မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်းကြီး၊ အခန်းငယ်များ—ကျမ်းစာထဲမှာ ထည့်သွင်းခဲ့တာ ဘယ်သူတွေလဲ

အခန်းကြီး၊ အခန်းငယ်များ—ကျမ်းစာထဲမှာ ထည့်သွင်းခဲ့တာ ဘယ်သူတွေလဲ

ကိုယ့်ကိုယ်ကိုယ်ပထမရာစုခေတ်က ခရစ်ယာန်တစ်ဦးလို့ မြင်ယောင်ကြည့်ပါ။ အခုလေးတင် တမန်တော်ပေါလုက အသင်းတော်အတွက် စာတစ်စောင်ပို့လိုက်တယ်။ စာဖတ်ပြတာကို နားထောင်နေတုန်း “သန့်ရှင်းသောကျမ်းဂန်များ” ဖြစ်တဲ့ ဟေဗြဲကျမ်းစာစောင်တွေကို ပေါလု ခဏခဏကိုးကားထားမှန်း သင် သတိပြုမိသွားတယ်။ (၂ တိမောသေ ၃:၁၅) ‘သူ ဘယ်ကျမ်းချက်ကို ကိုးကားသွားတာလဲ၊ သိချင်လိုက်တာ’ ဆိုပြီး ကိုယ့်ဘာသာကိုယ် ပြောမိမှာပဲ။ ဒါပေမဲ့ အဲလိုသိဖို့ ထင်သလောက်မလွယ်ပါဘူး။ ဘာကြောင့်လဲ။

အခန်းကြီး၊ အခန်းငယ် မရှိ

ပေါလုခေတ်မှာ ရရှိနိုင်တဲ့ “သန့်ရှင်းသောကျမ်းဂန်များ” ရဲ့လက်ရေးစာမူတွေက ဘယ်လိုပုံစံလဲဆိုတာ သုံးသပ်ကြည့်ပါ။ ပင်လယ်သေကျမ်းလိပ်ထဲက ဟေရှာယကျမ်း တစ်ပိုင်းတစ်စကို ဒီမှာပြထားပါတယ်။ ဘာတွေ့ရသလဲ။ စာတွေအပြည့် တွေ့ရတယ်မဟုတ်လား။ အဖြတ်အတောက် မရှိဘူး။ ဒီနေ့ခေတ် ကျွန်ုပ်တို့သုံးနေကျ အခန်းကြီး၊ အခန်းငယ်ဆိုတာလည်း မရှိပြန်ဘူး။

ကျမ်းရေးသူတွေဟာ သူတို့ရေးသားခဲ့ရာတွေကို အခန်းကြီး၊ အခန်းငယ် မခွဲခဲ့ပါဘူး။ ဘုရားပေးသတင်းစကားကို သူတို့ အကုန်လုံးချရေးခဲ့တာကြောင့် စာဖတ်သူတွေကလည်း ကိုယ်တော့်သတင်းစကားကို တစ်ပိုင်းတစ်စလောက်သာမဟုတ်ဘဲ အကုန်လုံးဖတ်ရှုနိုင်မှာ ဖြစ်တယ်။ ကိုယ်ချစ်မြတ်နိုးရသူဆီကနေ အရေးကြီးတဲ့စာတစ်စောင်ရတဲ့အခါ သင်အနေနဲ့ တစ်ပိုင်းတစ်စလောက်သာမဟုတ်ဘဲ အကုန်လုံးဖတ်ချင်မယ် မဟုတ်လား။

ဒါပေမဲ့ ကျမ်းစာမှာ အခန်းကြီး၊ အခန်းငယ်မရှိလို့ အခက်အခဲတစ်ခုပေါ်လာတယ်။ ပေါလုဟာ သူ့ကိုးကားချက်တွေကို “ကျမ်းစာ၌ ရေးထားသည်ကား၊” “ဟေရှာယ ဟောနှင့်သည့်အတိုင်း” လို့သာ ခွဲခြားဖော်ပြနိုင်ခဲ့ပါတယ်။ (ရောမ ၃:၁၀; ၉:၂၉) ဒါကြောင့် သင့်အနေနဲ့ “သန့်ရှင်းသောကျမ်းဂန်များ” နဲ့ အကျွမ်းတဝင်မရှိဘူးဆိုရင် အဲဒီကိုးကားချက်တွေကို ရှာတွေ့ဖို့ တော်တော်လေးခက်သွားပါလိမ့်မယ်။

ဒီအပြင် “သန့်ရှင်းသောကျမ်းဂန်များ” ဟာ ဘုရားသခင်ဆီကလာတဲ့ ကျမ်းစောင်တစ်စောင်လောက်ပဲ မဟုတ်ပါဘူး။ အေဒီပထမရာစုအကုန်ပိုင်းလောက်မှာ အဲဒီကျမ်းဂန်တွေကို ကျမ်းစာစောင် ၆၆ စောင်ရှိတဲ့ ကျမ်းစာအုပ်အဖြစ် ဖွဲ့စည်းခဲ့ပါတယ်။ တမန်တော်ပေါလုရဲ့စာမှာပါတဲ့ ကိုးကားချက်လိုမျိုး သတ်သတ်မှတ်မှတ် အကြောင်းအရာကို ရှာတွေ့နိုင်အောင်ကူညီပေးတဲ့ နံပါတ်စဉ်တပ် အခန်းကြီး၊ အခန်းငယ်တွေရှိတဲ့အတွက် အခုခတ်ကျမ်းစာဖတ်သူအများစု ဝမ်းသာကြတယ်။

ဒါဆို သင်အနေနဲ့ “ကျမ်းစာထဲမှာ အခန်းကြီး၊ အခန်းငယ်ကို ထည့်ခဲ့တာ ဘယ်သူများလဲ” လို့ မေးနိုင်ပါတယ်။

အခန်းကြီးထည့်ခဲ့တာ ဘယ်သူလဲ

နောက်ပိုင်းမှာ ကန်တာဘာရီဂိုဏ်းချုပ်ဖြစ်လာသူ အင်္ဂလိပ်ဘုန်းတော်ကြီး စတီဖန် လန်တန်ဟာ ကျမ်းစာထဲမှာ အခန်းကြီးတွေ အစဉ်လိုက်ထည့်ခဲ့သူ ဖြစ်တယ်။ သူဟာ ပြင်သစ်နိုင်ငံ၊ ပါရီမြို့က တက္ကသိုလ်တစ်ခုမှာ ကျောင်းဆရာလုပ်နေချိန်၊ အေဒီ ၁၃ ရာစုအစောပိုင်းမှာ အဲဒီလိုလုပ်ခဲ့တာ ဖြစ်တယ်။

လန်တန်ခေတ်မတိုင်ခင်က ပညာရှင်တွေဟာ ရည်ညွှန်းကိုးကားဖို့ရည်ရွယ်ချက်နဲ့ ကျမ်းစာထဲမှာ အခန်းကြီးတွေ ခွဲနိုင်မယ့် နည်းလမ်းမျိုးစုံကို ရှာဖွေခဲ့ကြတယ်။ သူတို့အတွက် ကျမ်းတစ်ချက်ကိုတွေ့ဖို့ ကျမ်းတစ်စောင်လုံးပတ်ရှာတာထက် အခန်းကြီးတစ်ခန်းမှာပဲ သေချာရှာတာက ပိုလွယ်ကူတယ်မဟုတ်လား။ ဥပမာ၊ အခန်းကြီး ၆၆ ခန်းပါတဲ့ ဟေရှာယကျမ်းလို ကျမ်းစာစောင်မျိုးပေါ့။

ဒါပေမဲ့လည်း ပြဿနာတစ်ခု ပေါ်လာပြန်တယ်။ ပညာရှင်တွေက အခန်းကြီးကို တစ်ယောက်တစ်မျိုး အမျိုးမျိုး ခွဲကြတယ်။ တစ်ခုအနေနဲ့ပြရရင် အခုခေတ်မှာ အခန်းကြီး ၁၆ ခန်းပဲပါတဲ့ မာကုကျမ်းကို သူတို့ခေတ်မှာ အခန်းကြီး ၅၀ နီးပါးခွဲကြတယ်။ လန်တန်ခေတ်တုန်းက ပါရီမြို့မှာ နိုင်ငံမျိုးစုံကလာတဲ့ ကျောင်းသားတွေရှိပြီး သူတို့နိုင်ငံသုံး ကျမ်းစာအုပ်တွေလည်း ယူလာကြတယ်။ ဒါပေမဲ့ ဆရာတွေနဲ့ ကျောင်းသားတွေဟာ ရည်ညွှန်းကျမ်းချက်က ကျမ်းစာရဲ့ ဘယ်နေရာမှာလဲဆိုတာ အလွယ်တကူ မရှင်းပြနိုင်ဘူး။ ဘာကြောင့်လဲ။ သူတို့သုံးနေတဲ့လက်ရေးစာမူတွေဟာ တစ်ခုနဲ့တစ်ခု အခန်းကြီးခွဲပုံချင်း မတူလို့ပါပဲ။

ဒါကြောင့် လန်တန်ဟာ အခန်းကြီးခွဲပုံအသစ်ကို တီထွင်ခဲ့တယ်။ “သူ အခန်းကြီးခွဲပုံကို ကျမ်းတတ်တွေ၊ စာဖတ်သူတွေ နှစ်သက်သွားလို့ ဥရောပတစ်လျှောက် အလျင်အမြန် ပျံ့နှံ့သွားတယ်” လို့ The Book—A History of the Bible စာအုပ်မှာဖော်ပြထားတယ်။ ဒီနေ့ခေတ်ကျမ်းစာအများစုမှာတွေ့ရတဲ့ နံပါတ်စဉ်တပ် အခန်းကြီးခွဲပုံက သူ့လက်ရာပဲဖြစ်ပါတယ်။

အခန်းငယ်တွေ ထည့်ခဲ့တာ ဘယ်သူလဲ

နှစ်ပေါင်း ၃၀၀ ကြာပြီးနောက် အေဒီ ၁၆ ရာစုအလယ်ပိုင်းလောက်မှာ ပြင်သစ်နိုင်ငံသား ကျော်ကြားတဲ့ပုံနှိပ်ပညာရှင် ရောဘတ် အေတီယန်က ကျမ်းစာကိုဖတ်ရှုရလွယ်အောင် လုပ်ခဲ့တယ်။ သူ့ရည်ရွယ်ချက်က လူတွေ ကျမ်းစာကို များများဖတ်ရှုလေ့လာဖို့ ဖြစ်တယ်။ နံပါတ်စဉ်တပ် အခန်းကြီး၊ အခန်းငယ်ခွဲပုံဟာ တစ်သမတ်တည်းရှိရင် ဘယ်လောက်ကောင်းမလဲဆိုတာ သူ သိမြင်ခဲ့တယ်။

အေတီယန်ဟာ ကျမ်းစာကို အခန်းငယ်ခွဲဖို့ ဦးဆုံးအကြံရသူတော့ မဟုတ်ဘူး။ သူ့အရင် လုပ်ဆောင်ခဲ့သူတွေရှိတယ်။ ဥပမာ၊ အစောပိုင်း ရာစုနှစ်တွေမှာ ဂျူးလူမျိုးကျမ်းကူးရေးသူတွေဟာ ဓမ္မဟောင်းကျမ်းလို့လူသိများတဲ့ ဟေဗြဲကျမ်းစာစောင်အားလုံးကို အခန်းကြီး၊ အခန်းငယ် ခွဲခဲ့တယ်။ ဒါပေမဲ့ အခန်းကြီးခွဲနည်းတွေ များလာပေမဲ့ ခွဲပုံခွဲနည်းတွေက ကွဲလွဲနေကြတုန်းပါပဲ။

အေတီယန်ဟာ ဓမ္မသစ်ကျမ်းလို့လူသိများတဲ့ ခရစ်ယာန်ဂရိကျမ်းစာစောင်တွေကို နံပါတ်စဉ်တပ် အခန်းငယ်ပြန်ခွဲလိုက်ပြီး အခန်းကြီးအခန်းငယ်ခွဲပြီးသား ဟေဗြဲကျမ်းစာစောင်တွေနဲ့ ပေါင်းလိုက်တယ်။ ၁၅၅၃ ခုနှစ်မှာ သူဟာ ဒီနေ့ခေတ်ကျမ်းစာအများစုပါ အခန်းကြီးအခန်းငယ်ခွဲပုံနဲ့တူတဲ့ ကျမ်းစာတစ်အုပ်လုံးကို (ပြင်သစ်လို) ဦးဆုံးပုံနှိပ်ထုတ်ဝေခဲ့တယ်။ ကျမ်းစာကို အခန်းငယ်တွေခွဲတာဟာ အတွဲလိုက်စာစောင်တွေလို အပိုင်းအပိုင်းအစစဖြစ်အောင်လုပ်တာဆိုပြီး တချို့သူတွေ ဝေဖန်ပြောဆိုကြတယ်။ ဒါပေမဲ့ ကျမ်းစာပုံနှိပ်ထုတ်ဝေတဲ့ တခြားသူတွေက အေတီယန်ရဲ့နည်းစနစ်ကို လက်ခံခဲ့ကြတယ်။

ကျမ်းစာလေ့လာသူအားလုံးအတွက် အထောက်အကူ

နံပါတ်စဉ်တပ် အခန်းကြီးအခန်းငယ်ခွဲတာဟာ နည်းလမ်းရိုးရိုးလေးတစ်ခု ဖြစ်ပုံရတယ်။ ဒါပေမဲ့ အဲဒါကြောင့် ကျမ်းစာထဲကအခန်းငယ်တိုင်းဟာ စာပို့သင်္ကေတလို အတိအကျ “ရည်ညွှန်းချက်” တစ်ခုရှိသွားတယ်။ အခန်းကြီးအခန်းငယ်ခွဲတဲ့ကိစ္စဟာ ဘုရားသခင့်လမ်းညွှန်ချက်မဟုတ်ဘူး၊ တစ်ခါတလေ အခန်းကြီးအခန်းငယ်ခွဲလိုက်လို့ ကျမ်းစာသားတွေ အထက်အောက်ရောက်သွားတာတော့ မှန်ပါတယ်။ အခန်းကြီးအခန်းငယ်ခွဲလိုက်တာကြောင့် ကျွန်ုပ်တို့ကြိုက်နှစ်သက်တဲ့ စာအုပ်တစ်အုပ်ထဲက စကားစုတွေ၊ ဖော်ပြချက်တွေကို မှတ်သားထားသလိုမျိုး အဓိပ္ပာယ်လေးနက်တဲ့ ကျမ်းချက်တွေကို မှတ်သားထားနိုင်ပြီး တခြားသူတွေကို ပြောပြနိုင်တယ်၊ ရည်ညွှန်းကျမ်းချက်တွေကို ထောက်ပြနိုင်တယ်။

အခန်းကြီးအခန်းငယ်တွေကြောင့် ဖတ်ရလွယ်ကူတာမှန်ပေမဲ့ ကျွန်ုပ်တို့အကျိုးအတွက် ဘုရားသခင်ပေးထားတဲ့ သတင်းစကားအကုန်လုံးကို နားလည်ဖို့က ပိုအရေးကြီးကြောင်း မှတ်သားထားပါ။ ဒါကြောင့် ကျမ်းတစ်ချက်တည်းကိုသာ ဖတ်ရှုမယ့်အစား အထက်အောက်ကျမ်းချက်တွေကိုပါ ဖတ်ရှုတဲ့အကျင့်မွေးမြူပါ။ အဲဒီလိုလုပ်သွားမယ်ဆိုရင် “ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရရန် သင့်ကို ပညာရှိစေနိုင်” သော “ထိုကျမ်းဂန်များ” အကြောင်း ပိုသိလာပါလိမ့်မယ်။—၂ တိမောသေ ၃:၁၅