အမှားနဲ့ အမှန်– သင် ရွေးချယ်ဆုံးဖြတ်ရမယ့်အရာ
အမှားအမှန်နဲ့ပတ်သက်ပြီး ဘယ်စံနှုန်းတွေကို လိုက်နာနေသလဲဆိုတာက ကိုယ့်အသက်တာအပေါ် သက်ရောက်မှု အများကြီး ရှိနိုင်တယ်။ ဒါကို ယေဟောဝါဘုရား သိတယ်။ ဒါကြောင့်လည်း မိမိစံနှုန်းတွေအတိုင်း နေစေချင်တာ။
ယေဟောဝါက ကျွန်တော်တို့ကို ငြိမ်သက်ပျော်ရွှင်တဲ့ အသက်တာ ပိုင်ဆိုင်စေချင်တယ်။
“ငါယေဟောဝါဟာ မင်းတို့ရဲ့ ဘုရားသခင်ပဲ။ မင်းတို့ကောင်းကျိုးအတွက် သွန်သင်ပေးတဲ့အရှင်၊ မင်းတို့ လျှောက်သင့်တဲ့ လမ်းအတိုင်း လမ်းညွှန်ပေးတဲ့ အရှင်ပဲ။ ငါ့ပညတ်တွေကို အာရုံစိုက်မယ်ဆိုရင် မင်းတို့ရဲ့ ငြိမ်သက်ခြင်းဟာ မြစ်လို၊ မင်းတို့ရဲ့ ဖြောင့်မတ်ခြင်းဟာ ပင်လယ်လှိုင်းတွေလို ဖြစ်လာမယ်။”—ဟေရှာယ ၄၈:၁၇၊ ၁၈။
ဘုရားဟာ ဖန်ဆင်းရှင် ဖြစ်လို့ ဘယ်လို အသက်တာမျိုးက အကောင်းဆုံး ဖြစ်မှန်း သိတယ်။ ဘုရားစံနှုန်းတွေဟာ ကျွန်တော်တို့ကောင်းကျိုးအတွက်ပဲမို့ လိုက်နာစေချင်တယ်။ ဘုရားစံနှုန်းတွေသာ လိုက်နာရင် ကိုယ့်ရွေးချယ်ဆုံးဖြတ်မှုတွေ အကျိုးရှိပါ့မလားဆိုပြီး စိတ်ပူဖို့ မလိုဘူး။ ရွေးချယ်ဆုံးဖြတ်မှုတိုင်း မှန်နေမှာ။ ငြိမ်သက်ပျော်ရွှင်မှု ရမှာ။
မဖြစ်နိုင်တာတွေ လုပ်ဖို့ ယေဟောဝါ မတောင်းဆိုဘူး။
“ကျွန်တော် မှာကြားနေတဲ့ ဒီပညတ်ချက်တွေဟာ ခင်ဗျားတို့အတွက် ခက်ခဲလွန်းတဲ့အရာ၊ လက်လှမ်းမမီနိုင်တဲ့အရာ မဟုတ်ဘူး။”—တရားဟောရာ ၃၀:၁၁။
မိမိစံနှုန်းတွေအတိုင်း နေသူတွေကို ကူညီမယ်လို့ ယေဟောဝါ ကတိပေးတယ်။
“မင်းရဲ့ ဘုရား ယေဟောဝါဟာ မင်းရဲ့ ညာလက်ကို ဆုပ်ကိုင်ပြီး ‘မကြောက်နဲ့။ ငါ ကူညီမယ်’ လို့ ပြောတဲ့အရှင်ပဲ။”—ဟေရှာယ ၄၁:၁၃။
ဘုရား နေစေချင်တဲ့ စံနှုန်းအတိုင်း ကျွန်တော်တို့ နေနိုင်ပါတယ်။ ဘုရား ကူညီပေးမှာမို့လို့ပဲ။ ဘုရားစကားတော် ကျမ်းစာကတစ်ဆင့် ကူညီပေးနိုင်တယ်။ ကျမ်းစာက ကျွန်တော်တို့ကို အားပေးမှု ဖြစ်စေတယ်။ မျှော်လင့်ချက် ရှိစေတယ်။
ကျမ်းစာစံနှုန်းတွေအတိုင်း နေထိုင်လို့ ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ လူသန်းချီ ဘဝ တိုးတက်ကောင်းမွန်လာကြတယ်။ ကျမ်းစာမှာ ဘယ်လို အကြံဉာဏ်ကောင်းတွေ ပါသလဲ လေ့လာကြည့်ပါ။ jw.org မှာ အခမဲ့ ရနိုင်တဲ့ ပျော်စရာဘဝ ထာဝရ စံစားကြ ကျမ်းစာအခြေပြုစာစောင်ကို အသုံးပြုပြီး လေ့လာကြည့်ပါ။ အဲဒီစာစောင်မှာ ဒီသင်ခန်းစာတွေ ပါတယ်–
-
ကျမ်းစာက သင့်ဘဝကို တိုးတက်ကောင်းမွန်စေနိုင်သလား
-
ကျမ်းစာထဲက မျှော်လင့်ချက်ရောင်ခြည်
-
ကျမ်းစာကို ယုံကြည်စိတ်ချနိုင်ပါသလား
ကျမ်းစာကို ဆန်းစစ်လေ့လာတဲ့အခါ ကျမ်းစာဟာ ခေတ်နောက်မကျဘူး၊ “အခုရော၊ နောင်ရော အမြဲ စိတ်ချနိုင်တယ်” ဆိုတာ သိလာမယ်။ (ဆာလံ ၁၁၁:၈) ကျမ်းစာမှာ ပါတဲ့ အမှားအမှန်စံနှုန်းတွေကို လိုက်နာတာဟာ အကောင်းဆုံး လမ်းစဉ်ပါပဲ။ ဒါပေမဲ့ လိုက်နာဖို့ ဘုရား အတင်း ဖိအားမပေးဘူး။ (တရားဟောရာ ၃၀:၁၉၊ ၂၀။ ယောရှု ၂၄:၁၅) ဒါ လူတိုင်း ရွေးချယ်ဆုံးဖြတ်ရမယ့် ကိစ္စပါ။