ဘဝအတ္ထုပ္ပတ္တိ
ကြွယ်ဝတဲ့ ခရစ်ယာန် အမွေအနှစ်က ရှင်သန်ကြီးထွားစေ
လူခြေတိတ်တဲ့ ညဉ့်နက်သန်းခေါင်မှာ နိုင်ဂျာမြစ်ကတော့ အရှိန်အဟုန်နဲ့ စီးဆင်းနေတယ်။ တစ်မိုင်လောက် ကျယ်တဲ့ မြစ်ကို ကျွန်တော်နဲ့ ညီအစ်ကိုတစ်ယောက် ဖြတ်ကူးရတော့မယ်။ နိုင်ဂျီးရီးယားမှာ ပြည်တွင်းစစ် ဖြစ်နေလို့ နိုင်ဂျာမြစ်ကို ဖြတ်ရတာ အသက်အန္တရာယ်ရှိတယ်။ ဒါတောင် တစ်ကြိမ်ထက်မက ဖြတ်ခဲ့ကြတယ်။ အဲဒီအခြေအနေကို ဘယ်လို ရောက်ခဲ့သလဲ။ ကျွန်တော် မမွေးခင် အချိန်ကို ပြန်သွားကြစို့။
အသက် ၂၅ နှစ်အရွယ် ကျွန်တော့်အဖေ ဂျွန် မီးလ်ဟာ ၁၉၁၃၊ နယူးယောက်မြို့မှာ နှစ်ခြင်းခံခဲ့တယ်။ ညီအစ်ကို ရပ်စယ်က နှစ်ခြင်းဟောပြောချက် ပေးတယ်။ မကြာခင် ထရီနီဒက်ကို အဖေ ပြောင်းရွှေ့သွားတယ်။ နောက်ပိုင်း ထက်သန်တဲ့ ကွန်စတန့် ဖာမာနဲ့ လက်ထပ်လိုက်တယ်။ “ဖန်ဆင်းခြင်း ဓာတ်ပုံပြဇာတ်” ပြဖို့ မိတ်ဆွေ ဝီလျံ ဘရောင်းကို အဖေ ကူညီပေးတာ အနောက်အာဖရိကကို ဘရောင်းတို့ မောင်နှံ ပြောင်းရွှေ့သွားတဲ့ ၁၉၂၃ အထိပဲ။ ကောင်းကင်မျှော်လင့်ချက်ရှိတဲ့ အဖေနဲ့ အမေကတော့ ထရီနီဒက်မှာ ဆက်အမှုဆောင်ကြတယ်။
ကျွန်တော်တို့ကို ချစ်တဲ့ မိဘများ
ကျွန်တော်တို့မှာ မောင်နှမ ကိုးယောက်ရှိတယ်။ သားဦးကို အဲဒီတုန်းက ကင်းမျှော်စင် သမ္မာကျမ်းစာနဲ့ ဝေစာအသင်းရဲ့ ဥက္ကဋ္ဌ ရပ်သဖော့ရဲ့ နာမည်ကို ပေးတယ်။ ၁၉၂၂၊ ဒီဇင်ဘာ ၃၀ မှာ ကျွန်တော် မွေးလာတော့ ရွှေခေတ် (အခု နိုးလော့!) ရဲ့ အယ်ဒီတာ ကလေတန် ဝုဒ်ဝေါ့ ရဲ့ နာမည်ကို ပေးတယ်။ မိဘတွေက ကျွန်တော်တို့ကို အခြေခံပညာ သင်ပေးပေမဲ့ ဘုရားရေးရာ ပန်းတိုင်တွေကို အာရုံစိုက်ဖို့ အားပေးတယ်။ အမေက ကျမ်းစာနဲ့ ကောင်းကောင်း ကျိုးကြောင်းဆင်ခြင်တတ်ပြီး အဖေက ကျမ်းစာပုံပြင်တွေကို အသက်ဝင်အောင် သရုပ်ဆောင်ပြတတ်တယ်။
သူတို့ရဲ့ ကြိုးစားမှုကြောင့် သားငါးယောက်ထဲက သုံးယောက် ဂိလဒ်ကျောင်း တက်ခဲ့ပြီး ညီမသုံးယောက်က ထရီနီဒက်နဲ့ တိုဘာဂိုမှာ နှစ်ပေါင်းများစွာ ရှေ့ဆောင်လုပ်ခဲ့ကြတယ်။ မိဘတွေက သွန်သင်မှုနဲ့ ပုံသက်သေကောင်းအားဖြင့် “ယေဟောဝါရဲ့ အိမ်တော်မှာ” ကျွန်တော်တို့ကို စိုက်ပျိုးခဲ့တယ်။ သူတို့ရဲ့ အားပေးမှုက “တံတိုင်းတော်ထဲမှာ” ဆက်နေပြီး ရှင်သန်ကြီးထွားဖို့ ကူညီပေးတယ်။—ဆာ. ၉၂:၁၃။
ကျွန်တော်တို့အိမ်ဟာ ဟောပြောခြင်းလုပ်ငန်းအတွက် ဗဟိုပဲ။ ရှေ့ဆောင်တွေ စုဆုံကြတယ်။ ထရီနီဒက်ကို လာလည်တဲ့ ကနေဒါနိုင်ငံသား သာသနာပြု ညီအစ်ကို ဂျော့ခ်ျယန်း
အကြောင်း ပြောလေ့ရှိတယ်။ အနောက်အာဖရိကကို ရောက်နေတဲ့ ဘရောင်းတို့အကြောင်းလည်း မိဘတွေ ပြောလေ့ရှိတယ်။ အဲဒါတွေက အသက်ဆယ်နှစ်နဲ့ အမှုဆောင်လုပ်ငန်းမှာ စပါဝင်ဖို့ ကျွန်တော့်ကို လှုံ့ဆော်ပေးတယ်။အစောပိုင်း လုပ်ဆောင်မှုများ
အဲဒီတုန်းက ကျွန်တော်တို့ရဲ့ စာစောင်တွေမှာ မှားယွင်းတဲ့ ဘာသာ၊ လောဘကြီးတဲ့ စီးပွားရေး၊ နိုင်ငံရေး ကလိမ်ကျမှုတွေအကြောင်း တဲ့တိုး ဖော်ထုတ်တယ်။ ရလဒ်က ၁၉၃၆ မှာ ဓမ္မဆရာတွေရဲ့ သွေးထိုးမှုကြောင့် ထရီနီဒက် အစိုးရဟာ ကင်းမျှော်စင် စာပေအားလုံးကို ပိတ်ပင်လိုက်တယ်။ ကျွန်တော်တို့က စာပေတွေကို လျှို့ဝှက်သိမ်းထားပြီး ကုန်တဲ့အထိ ဆက်ဝေငှကြတယ်။ လက်ကမ်းစာစောင်တွေ၊ ဆိုင်းဘုတ်ပြားတွေ သုံးပြီး ခြေကျင်နဲ့ရော စက်ဘီးနဲ့ပါ ကြော်ငြာချီတက်ပွဲတွေ လုပ်ကြတယ်။ တူနာပူနာမြို့ကနေ အသံချဲ့စက်ကားတွေနဲ့ ထရီနီဒက်ရဲ့ ဝေးလံတဲ့ ဒေသတွေအထိ ဟောပြောကြတယ်။ စိတ်လှုပ်ရှားစရာပဲ။ အဲဒီလို ဝန်းကျင်မှာ ကြီးပြင်းလာတဲ့အတွက် အသက် ၁၆ နှစ်မှာ နှစ်ခြင်းခံခဲ့တယ်။
မိသားစု အမွေအနှစ်နဲ့ အစောပိုင်း အတွေ့အကြုံတွေကြောင့် သာသနာပြုတစ်ယောက် ဖြစ်ချင်လာတယ်။ ဒါကြောင့် ၁၉၄၄ မှာ အာရူးဘားကျွန်းကို သွားပြီး ညီအစ်ကို အက်မွန် ကမ်မင်းနဲ့ အမှုဆောင်တယ်။ ၁၉၄၅ မှာ သတိရအောက်မေ့ပွဲကို ဆယ်ယောက် လာတက်လို့ စိတ်လှုပ်ရှားခဲ့ရတယ်။ နောက်နှစ်မှာ အဲဒီကျွန်းရဲ့ ဦးဆုံးအသင်းတော်ကို စတင်နိုင်ခဲ့တယ်။
မကြာခင် အလုပ်ဖော် အိုရစ် ဝီလျံကို အလွတ်သဘော သက်သေခံခဲ့တယ်။ အိုရစ်က သူသိထားတဲ့ အယူဝါဒတွေကို အပြင်းအထန် ခုခံပြောဆိုတယ်။ ဒါပေမဲ့ ကျမ်းစာ လေ့လာပြီးနောက်မှာတော့ အမှန်တရားကို သိလာပြီး ၁၉၄၇၊ ဇန်နဝါရီ ၅ မှာ နှစ်ခြင်းခံတယ်။ နောက်ပိုင်း ကျွန်တော်တို့ လက်ထပ်လိုက်တယ်။ ၁၉၅၀၊ နိုဝင်ဘာမှာ အိုရစ် ရှေ့ဆောင်စလုပ်တယ်။ အိုရစ်နဲ့ကျမှ ဘဝဟာ ပိုစိုပြည်လာတယ်။
နိုင်ဂျီးရီးယားမှာ စိတ်လှုပ်ရှားစရာ အမှုဆောင်လုပ်ငန်း
၁၉၅၅ မှာ ဂိလဒ်ကျောင်း တက်ဖို့ ဖိတ်ခေါ်ခံရတယ်။ ဒါကြောင့် ကျွန်တော်တို့ အလုပ်က ထွက်၊ အိမ်နဲ့ တခြားပိုင်ဆိုင်တာတွေ ရောင်းပြီး အာရူးဘားကျွန်းကို နှုတ်ဆက်ခဲ့ကြတယ်။ ၁၉၅၆၊ ဇူလိုင် ၂၉ မှာ ၂၇ ကြိမ်မြောက် ဂိလဒ်ကျောင်း ဆင်းခဲ့ပြီး နိုင်ဂျီးရီးယားမှာ တာဝန်ကျတယ်။
အိုရစ် ပြန်ပြောတာက “သာသနာပြုဘဝနဲ့ နေသားကျအောင် ယေဟောဝါရဲ့ စွမ်းအားတော် ကူညီပေးနိုင်တယ်။ ကျွန်မက ကျွန်မယောက်ျားလို သာသနာပြု ဖြစ်ချင်တာ မဟုတ်ဘူး။ မိသားစုဘဝ တည်ဆောက်ချင်တာ။ ဒါပေမဲ့ သတင်းကောင်း ဟောဖို့ ဘယ်လောက် အရေးကြီးမှန်း သိလာတဲ့အခါ ကျွန်မရဲ့ သဘောထား ပြောင်းသွားတယ်။ ဂိလဒ်ကျောင်းဆင်းတော့ သာသနာပြုစိတ် အပြည့်ရှိနေပြီ။ ကွင်းမေရီ သင်္ဘောပေါ် တက်တော့ ညီအစ်ကို နောရ်ရဲ့ ရုံးခန်းမှာ လုပ်တဲ့ ဝေါ့ သော်န်တန် လိုက်ပို့တယ်။ ပြီးတော့ ကျွန်မတို့ ဗေသလမှာ လုပ်ရမယ်လို့ ပြောတယ်။ ‘သွားပါပြီ’ လို့ သက်ပြင်းချမိတယ်။ ဒါပေမဲ့ ဗေသလမှာ ခဏလေးနဲ့ နေသားကျပြီး ပျော်လာတယ်။ တာဝန်အမျိုးမျိုး လုပ်ရတဲ့အထဲမှာ အကြိုက်ဆုံးက ဧည့်ကြိုအလုပ်ပဲ။ ကျွန်မက လူတွေကို ချစ်တော့ ညီအစ်ကို/မတွေနဲ့ တိုက်ရိုက် ထိတွေ့ရတဲ့ ဒီအလုပ်ကို သဘောကျတယ်။ သူတို့က မောပန်းဆာလောင်ပြီး ဖုန်အလိမ်းလိမ်းနဲ့ ရောက်လာလေ့ရှိတယ်။ သူတို့ အမောပြေအောင် ဧည့်ခံပေးရတာ ပျော်စရာပဲ။ အဲဒါအားလုံးက ယေဟောဝါရဲ့ မြင့်မြတ်တဲ့လုပ်ငန်း ဖြစ်လို့ ကျေနပ်ပျော်ရွှင်တယ်။” မှန်ပါတယ်။ တာဝန်အားလုံးဟာ ကျွန်တော်တို့ကို ရှင်သန်ကြီးထွားစေတယ်။
၁၉၆၁၊ ထရီနီဒက်မှာ မိသားစု စုဆုံပွဲလုပ်တော့ ညီအစ်ကို ဘရောင်းက အာဖရိကရဲ့ စိတ်လှုပ်ရှားစရာ တွေ့ကြုံမှုတွေ ပြောပြတယ်။ ကျွန်တော်က နိုင်ဂျီးရီးယားရဲ့ တိုးတက်မှုအကြောင်း ပြောပြတဲ့အခါ ညီအစ်ကို ဘရောင်းက ကျွန်တော့် ပခုံးပေါ် လက်တင်ပြီး အဖေ့ကို “ဂျော်နီ၊ အာဖရိကကို ခင်ဗျား မရောက်ပေမဲ့ ဝုဒ်ဝေါ့ကတော့ ရောက်သွားပြီ” လို့ ပြောတယ်။ အဲဒီအခါ အဖေက “ဆက်လုပ်ပါ ဝုဒ်ဝေါ့၊ ဆက်လုပ်ပါ” ဆိုပြီး ပြောတယ်။ အဲဒီလို ဘုရားရေးရာဘက် ရင့်ကျက်သူတွေရဲ့ အားပေးမှုကြောင့် အမှုဆောင်လုပ်ငန်းကို ပြီးမြောက်အောင် လုပ်ဆောင်ချင်စိတ် တိုးများလာတယ်။
၁၉၆၂ မှာ ဆယ်လကြာ ၃၇ ကြိမ်မြောက် ဂိလဒ်ကျောင်း ထပ်တက်ဖို့ အခွင့်အရေးရခဲ့တယ်။ နိုင်ဂျီးရီးယား ဌာနခွဲ ကြီးကြပ်မှူး ညီအစ်ကို ဝီဖရက် ဂွတ်က ၃၈ ကြိမ်မြောက် ကျောင်းတက်ပြီး အင်္ဂလန်မှာ တာဝန်ကျတဲ့ * လို့ ခေါ်တဲ့ ဒေသသုံးကားတွေ စီးရတယ်။ တချို့ကားတွေမှာ “ရေစက်လေးတွေက ပင်လယ်ကြီးဖြစ်စေတယ်” စတဲ့ စိတ်ဝင်စားစရာ စာသားတွေ ရေးထားလေ့ရှိတယ်။
အတွက် နိုင်ဂျီးရီးယား ဌာနခွဲကို ဦးစီးဖို့ ကျွန်တော့်တာဝန် ဖြစ်လာတယ်။ ညီအစ်ကို ဘရောင်းရဲ့ ပုံသက်သေအတိုင်း ချစ်စရာကောင်းတဲ့ နိုင်ဂျီးရီးယား ညီအစ်ကိုတွေဆီ လည်ပတ်ပြီး သိကျွမ်းအောင် လုပ်တယ်။ သူတို့ဟာ ဖွံ့ဖြိုးပြီးနိုင်ငံက သာမန်လူတွေမှာ ရှိတဲ့ ရုပ်ပစ္စည်းတွေ မရှိပေမဲ့ ရောင့်ရဲပြီး ကျေနပ်ပျော်ရွှင်နေကြတယ်။ ဒါက အဓိပ္ပာယ်ရှိတဲ့ ဘဝဆိုတာ ငွေကြေး၊ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုအပေါ် မမူတည်ကြောင်း ဖော်ပြတယ်။ ခက်ခဲပေမဲ့ အစည်းအဝေးတွေကိုတော့ သန့်သန့်ရှင်းရှင်း၊ သပ်သပ်ရပ်ရပ် လာကြတာ ချီးမွမ်းစရာပဲ။ အစည်းအဝေးကြီးတွေ သွားတဲ့အခါ ထရပ်ကားတွေ၊ ဘိုလီကာဂျာအဲဒီစာသားက သိပ်မှန်တယ်။ တစ်ဦးချင်းစီရဲ့ ကြိုးစားမှုကြောင့် ၁၉၇၄ မှာ နိုင်ဂျီးရီးယားဟာ အမေရိကန်ပြီးရင် ကြေညာသူ ၁၀၀,၀၀၀ ပြည့်တဲ့နိုင်ငံ ဖြစ်လာတယ်။ လုပ်ငန်း တိုးတက်လာပြီ။
၁၉၆၇ ကနေ ၁၉၇၀ အတွင်း နိုင်ဂျီးရီးယားမှာ ပြည်တွင်းစစ် ဖြစ်တယ်။ နိုင်ဂျာမြစ်ရဲ့ တစ်ဖက်ကမ်းမှာ ရှိတဲ့ ဘိုင်ယာဖရမ်ဒေသက ညီအစ်ကိုတွေဟာ ဌာနခွဲရုံးနဲ့ လပေါင်းများစွာ အဆက်ပြတ်သွားတယ်။ သူတို့ဆီ စာပေတွေ ပို့ပေးရတော့မယ်။ ဒါကြောင့် အစပိုင်းမှာ ပြောသလို ယေဟောဝါကို ယုံကြည်စိတ်နဲ့ ဆုတောင်းပြီး မြစ်ကို အကြိမ်ကြိမ် ဖြတ်ခဲ့ကြတယ်။
လက်နက်ကိုင် စစ်သားတွေ၊ ရောဂါနဲ့ တခြားအသက်အန္တရာယ်တွေကြား နိုင်ဂျာမြစ်ကို ဖြတ်ရတဲ့ ခရီးစဉ်တွေကို မှတ်မိသေးတယ်။ အစိုးရစစ်သားတွေကို ကျော်ဖြတ်ရတာထက် သူပုန်တွေရှိတဲ့ ဘိုင်ယာဖရမ်ဘက်မှာ အန္တရာယ်ပိုများတယ်။ တစ်ခါက ညဘက်မှာ နိုင်ဂျာမြစ်ကို ကနူးလှေနဲ့ ဖြတ်ပြီး အဆာဘာမြို့ကနေ အိုနစ်ရှာမြို့ကို သွားတယ်။ အဲဒီကနေ အီနူဂူမြို့ကို ဆက်သွားပြီး အကြီးအကဲတွေကို အားပေးတယ်။ နောက်ခရီးစဉ်တစ်ခုကတော့ နေဝင်မီးငြိမ်းအမိန့် ထုတ်ထားတဲ့ အဘာမြို့က အကြီးအကဲတွေကို အားရှိစေခဲ့တယ်။ ပို့တ်ဟာကုတ်မြို့မှာတော့ အစည်းအဝေးလုပ်နေတုန်း မြို့ပြင်မှာ အစိုးရစစ်သားတွေ ဝင်လာလို့ ဆုတောင်းပြီး အမြန်နိဂုံးချုပ်လိုက်ရတယ်။
အဲဒီအစည်းအဝေးတွေကြောင့် ညီအစ်ကို/မတွေဟာ ယေဟောဝါရဲ့ မေတ္တာပါ စောင့်ရှောက်မှုကို ယုံကြည်စိတ်ချလာပြီး ကြားနေမှု၊ စည်းလုံးမှုနဲ့ပတ်သက်တဲ့ လမ်းညွှန်ချက်တွေကို ရရှိခဲ့ကြတယ်။ ကြောက်မက်ဖွယ် ပြည်တွင်းစစ်ကို ကျော်ဖြတ်နိုင်ခဲ့ကြတယ်။ အချင်းချင်း ချစ်တဲ့မေတ္တာကြောင့် လူမျိုးစု မုန်းတီးမှုကို ကျော်လွှားပြီး ခရစ်ယာန်စည်းလုံးမှုကို ထိန်းသိမ်းနိုင်ခဲ့တယ်။ အဲဒီအချိန်အတွင်း သူတို့နဲ့အတူ ရှိနေရတာ အခွင့်ထူးပါပဲ။
၁၉၆၉၊ နယူးယောက်၊ ရန်ကီး အားကစားကွင်းမှာ ကျင်းပတဲ့ “မြေကြီးပေါ် ငြိမ်သက်ခြင်း” အပြည်ပြည်ဆိုင်ရာ အစည်းအဝေးမှာ ညီအစ်ကို မီလ်တန် ဟန်ရှယ်က သဘာပတိ၊ ကျွန်တော်က လက်ထောက်။ သူ့ဆီကနေ များစွာ သင်ယူခဲ့ရတယ်။ အချိန်ကိုက်ပါပဲ။ ၁၉၇၀၊ နိုင်ဂျီးရီးယား၊ လာဂို့စ်မြို့မှာ “ဘုရားမျက်နှာသာရသူများ” အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကို ကျင်းပခဲ့လို့ပဲ။ ပြည်တွင်းစစ် ပြီးပြီးချင်း ကျင်းပတာဖြစ်လို့ ယေဟောဝါ ကောင်းချီးကြောင့် အောင်မြင်ခဲ့တာပါ။ ဘာသာစကား ၁၇ မျိုးနဲ့ ကျင်းပပြီး ၁၂၁,၁၂၈ ယောက် တက်ရောက်လို့ သမိုင်းဝင်ခဲ့တယ်။ ညီအစ်ကို နောရ်၊ ဟန်ရှယ်တို့အပြင် အမေရိကန်နဲ့ အင်္ဂလန်က စင်းလုံးငှား လေယာဉ်တွေနဲ့ ရောက်လာတဲ့ ဧည့်သည်တွေဟာ တပည့်သစ် ၃,၇၇၅ ယောက် နှစ်ခြင်းခံတာကို မြင်ခဲ့ကြတယ်။ ဒါဟာ ပင်တေကုတ္တေပွဲပြီးနောက် အများဆုံး နှစ်ခြင်းခံတဲ့ အစည်းအဝေး ဖြစ်တယ်။ ကျွန်တော့်ဘဝမှာ အလုပ်အများဆုံး အချိန်ပါပဲ။ ကြေညာသူနှုန်း တစ်ဟုန်ထိုး တိုးတက်လာတယ်။
နိုင်ဂျီးရီးယားမှာ နေခဲ့တဲ့ အနှစ် ၃၀ ကျော်အတွင်း အနောက်အာဖရိကမှာ နယ်လှည့်ကြီးကြပ်မှူး၊ ဇုန်ကြီးကြပ်မှူးအဖြစ် မကြာခဏ အမှုဆောင်ခဲ့ရတယ်။ သာသနာပြုတွေဟာ သူတို့ရရှိတဲ့ အားပေးမှု၊ ဂရုစိုက်မှုကို သိပ်တန်ဖိုးထားကြတယ်။ သူတို့ကို လျစ်လျူရှုမထားကြောင်း ဖော်ပြခွင့်ရလို့ ကျေနပ်မိတယ်။ ယေဟောဝါရဲ့ အဖွဲ့အစည်း စည်းလုံးခိုင်မာပြီး ရှင်သန်ကြီးထွားနေဖို့ ကူညီပေးတဲ့ အဓိကအချက်ကတော့ လူတွေကို ပုဂ္ဂိုလ်ရေး စိတ်ဝင်စားမှု ပြခြင်းပဲဆိုတာ ကျွန်တော် သိခဲ့ရတယ်။
ပြည်တွင်းစစ်နဲ့ ရောဂါကြောင့် ဖြစ်လာတဲ့ ပြဿနာတွေကို ယေဟောဝါရဲ့ အကူအညီကြောင့်သာ ဖြေရှင်းနိုင်ခဲ့တယ်။ ယေဟောဝါ အမြဲ ကောင်းချီးပေးတယ်။ အိုရစ် ဒီလိုပြောတယ်–
“ကျွန်မတို့ ခဏခဏ ငှက်ဖျားဖြစ်တယ်။ တစ်ခေါက်မှာ ဝေါ့က သတိလစ်ပြီး လာဂို့စ်မြို့ ဆေးရုံကို ရောက်သွားတယ်။ မရတော့ဘူးလို့ ကျွန်မကို ဆရာဝန် လာပြောပေမဲ့ ပြန်ကောင်းလာလို့ တော်သေးတယ်။ သတိပြန်လည်လာတာနဲ့ သူနာပြုကို ဘုရားနိုင်ငံတော်အကြောင်း ပြောပြတယ်။ နောက်ပိုင်း အဲဒီသူနာပြု မစ္စတာ နွမ်ဘီဝီဆီ ကျွန်မနဲ့ ဝေါ့ ပြန်လည်ပတ်တယ်။ အမှန်တရားကို သူလက်ခံပြီး အဘာမြို့မှာ အကြီးအကဲ ဖြစ်လာတယ်။ မွတ်စလင်တွေ အပါအဝင် လူများစွာကို ယေဟောဝါရဲ့ ကျေးကျွန်တွေ ဖြစ်လာဖို့ ကျွန်မ ကူညီပေးနိုင်ခဲ့တယ်။ နိုင်ဂျီးရီးယား လူမျိုး၊ ယဉ်ကျေးမှု၊ ဓလေ့၊ ဘာသာစကားကို သိခွင့်ရပြီး မြတ်နိုးလာတာဟာ အကြီးမားဆုံး ပျော်ရွှင်မှုပါပဲ။”
သင်ခန်းစာတစ်ခုကတော့ တိုင်းတစ်ပါးမှာ ကိုယ့်တာဝန်ကို အောင်မြင်ချင်တယ်ဆိုရင် ယဉ်ကျေးမှု ဘယ်လောက် ကွဲပြားပါစေ ညီအစ်ကို/မတွေကို ချစ်တတ်အောင် သင်ယူဖို့ဖြစ်တယ်။
တာဝန်သစ်များ
နိုင်ဂျီးရီးယား ဗေသလမှာ အမှုဆောင်ပြီးနောက် ၁၉၈၇ မှာ ကရစ်ဘီယံကျွန်းစုထဲက လှပတဲ့ စိန့်လူစီယာကျွန်းမှာ သာသနာပြုအဖြစ် တာဝန်သစ်ရတယ်။ သိပ်ကောင်းတဲ့ တာဝန် ဖြစ်ပေမဲ့ စိန်ခေါ်ချက်အသစ်တွေလည်း ရှိတယ်။ ယောက်ျားတစ်ယောက်က မိန်းမ အများကြီး ယူလို့ရတဲ့ အာဖရိကနဲ့မတူဘဲ စိန့်လူစီယာမှာတော့ စုံတွဲတွေဟာ တရားဝင် လက်မထပ်ဘဲ အတူနေကြတယ်။ လိုအပ်တဲ့ အပြောင်းအလဲတွေ လုပ်ဖို့ ကျမ်းစာက သင်သားများစွာကို လှုံ့ဆော်ပေးတယ်။
ကျွန်တော်တို့ အသက်ကြီးလာတဲ့အတွက် အုပ်ချုပ်ရေးအဖွဲ့က ၂၀၀၅ မှာ အမေရိကန်၊ နယူးယောက်၊ ဘရွတ်ကလင် ဌာနချုပ်ကို ပြောင်းရွှေ့ပေးတယ်။ အိုရစ်အတွက် ယေဟောဝါကို နေ့တိုင်း ကျေးဇူးတင်မိတယ်။ ၂၀၁၅ မှာ သူ သေဆုံးသွားလို့ မဖော်ပြနိုင်အောင် ဝမ်းနည်းခဲ့ရတယ်။ အကောင်းဆုံး အဖော်မွန်၊ ချစ်ဇနီးပါပဲ။ အိမ်ထောင်သက် ၆၈ နှစ် တစ်လျှောက်လုံး သူ့ကို သိပ်ချစ်ခဲ့တာ။ အိမ်ထောင်မှာဖြစ်စေ၊ အသင်းတော်မှာဖြစ်စေ ပျော်ရွှင်မှု ရစေတဲ့ ပုံသေနည်းကတော့ ဦးစီးမှုကို လေးစားခြင်း၊ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ခြင်း၊ နှိမ့်ချခြင်း၊ စွမ်းအားတော် အရည်အသွေး တင်ပြခြင်းတို့ဖြစ်ကြောင်း သိခဲ့ရတယ်။
စိတ်ဓာတ်ကျတဲ့အခါ ကိုယ့်ရဲ့ အနစ်နာခံမှုတွေ အချည်းနှီး မဖြစ်အောင် ကူညီပေးဖို့ ယေဟောဝါကို အားကိုးခဲ့တယ်။ လိုအပ်သလို ပြုပြင်ပြောင်းလဲတဲ့အခါ အမြဲ တိုးတက်ကောင်းမွန်လာကြောင်း တွေ့ခဲ့ရတယ်။ အကောင်းဆုံးအချိန်ကတော့ မကြာခင် ရောက်လာမှာပါ။—ဟေရှာ. ၆၀:၁၇။ ၂ ကော. ၁၃:၁၁။
ထရီနီဒက်နဲ့ တိုဘာဂိုမှာ မိဘတွေနဲ့ တခြားသူတွေရဲ့ လုပ်ဆောင်မှုကို ယေဟောဝါ ကောင်းချီးပေးလို့ နောက်ဆုံးမှတ်တမ်းအရ ယေဟောဝါကို ဝတ်ပြုသူ ၉,၈၉၂ ယောက် ရှိတယ်။ အာရူးဘားမှာလည်း တိုးတက်တဲ့ အသင်းတော် ၁၄ ခု ရှိနေပြီ။ နိုင်ဂျီးရီးယားမှာ ကြေညာသူ အရေအတွက် ၃၈၁,၃၉၈ ယောက် အထိ တိုးတက်လာတယ်။ စိန့်လူစီယာကျွန်းမှာ ကြေညာသူ ၇၈၃ ယောက် ရှိနေပြီ။
အခု ကျွန်တော် အသက် ၉၀ ကျော်နေပြီ။ ယေဟောဝါရဲ့ အိမ်တော်မှာ စိုက်ပျိုးခံရသူတွေဟာ “ဇရာအိုအရွယ်မှာတောင် သီးပွင့်ဝေဆာနေလိမ့်မယ်။ အားမာန်အပြည့်နဲ့ လန်းဆန်းနေလိမ့်မယ်” လို့ ဆာလံ ၉၂:၁၄ မှာ ပြောတယ်။ ယေဟောဝါရဲ့ လုပ်ငန်းမှာ ပါဝင်ခဲ့တဲ့ အသက်တာအတွက် ကျေးဇူးတင်လိုက်တာ။ ကျွန်တော်ရခဲ့တဲ့ ကြွယ်ဝလှတဲ့ ခရစ်ယာန်အမွေအနှစ်က ယေဟောဝါအတွက် အပြည့်အဝ အမှုဆောင်ဖို့ လှုံ့ဆော်ပေးခဲ့တယ်။ ယေဟောဝါဟာ ခိုင်မြဲတဲ့မေတ္တာကြောင့် ကျွန်တော့်ကို “တံတိုင်းတော်ထဲမှာ ရှင်သန်ကြီးထွား” ခွင့် ပေးခဲ့တယ်။—ဆာ. ၉၂:၁၃။
^ အပိုဒ်၊ 18 ၁၉၇၂၊ မတ် ၈ ရက်ထုတ် နိုးလော့! (လိပ်) စာ. ၂၄-၂၆ ကို ကြည့်ပါ။