတယ်။
မာရီလင်း– ဒေသခံ ညီအစ်ကို/မတွေဆီကနေ အများကြီး သင်ယူရတယ်။ ပြင်သစ် ဂီယာနာကို ရောက်ခါစတုန်းကအကြောင်း မှတ်မိသေးတယ်။ မိုးသည်းနေလို့ မိုးတိတ်တဲ့အထိ စောင့်ပြီးမှ အမှုဆောင်သွားမယ်လို့ ထင်နေတာ။ “သွားကြမလား” လို့ ညီအစ်မတစ်ယောက်က မေးတော့ ကျွန်မ အံ့ဩသွားပြီး “ဘယ်လို သွားမှာလဲ” လို့ ပြန်မေးလိုက်တယ်။ ဒါနဲ့ သူက “ထီးယူလေ၊ စက်ဘီးစီးပြီး သွားကြမှာပေါ့” လို့ ပြောတယ်။ ဒီလိုနဲ့ ထီးဆောင်းရင်း စက်ဘီး နင်းတတ်လာတယ်။ အဲဒီလိုမှ မနင်းတတ်ရင် မိုးတွင်းမှာ အမှုဆောင် သွားဖြစ်တော့မှာ မဟုတ်ဘူး။
၁၅ ကြိမ်လောက် ပြောင်းရွှေ့ခဲ့ရတာဆိုတော့ ပြောင်းရွှေ့တာနဲ့ ပတ်သက်ပြီး တခြားသူတွေကို အကြံဉာဏ်လေး ပေးပါဦး။
မာရီလင်း– ပြောင်းရွှေ့ရတာ မလွယ်ဘူး။ ဒါပေမဲ့ အမှုဆောင်ကနေ ပြန်လာတဲ့အခါ အိမ်လိုမျိုး သက်သောင့်သက်သာ ခံစားရစေမယ့် နေရာတစ်ခု ရှိဖို့ အရေးကြီးတယ်။
ဂျက်– အိမ်အတွင်းပိုင်းကို ကျွန်တော် ဆေးပြန်သုတ်လေ့ရှိတယ်။ အကြာကြီး နေရမှာ မဟုတ်တဲ့ နေရာမျိုးဆိုရင် ဌာနခွဲက ညီအစ်ကိုတွေက “ဒီတစ်ခါတော့ ဆေးမသုတ်ပါနဲ့ဦး” လို့ စကြတယ်။
မာရီလင်းကတော့ ထုပ်ပိုးတာ သိပ်ကျွမ်းတယ်။ ပစ္စည်းအားလုံးကို ပုံးတွေထဲ ထည့်ပြီး ပုံးတွေကို “ရေချိုးခန်း၊” “အိပ်ခန်း၊” “မီးဖိုချောင်” စသဖြင့် စာကပ်လိုက်တယ်။ အိမ်သစ်ကို ရောက်တဲ့အခါ ပုံးတွေကို သူ့နေရာနဲ့သူ ထားဖို့ ပိုလွယ်
သွားတာပေါ့။ ပုံးတစ်ပုံးစီမှာ ပါတဲ့ ပစ္စည်းတွေကိုလည်း စာရင်းလုပ်ထားလို့ လိုတာကို ချက်ချင်း ရှာတွေ့နိုင်တယ်။မာရီလင်း– စနစ်တကျ စီစဉ်တတ်အောင် သင်ယူထားလို့ နေရာသစ်ကို ရောက်တာနဲ့ အမှုဆောင်လုပ်ငန်းမှာ ချက်ချင်း ပါဝင်နိုင်တယ်။
“ဘုရားပေးတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်” ဖို့ အချိန်ကို ဘယ်လို စီစဉ်သလဲ။—၂ တိ. ၄:၅။
မာရီလင်း– တနင်္လာနေ့တွေမှာ အနားယူပြီး အစည်းအဝေးတွေအတွက် ပြင်ဆင်တယ်။ အင်္ဂါနေ့ကစပြီး အမှုဆောင် သွားတယ်။
ဂျက်– နာရီ သတ်မှတ်ချက် ရှိပေမဲ့ အဲဒါကို အာရုံမစိုက်ဘူး။ အမှုဆောင်လုပ်ငန်းကိုပဲ အာရုံစိုက်တယ်။ အိမ်ကနေ ထွက်ပြီး ပြန်ရောက်တဲ့အထိ ဆုံတွေ့တဲ့ လူအားလုံးကို ဟောပြောဖို့ ကြိုးစားတယ်။
မာရီလင်း– ပျော်ပွဲစားထွက်တဲ့ အချိန်မှာတောင် ဝေစာတွေ အမြဲ ဆောင်ထားတယ်။ ယေဟောဝါသက်သေပါလို့ မပြောတာတောင် တချို့က ကျွန်မတို့ဆီ စာပေတွေ လာတောင်းကြတယ်။ ဒါကြောင့် ဝတ်စားပြုမူပုံကို ဂရုစိုက်ရတယ်။ အဲဒါတွေကို လူတွေ သတိထားမိကြလို့ပဲ။
ဂျက်– အိမ်နီးချင်းတွေနဲ့ အဆင်ပြေအောင် ပေါင်းတာကလည်း သက်သေခံနေတာပဲ။ အမှိုက်တွေ ကောက်ပြီး အမှိုက်ပုံးထဲ ထည့်ပေးတယ်။ အိမ်နားတစ်ဝိုက်က အရွက်ခြောက်တွေ လှည်းပေးတယ်။ အိမ်နီးချင်းတွေ သတိပြုမိပြီး “ကျမ်းစာတစ်အုပ်လောက် ရနိုင်မလား” လို့ တစ်ခါတလေ မေးကြတယ်။
ဝေးလံတဲ့ ဒေသတွေမှာလည်း ဟောလေ့ရှိတယ်ဆိုတော့ ထူးခြားတဲ့ ခရီးစဉ်တွေများ ရှိသလား။
ဂျက်– ဂီယာနာမှာ နယ်မြေတချို့ဆီ ရောက်ဖို့ ခက်တယ်။ လမ်းကြမ်းတွေမှာ တစ်ပတ်ကို မိုင် ၃၇၀ လောက် ခရီးသွားရလေ့ရှိတယ်။ အမေဇုန်တောထဲက စိန့်အဲလီရွာကတော့ အမှတ်တရပဲ။ အဲဒီကို ရောက်ဖို့ လေးဘီးယက်ကားနဲ့ လှေကို နာရီပေါင်းများစွာ စီးရတယ်။ အဲဒီမှာနေတဲ့သူ အများစုက ရွှေတူးသမားတွေ။ တချို့က စာပေတွေအတွက် အလှူငွေအဖြစ် ရွှေစလေးတွေ ပေးကြတယ်။ ညနေဘက်ဆို သူတို့ကို အဖွဲ့အစည်း ဗီဒီယိုတွေ ပြတယ်။ ဒေသခံများစွာ လာကြည့်ကြတယ်။
မာရီလင်း– သိပ်မကြာသေးခင်က ကမိုပီရွာမှာ သတိရအောက်မေ့ပွဲ ဟောပြောချက် ပေးဖို့ ဂျက် တာဝန်ရတယ်။ အဲဒီကို ရောက်ဖို့ အိုရာပေါ့မြစ်ထဲမှာ လေးနာရီလောက် လှေစီးရတယ်။ စိတ်လှုပ်ရှားစရာပါပဲ။
ဂျက်– ရေစီးသန်တဲ့နေရာတွေမှာ ရေမော်တွေ ရှိတယ်။ ရေတိမ်တဲ့နေရာမှာ ရေမော်အောက်က ကျောက်အငူတွေနဲ့ တိုက်မိနိုင်လို့ အဲဒီနား ဖြတ်သွားတိုင်း ရင်တမမနဲ့ပေါ့။ လှေသမား ကျွမ်းကျင်ဖို့ လိုတယ်။ ဒါပေမဲ့ စိတ်လှုပ်ရှားစရာ ခရီးစဉ်ပါပဲ။ သက်သေခံ ၆ ယောက်ပဲ ရှိပေမဲ့ သတိရအောက်မေ့ပွဲကို ဒေသခံ တိုင်းရင်းသားတချို့ အပါအဝင် လူ ၅၀ လောက် လာတက်ကြတယ်။
မာရီလင်း– ယေဟောဝါအတွက် ပိုပေးဆက်ချင်တဲ့ လူငယ်တွေအတွက် ဒီလိုတွေ့ကြုံမှုကောင်းတွေ စောင့်ကြိုနေတယ်။ ဒီလိုအခြေအနေတွေမှာ ယေဟောဝါကို ယုံကြည်ကိုးစားဖို့ လိုတယ်။ ယေဟောဝါရဲ့ လက်တော်ကို မကြာခဏ မြင်ရတဲ့အတွက် ယုံကြည်ခြင်း ခိုင်မာလာတယ်။
ဘာသာစကား အတော်များများ ပြောတတ်တယ်ဆိုတော့ ပါရမီ ပါလို့လား။
ဂျက်– မဟုတ်ပါဘူး။ လိုအပ်လို့ သင်ယူထားတာပါ။ စရန်နန်တွန်ဂို * စကားနဲ့ ကျမ်းစာဖတ်ရှုခြင်း တာဝန်တောင် မလုပ်ရသေးခင် ကင်းမျှော်စင် သင်တန်းကိုင်ဖို့ တာဝန်ရတယ်။ ကျွန်တော် သင်တန်းကိုင်တာ ဘယ်လိုနေသလဲလို့ ညီအစ်ကိုတစ်ယောက်ကို မေးတော့ “တချို့ စကားလုံးတွေကို နားမလည်ပေမဲ့ သိပ်ကောင်းတယ်” လို့ ပြောတယ်။ ကလေးတွေကတော့ လူကြီးတွေလို မဟုတ်ဘဲ မှားတာနဲ့ ထောက်ပြကြလို့ သိပ်အထောက်အကူရတယ်။ ကလေးတွေဆီကနေ အများကြီး သင်ယူခဲ့ရတယ်။
မာရီလင်း– နယ်မြေတစ်ခုမှာဆိုရင် ပြင်သစ်၊ ပေါ်တူဂီ၊ စရန်နန်တွန်ဂို စကားနဲ့ သင်အံမှုတွေ ရှိတယ်။ တစ်နေ့တာမှာ ကိုယ့်အတွက် အခက်ဆုံးစကားနဲ့ သင်အံမှုကို အရင်စပြီး အကျွမ်းဆုံးစကားနဲ့ သင်အံမှုကိုတော့ နောက်ဆုံးမှ သွားဖို့ ညီအစ်မတစ်ယောက် အကြံပေးတယ်။ အဲဒါက အကြံကောင်းပဲဆိုတာ မကြာခင်မှာ သိလာတယ်။
တစ်နေ့၊ စရန်နန်တွန်ဂို စကားပြော သင်အံမှုဆီ အရင်သွားပြီးမှ ပေါ်တူဂီ စကားပြော သင်အံမှုဆီ သွားခဲ့တယ်။ ဒုတိယ သင်အံမှုကို လုပ်နေချိန်မှာ ကျွန်မနဲ့အတူ သွားတဲ့ ညီအစ်မက “မာရီလင်း၊ လွဲနေပြီနော်” လို့ သတိပေးတယ်။ ဘရာဇီးအမျိုးသမီးကို ပေါ်တူဂီစကားနဲ့ မဟုတ်ဘဲ စရန်နန်တွန်ဂို စကားနဲ့ ပြောနေမိတာကိုး။
အတူ အမှုဆောင်သူတွေက ခင်ဗျားတို့ကို သိပ်ချစ်ကြတယ်။ ညီအစ်ကိုတွေနဲ့ ဘယ်လို ရင်းနှီးအောင် လုပ်ခဲ့သလဲ။
ဂျက်– “ရက်ရောတဲ့သူဟာ ကြီးပွားလိမ့်မယ်” လို့ ပညာအလိမ္မာ ၁၁:၂၅ မှာ ပြောတယ်။ တခြားသူတွေအတွက် ပေးဆက်ဖို့ ကျွန်တော်တို့ မတွန့်ဆုတ်ဘူး။ နိုင်ငံတော်ခန်းမ ပြုပြင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး ညီအစ်ကိုတချို့က “ကြေညာသူတွေ လုပ်ပါစေ” လို့ ပြောတယ်။ “ကျွန်တော်လည်း ကြေညာသူပဲလေ။ လုပ်စရာရှိရင် ကျွန်တော်လည်း လုပ်ရမှာပေါ့” လို့ ပြန်ပြောလိုက်တယ်။ ကျွန်တော်တို့အားလုံး ကိုယ့်အတွက် သီးသန့်အချိန် လိုအပ်တာ မှန်ပါတယ်။ ဒါပေမဲ့ တခြားသူတွေအတွက် မပေးဆက်နိုင်တဲ့အထိ မဖြစ်ဖို့တော့ ကိုယ့်ကိုယ်ကိုယ် သတိပေးတယ်။
မာရီလင်း– ညီအစ်ကို/မတွေကို စိတ်ဝင်စားမှု ပြဖို့ ကြိုးစားတယ်။ ကလေးထိန်းပေးဖို့၊ ကျောင်းကြိုပေးဖို့ လိုနေတဲ့အချိန်တွေကို သိလာတဲ့အခါ ကိုယ့်အစီအစဉ်တွေကို ပြောင်းပြီး သူတို့ကို ကူညီပေးတယ်။ လိုအပ်ချိန်မှာ ကူညီပေးတဲ့အတွက် သူတို့နဲ့ ရင်းနှီးလာတယ်။
ပိုလိုအပ်တဲ့နေရာမှာ အမှုဆောင်လို့ ဘာကောင်းချီးတွေ ရသလဲ။
ဂျက်– အချိန်ပြည့်လုပ်ငန်းက ဘဝကို ကြွယ်ဝစေတယ်။ သဘာဝတရားနဲ့ နီးနီးကပ်ကပ် နေရလို့ ယေဟောဝါရဲ့ ဖန်ဆင်းခြင်း လက်ရာတွေကို မြင်ခွင့်ရတယ်။ အခက်အခဲတွေ ရှိပေမဲ့ ဘယ်နေရာမှာဖြစ်ဖြစ် ဘုရားလူမျိုးရဲ့ ကူညီမှု ရမယ်ဆိုတာ သိလို့ စိတ်ငြိမ်သက်မှု ခံစားရတယ်။
လူငယ်ဘဝတုန်းက ခရစ်ယာန် ကြားနေမှုကြောင့် ပြင်သစ် ဂီယာနာမှာ ထောင်ကျဖူးတယ်။ တစ်နေ့ကျရင် ဒီနေရာကို သာသနာပြုအဖြစ် ပြန်လာပြီး ထောင်တွေကို လည်ပတ်ခွင့် ရမယ်လို့ မထင်ခဲ့ဘူး။ ယေဟောဝါရဲ့ ကောင်းချီးတွေက ရက်ရောလိုက်တာ။
မာရီလင်း– တခြားသူတွေအတွက် ကိုယ့်ကိုယ်ကိုယ် ပေးဆက်ရတာ အပျော်ဆုံးပဲ။ ယေဟောဝါရဲ့ လုပ်ငန်းမှာ ကျွန်မတို့ သိပ်ပျော်တယ်။ အိမ်ထောင်နှောင်ကြိုးလည်း ခိုင်မြဲလာတယ်။ တစ်ခါတလေ ဂျက်က စိတ်ဓာတ်ကျနေတဲ့ မောင်နှံတစ်စုံကို ထမင်းဖိတ်ကျွေးကြမလားလို့ မေးတဲ့အခါ “ကျွန်မလည်း အဲဒီလို စဉ်းစားနေတာ” လို့ ပြောရတဲ့အထိ စိတ်တူကိုယ်တူ ဖြစ်လာတယ်။
ဂျက်– ကျွန်တော့်မှာ ဆီးကျိတ်ကင်ဆာ ရှိနေမှန်း မကြာခင်က သိလိုက်ရတယ်။ “မနက်ဖြန် သေရမယ်ဆိုရင်တောင် ယေဟောဝါရဲ့ အမှုတော်မှာ ကျေနပ်စရာကောင်းတဲ့ ဘဝ ရခဲ့လို့ သေပျော်ပါပြီ” လို့ မာရီလင်းကို ပြောခဲ့တယ်။—က. ၂၅:၈။
မာရီလင်း– မမျှော်လင့်ထားတဲ့ တံခါးတွေကို ယေဟောဝါ ဖွင့်ပေးပြီး တစ်ခါမှ မတွေးဖူးတာတွေကို လုပ်ခွင့်ပေးခဲ့တယ်။ ဘဝမှာ ပျော်စရာတွေ အပြည့်ပဲ။ ဘုရားအဖွဲ့အစည်းက ဘယ်ကိုပဲ သွားခိုင်းပါစေ ဘုရားသခင်ကို ယုံကြည်မှုအပြည့်နဲ့ သွားပါမယ်။
^ အပိုဒ်၊ 32 စရန်နန်တွန်ဂိုဆိုတာ အင်္ဂလိပ်၊ ဒတ်ခ်ျ၊ ပေါ်တူဂီ၊ အာဖရိကန် ဘာသာစကားတွေ ရောစပ်ထားတာ ဖြစ်ပြီး ကျွန်တွေ စထွင်တဲ့စကား ဖြစ်တယ်။