သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ | ရေဗက္က
‘ကျွန်မ လိုက်ပါမည်’
ရေဗက္ကဟာ ကျောက်ဆောင်ထူပြောတဲ့နယ်မြေပေါ် နေရိပ်ကျလာတာကို ငေးကြည့်လို့နေပါတယ်။ ရက်သတ္တပတ်အတော်ကြာ ခရီးနှင်လာပြီးနောက် ဘယ်ညာယိမ်းထိုးနေတဲ့ကုလားအုတ်ကျောပေါ်မှာ ထိုင်စီးရတာကို တဖြည်းဖြည်း နေသားကျလာတယ်။ သူ့ဇာတိခါရန်မြို့ဟာ ဟိုးအရှေ့မြောက်ဘက် မိုင်ပေါင်းများစွာအကွာ အဝေးကြီးမှာ ကျန်ရစ်ခဲ့ပါပြီ။ မိသားစုနဲ့ ပြန်တွေ့နိုင်ပါ့ဦးမလား။ ခရီးဆုံးပန်းတိုင်ရောက်ခါနီးလေ ရှေ့ဆက်ဘာတွေဖြစ်လာမလဲဆိုတဲ့အတွေးတွေ သူ့ခေါင်းထဲ ပြည့်နှက်လာလေပါပဲ။
ကုလားအုတ်တန်းကြီးဟာ ခါနာန်ပြည်တစ်လျှောက် ခရီးနှင်လာခဲ့ပြီးနောက် အခု ခက်ခဲကြမ်းတမ်းတဲ့ နေဂပ်ပြည်ကို ဖြတ်သန်းနေပါတယ်။ (ကမ္ဘာဦး ၂၄:၆၂) အဲဒီမှာ သိုးတွေကို ရေဗက္က မြင်တွေ့ခဲ့မှာပဲ။ ဒီပြည်က တောရိုင်းဒေသလည်းဖြစ်၊ မိုးကလည်းခေါင်ဆိုတော့ စိုက်ပျိုးမွေးမြူဖို့ခက်ခဲနိုင်ပေမဲ့ တိရစ္ဆာန်တွေအတွက်တော့ စားကျက်မြေတွေ အများကြီးရှိတယ်။ ဦးဆောင်ခေါ်သွားနေတဲ့ အသက်ကြီးသူက ဒီနယ်မြေအကြောင်း ကောင်းကောင်းသိပါတယ်။ ရေဗက္ကဟာ သခင်ဣဇာက်ရဲ့ ဇနီးဖြစ်လာတော့မယ်ဆိုတဲ့အကြောင်း သူ့သခင်ကို သိပ်ပြောပြချင်နေတာ။ ရေဗက္ကအနေနဲ့ ဒီပြည်မှာ ဘယ်လိုပုံစံမျိုး နေထိုင်သွားရမလဲ၊ သတို့သားလောင်း ဣဇာက်က ဘယ်လိုလူစားမျိုးလဲ၊ အချင်းချင်း တစ်ခါမှလည်း မတွေ့ဖူးဘူးဆိုတော့ ငါကိုတွေ့ရင် ဣဇာက် ကြိုက်ရောကြိုက်ပါ့မလား၊ သူ့အပေါ်မှာရော ငါ့ခံစားချက် ဘယ်လိုရှိမလဲ စတဲ့မေးခွန်းတွေကို စဉ်းစားနေမှာပဲ။
အိမ်ထောင်ရေးကို မိဘတွေစီစဉ်ပေးတာက ဒီနေ့ခေတ် ကမ္ဘာ့ဒေသအတော်များများမှာ အထူးအဆန်းဖြစ်နိုင်ပါတယ်။ တခြားဒေသတွေမှာတော့ အဲဒီလိုစီစဉ်ပေးတာက အထူးအဆန်းမဟုတ်ဘူး။ ဒါနဲ့ပတ်သက်ပြီး သင့်အမြင်ဘယ်လိုပဲရှိပါစေ ရေဗက္ကဟာ တစ်ခါမှမရောက်ဖူးတဲ့ နေရာဆီသွားနေမှန်း သင် သဘောတူပါလိမ့်မယ်။ ရေဗက္ကဟာ မှတ်ကျောက်တင်ရလောက်အောင် သတ္တိရှိသူ၊ ယုံကြည်ခြင်းရှိသူတစ်ဦးပါ။ ဘဝတစ်ကွေ့ကွေ့မှာ အပြောင်းအလဲကြုံရတဲ့အခါ အဲဒီအရည်အသွေးနှစ်ခု ကျွန်ုပ်တို့ဆီမှာ ရှိဖို့လိုအပ်ပါတယ်။ ရေဗက္ကရဲ့ယုံကြည်ခြင်းနဲ့ ဆက်စပ်နေတဲ့ အတုယူထိုက်ဖွယ် တခြားအရည်အသွေးတွေ ရှိပါသေးတယ်။
‘ကုလားအုတ်တို့ ဝစွာသောက်စရာဖို့ ရေခပ်ပါမည်’
ရိုးရိုးလေးလို့ထင်ရတဲ့ သာမန်ကိစ္စကနေ ရေဗက္ကရဲ့ဘဝအတွက် ကြီးမားတဲ့အလှည့်အပြောင်း စတင်ဖြစ်ပေါ်လာတယ်။ မက်ဆိုပိုတေးမီးယားဒေသ၊ ခါရန်မြို့ ဒါမှမဟုတ် မြို့နားမှာ သူ ကြီးပြင်းလာခဲ့တာဖြစ်ပြီး မိဘတွေက ခါရန်မြို့သားအများစုနဲ့ လုံးဝမတူဘူး။ သူ့မိဘတွေက လနတ်ဘုရား စင်းကို မကိုးကွယ်ဘဲ ယေဟောဝါဘုရားကို ကိုးကွယ်ကြတယ်။—ကမ္ဘာဦး ၂၄:၅၀။
ရေဗက္ကဟာ လှသွေးကြွယ်သူလေးတစ်ယောက်ပါ။ ဒါပေမဲ့ အပေါ်ယံရုပ်အဆင်းလောက်ပဲ လှတာမဟုတ်ဘူး။ သွက်လက်ချက်ချာသူ၊ ကိုယ်ကျင့်တရားစင်ကြယ်သူလည်း ဖြစ်ပါတယ်။ သူ့မိသားစုက အစေခံကျွန်ထားနိုင်တဲ့အထိ ချမ်းသာကြွယ်ဝတာမှန်ပေမဲ့ ရေဗက္ကဟာ မင်းသမီးလေးတစ်ယောက်လို ဖူးဖူးမှုတ် အလိုလိုက်ခံရသူ မဟုတ်ပါဘူး။ အဲဒီအစား အလုပ်ကြိုးစားလုပ်တတ်အောင် ဆုံးမသွန်သင်ခံထားရသူပါ။ အဲဒီခေတ်က အမျိုးသမီးအများစုလိုပဲ ရေဗက္ကလည်း မိသားစုသုံးဖို့ရေခပ်တာအပါအဝင် အိမ်မှုကိစ္စအဝဝကို ကြိုးစားပမ်းစား လုပ်ခဲ့ရတယ်။ ညနေခင်းလောက်ဆို ပခုံးပေါ်မှာ ရေအိုးတစ်လုံးကိုထမ်းပြီး ရေခပ်ဖို့ ရေတွင်းရှိရာဆီ သူ သွားလေ့ရှိတယ်။—ကမ္ဘာဦး ၂၄:၁၁၊ ၁၅၊ ၁၆။
တစ်ညနေခင်း၊ ရေအိုးထဲရေဖြည့်ပြီးနောက် သူ့ဆီ အသက်ကြီးသူတစ်ဦးပြေးလာပြီး အခုလိုပြောရှာတယ်– “သင်၏ရေဘူး၌ ရေအနည်းငယ်ကို သောက်ပါရစေ။” ဒါက လေးလေးစားစား၊ ယဉ်ယဉ်ကျေးကျေး တောင်းဆိုမှုတစ်ခုပါ။ ရေတောင်းသောက်သူက ခရီးအဝေးကြီးနှင်လာသူဖြစ်မှန်း ရေဗက္က သိတယ်။ ဒါနဲ့ ရေဗက္ကဟာ ပခုံးပေါ်က ရေအိုးကို မြန်မြန်အောက်ချပေးပြီး ကြည်လင်အေးမြတဲ့ရေကို တစ်ငုံစာလောက်သာမဟုတ်ဘဲ အဝသောက်ခိုင်းလိုက်ပါတယ်။ ဒီအပြင် အနီးအနားမှာ ကုလားအုတ်ဆယ်ကောင် လှဲနေတာ၊ သူတို့ကိုလည်း ရေမတိုက်ရသေးဘူးဆိုတာ မြင်သွားတယ်။ ရေတောင်းသောက်သူရဲ့ သနားကရုဏာသက်စရာအကြည့်ကြောင့် ရေဗက္ကလည်း မနေသာတော့ဘဲ အခုလိုဆိုတယ်–“သင်၏ကုလားအုတ်တို့သည်လည်း ဝစွာသောက်စရာဖို့ ရေခပ်ပါမည်။”—ကမ္ဘာဦး ၂၄:၁၇–၁၉။
ကုလားအုတ်ဆယ်ကောင်ကို စတိလောက်မဟုတ်ဘဲ ရေအဝတိုက်မယ်လို့ ရေဗက္ကပြောခဲ့တာက မှတ်သားစရာပါပဲ။ ရေအရမ်းဆာနေတဲ့ ကုလားအုတ်တစ်ကောင်ဟာ ၂၅ ဂါလံ (၉၅ လီတာ) ကျော်အထိ ရေသောက်နိုင်တယ်။ ကုလားအုတ်ဆယ်ကောင်စလုံးသာ ရေဆာခဲ့မယ်ဆိုရင် ရေဗက္ကခမျာ အချိန်အကြာကြီး ရေခပ်ပေးရမှာဖြစ်တယ်။ ဒါပေမဲ့ ကုလားအုတ်ဆယ်ကောင်စလုံးတော့ ရေအရမ်းဆာနေပုံမရပါ * ကုလားအုတ်တွေအတွက် ရေခပ်ပေးမယ်လို့ပြောချိန်မှာ ဒီအချက်ကို ရေဗက္က သိခဲ့သလား။ မသိပါဘူး။ ရေဗက္ကဟာ သူစိမ်းအမျိုးသားအသက်ကြီးသူကို ဧည့်ဝတ်ကျေပွန်ချင်လို့ သူ့အတွက် အတတ်နိုင်ဆုံး လိုလိုလားလား လုပ်ဆောင်ပေးချင်ပါတယ်။ ရေဗက္ကရဲ့ အကူအညီကို ရေတောင်းသောက်သူက လက်ခံလိုက်တယ်။ ရေဗက္ကတစ်ယောက် ကုလားအုတ်တွေသောက်ဖို့ ခေါက်တုံ့ခေါက်ပြန် ရေခပ်ပေးနေတာကို သူ သေချာလိုက်ကြည့်နေပါတယ်။—ကမ္ဘာဦး ၂၄:၂၀၊ ၂၁။
ဘူး။ကျွန်ုပ်တို့ခေတ်အတွက် ရေဗက္ကရဲ့ပုံသက်သေက စိတ်နှလုံးထိမိစရာပါပဲ။ ကျွန်ုပ်တို့ခေတ်မှာ တစ်ကိုယ်ကောင်းဆန်တာကို နေရာတိုင်းမှာ တွေ့နေရပါတယ်။ ကျမ်းစာမှာကြိုပြောထားသလိုပဲ လူတွေဟာ “ကိုယ့်ကိုယ်ကိုယ်ချစ်သူ” တွေဖြစ်လာကြပြီး တခြားသူတွေအပေါ် သနားစာနာစိတ် ကင်းမဲ့လာကြတယ်။ (၂ တိမောသေ ၃:၁-၅) တစ်ကိုယ်ကောင်းစိတ် မရှိအောင်ကြိုးစားနေတဲ့ ခရစ်ယာန်တွေအနေနဲ့ ကျမ်းစာထဲက ရှေးခေတ်အမျိုးသမီးငယ်လေးရဲ့ ရေတွင်းဆီ ခေါက်တုံ့ခေါက်ပြန်သွားခဲ့တဲ့အကြောင်းကို အလေးအနက်ထား စဉ်းစားသုံးသပ်သင့်ပါတယ်။
သူစိမ်းအမျိုးသားအသက်ကြီးသူက သူ့ကို သေချာလိုက်ကြည့်နေမှန်း ရေဗက္က သတိပြုမိသွားတယ်။ သူက မရိုးသားတဲ့စိတ်နဲ့ ကြည့်တာမဟုတ်ဘဲ စူးစမ်းချင်လို့၊ အံ့ဩလွန်းလို့၊ ဝမ်းသာလွန်းလို့ ကြည့်တာပါ။ ရေဗက္က ရေတိုက်လို့ပြီးသွားတော့ ဧည့်သည်အမျိုးသားကြီးက လက်ဆောင်အဖြစ် အဖိုးတန်ကျောက်မျက်ရတနာတွေ သူ့ကို ပေးတယ်။ ပြီးနောက် “သင်သည် အဘယ်သူ၏သမီးဖြစ်သနည်း။ ကျွန်ုပ်ကို ပြောပါ။ သင်၏အဘအိမ်၌ ကျွန်ုပ်တို့တည်းခိုစရာအရပ်ရှိသလော” လို့မေးတယ်။ ရေဗက္ကက သူ့မိသားစုအကြောင်း ပြောပြလိုက်တော့ ဧည့်သည်အမျိုးသားကြီး သိပ်ဝမ်းသာသွားတယ်။ ရေဗက္ကကလည်း “ကျွန်ုပ်တို့၌ မြက်ခြောက်များ၊ စားဖွယ်သောက်ဖွယ်များနှင့် တည်းခိုစရာအရပ်လည်းရှိသည်” ဆိုပြီး ဝမ်းသာအားရ ပြန်ဖြေတယ်။ သက်ကြီးအမျိုးသားနဲ့အတူ တခြားသူတွေလည်းပါလာတာမို့ အဲဒီလိုပြောတာက သင့်တော်တဲ့ ကမ်းလှမ်းချက်ပါပဲ။ ပြီးနောက် အမေဖြစ်သူကို အကြောင်းစုံပြောပြဖို့ ရေဗက္ကဟာ အိမ်ကို အရင်ပြေးသွားပါတော့တယ်။—ကမ္ဘာဦး ၂၄:၂၂-၂၈၊ ၃၂။
ဒါကြောင့် ရေဗက္ကဟာ ဧည့်ဝတ်ကျေပွန်တတ်အောင် သွန်သင်ခံခဲ့ရမှန်း ရှင်းနေပါတယ်။ ဒီနေ့ခေတ်မှာ ဧည့်ဝတ်ကျေပွန်မှုဟာ ရှားသည်ထက်ရှားလာတာကြောင့် နွေးထွေးပျူငှာပြီး ဧည့်ဝတ်ကျေပွန်တဲ့ ဒီအမျိုးသမီးလေးရဲ့ ယုံကြည်ခြင်းကို တုပသင့်တယ်မဟုတ်လား။ ဘုရားသခင်ကို ယုံကြည်ကြောင်းတင်ပြတဲ့အနေနဲ့ ကျွန်ုပ်တို့လည်း ဧည့်ဝတ်ကျေပွန်ဖို့ လိုပါတယ်။ ယေဟောဝါဟာ လူသားအားလုံးကို ရက်ရောမှုပြတာကြောင့် ကိုယ်တော်ဟာ ဧည့်ဝတ်ကျေပွန်တဲ့ဘုရားဖြစ်မှန်း၊ မိမိကိုကိုးကွယ်သူတွေကိုလည်း ဧည့်ဝတ်ကျေပွန်စေချင်မှန်း သိရတယ်။ ဘယ်သောအခါမှ ကျေးဇူးမတုံ့ပြန်နိုင်မယ့်သူတွေအပေါ် ကျွန်ုပ်တို့ဧည့်ဝတ်ကျေပွန်တာကို ကောင်းကင်ဘုံစံယေဟောဝါဘုရား နှစ်သက်ပါတယ်။—မဿဲ ၅:၄၄-၄၆; ၁ ပေတရု ၄:၉။
“ငါ့သားအတွက် မယားကိုရှာရမည်”
ရေတွင်းနားက အသက်ကြီးသူဟာ ဘယ်သူလဲ။ သူဟာ ရေဗက္ကအဘိုးရဲ့ အကိုဖြစ်သူ အာဗြဟံပိုင် ကျွန်တစ်ဦးဖြစ်ပါတယ်။ ဒါကြောင့် သူဟာ ရေဗက္ကရဲ့အဖေ ဗေသွေလအိမ်မှာ တည်းခိုခွင့်ရတာဖြစ်ပြီး သူ့နာမည်က ဧလျာဇာဖြစ်နိုင်ပါတယ်။ * အိမ်ရှင်တွေက အစားအသောက်ပြင်ဆင်ပေးပေမဲ့ သူက လာရတဲ့အကြောင်းရင်းကို အရင်ဆုံးပြောပြီးမှပဲ စားမယ်လို့ ပြောတယ်။ (ကမ္ဘာဦး ၂၄:၃၁-၃၃) အရေးကြီးတဲ့ဒီတာဝန်ကို သူ ထမ်းဆောင်ရာမှာ ယေဟောဝါဘုရားကောင်းချီးပေးမှန်း အခုလေးတင် မြင်တွေ့ခဲ့တာကြောင့် ဒီကိုလာရတဲ့အကြောင်းရင်းကို ပြောပြချိန်မှာ သူ ဘယ်လောက်စိတ်လှုပ်ရှားနေမလဲဆိုတာ ကျွန်ုပ်တို့ မှန်းဆကြည့်နိုင်ပါတယ်။ ဘာလို့ သူ ဒီလောက်စိတ်လှုပ်ရှားနေရတာလဲ။
ရေဗက္ကအဖေ ဗေသွေလ၊ အကိုဖြစ်သူ လာဗန်တို့ ဧလျာဇာပြောတာကို ဂရုတစိုက် နားထောင်နေတာကို မြင်ယောင်ကြည့်ပါ။ ယေဟောဝါဘုရားက အာဗြဟံကို ခါနာန်ပြည်မှာ အကြီးအကျယ်ကောင်းချီးပေးတဲ့အကြောင်း၊ အာဗြဟံနဲ့စာရာမှာ ဣဇာက်လို့ခေါ်တဲ့သားတစ်ယောက်ရှိပြီး အဲဒီသားကပဲ ပိုင်ဆိုင်ရာအားလုံးကို အမွေဆက်ခံမယ့်အကြောင်း ပြောပြတယ်။ ခါရန်ပြည်မှာရှိတဲ့ အာဗြဟံရဲ့ဆွေမျိုးသားချင်းထဲကနေ သူ့သားဣဇာက်အတွက် ဇနီးတစ်ယောက် ရှာပေးရမယ်ဆိုတဲ့ အရေးကြီးတာဝန်ကိုထမ်းဆောင်ဖို့ ဧလျာဇာကို အာဗြဟံခိုင်းတယ်။—ကမ္ဘာဦး ၂၄:၃၄-၃၈။
သားဖြစ်သူဣဇာက်အတွက် ဇနီးကို ခါနာန်လူမျိုးထဲကနေ မရွေးချယ်ပါဘူးလို့ ဧလျာဇာကို အာဗြဟံ ကတိသစ္စာဆိုခိုင်းတယ်။ ဘာကြောင့်လဲ။ ခါနာန်လူမျိုးက ယေဟောဝါဘုရားကို မကိုးကွယ်လို့၊ မကြည်ညိုကြလို့ပဲ။ သူတို့ရဲ့ မကောင်းတဲ့လုပ်ရပ်တွေအတွက် အချိန်တန်ရင် ယေဟောဝါဘုရား အပြစ်ပေးမယ်ဆိုတာ အာဗြဟံ သိထားတယ်။ အာဗြဟံအနေနဲ့ သူ့သားဣဇာက်ကို ခါနာန်လူမျိုးနဲ့ ရင်းရင်းနှီးနှီးနေပြီး သူတို့ရဲ့မကောင်းတဲ့အကျင့်တွေ ကူးစက်သွားမှာကို မလိုလားဘူး။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ပြည့်စုံရေးမှာလည်း သူ့သားဟာ အရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်မှန်း အာဗြဟံ သိထားတယ်။—ကမ္ဘာဦး ၁၅:၁၆; ၁၇:၁၉; ၂၄:၂-၄။
ခါရန်မြို့နားက ရေတွင်းကိုရောက်တဲ့အခါ ယေဟောဝါဘုရားဆီ ဆုတောင်းတဲ့အကြောင်း အိမ်ရှင်တွေကို ဧလျာဇာ ဆက်ပြောပြတယ်။ ဣဇာက်အတွက် ဇနီးလောင်းကို ယေဟောဝါဘုရား ကူပြီးရွေးချယ်ပေးဖို့ သူ တောင်းဆိုနေတာဖြစ်တယ်။ ဘယ်လိုနည်းနဲ့လဲ။ ဧလျာဇာက ဘုရားသခင်ကို အခုလို ဆုတောင်းခဲ့တယ်– ဣဇာက်အတွက် ကိုယ်တော် ရည်စူးထားတဲ့မိန်းကလေးက ရေတွင်းဆီ လာပါစေ၊ ကျွန်တော် ရေတစ်ခွက်လောက်တောင်းသောက်တဲ့အခါ ကျွန်တော့်ကိုသာမက ကုလားအုတ်အားလုံးကိုပါ ရေတိုက်ပါစေ။ (ကမ္ဘာဦး ၂၄:၁၂-၁၄) ဒီတော့ သူ ဆုတောင်းတဲ့အတိုင်း ရေတွင်းဆီလာပြီး အတိအကျလုပ်တဲ့သူက ဘယ်သူလဲ။ ရေဗက္ကပဲပေါ့။ မိသားစုဝင်တွေကို ဒီအကြောင်း ဧလျာဇာပြောပြနေတာကို ရေဗက္က နားစွန်နားဖျားကြားတဲ့အခါ သူ ဘယ်လိုခံစားရမလဲဆိုတာ ကိုယ်ချင်းစာကြည့်နိုင်ပါတယ်။
ဧလျာဇာ ပြောစကားကြောင့် ဗေသွေလနဲ့ လာဗန်တို့ စိတ်လှုပ်ရှားသွားကြပြီး အခုလိုပြောတယ်– “ဤအမှုသည် ထာဝရဘုရား စီရင်တော်မူသောအမှုဖြစ်၏။” မင်္ဂလာဆောင်ကိစ္စကို ထုံးစံရှိသည့်အတိုင်း ဆွေးနွေးပြောဆိုကြပြီးနောက် ရေဗက္ကနဲ့ ဣဇာက်တို့ လက်ထပ်ဖို့ သဘောတူပေးလိုက်ကြတယ်။ (ကမ္ဘာဦး ၂၄:၅၀-၅၄) ဒါဆို ရေဗက္ကအနေနဲ့ ဒီကိစ္စမှာ ဘာမှပြောဆိုပိုင်ခွင့်မရှိဘဲ ခေါင်းညိတ်လက်ခံလိုက်ရတယ်ဆိုတဲ့ သဘောလား။
အစောပိုင်းအပတ်တွေတုန်းက ဒီကိစ္စနဲ့ပတ်သက်ပြီး ဧလျာဇာက အာဗြဟံကို “မိန်းမသည် မလိုက်လိုလျှင် အဘယ်သို့နည်း” လို့မေးတော့ အာဗြဟံက “သင်သည် ငါပေးသော ကျိန်ဆိုခြင်းနှင့်ကင်းလွတ်စေ” လို့ပြန်ဖြေတယ်။ (ကမ္ဘာဦး ၂၄:၃၉၊ ၄၁) အဲဒီလိုပါပဲ၊ ဗေသွေလအိမ်မှာလည်း သမီးမိန်းကလေး ဖြစ်ချင်တဲ့ဆန္ဒကို ဦးစားပေးတယ်။ ဧလျာဇာကလည်း သူ့တာဝန် အောင်မြင်၊ မအောင်မြင်ဆိုတာ သိချင်စိတ်ပြင်းပြနေတော့ နောက်တစ်နေ့မနက်ခင်းမှာ ရေဗက္ကကိုခေါ်ပြီး ခါနာန်ပြည်ဆီ ချက်ချင်းပြန်လို့ရမလားလို့ အိမ်သားတွေကို မေးပါတော့တယ်။ ဒါပေမဲ့ မိသားစုကျတော့ သမီးလေးနဲ့ အနည်းဆုံးဆယ်ရက်လောက် အတူနေချင်သေးတယ်။ ဒါနဲ့ နောက်ဆုံး၊ ဒီကိစ္စကိုအပြီးသတ်ဆုံးဖြတ်ဖို့ “မိန်းကလေးကိုခေါ်၍ သူ့အလိုကို မေး” မယ်လို့ ပြောလိုက်ကြတယ်။—ကမ္ဘာဦး ၂၄:၅၇။
ရေဗက္ကအတွက် ဒီကိစ္စဟာ ကြီးမားတဲ့ဘဝအချိုးအကွေ့တစ်ခုပါပဲ။ သူ ဘယ်လိုဆုံးဖြတ်မလဲ။ အဖေနဲ့အကို,ကို သနားသွားပြီး ဘယ်ဆီဘယ်ဝယ်ဦးတည်မှန်းမသိတဲ့ ခရီးစဉ်ကို မလိုက်ချင်ဘူးလို့ တောင်းပန်စကားဆိုမလား။ ဒါမှမဟုတ် ယေဟောဝါဘုရား စီစဉ်ညွှန်ကြားနေတဲ့ကိစ္စတွေမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ခွင့်ရတာကို အခွင့်ထူးတစ်ခုအဖြစ် ရှုမြင်မလား။ ဒီလိုအပြောင်းအလဲကြီးကို ရုတ်တရက်ကြုံရတော့ စိုးရိမ်စိတ်ဝင်မိကြောင်း ရေဗက္က ပြန်ပြောပါတယ်။ ဒါပေမဲ့လည်း သူက ‘ကျွန်မ လိုက်ပါမည်’ ဆိုပြီး ရိုးရိုးလေးပဲ ဖြေလိုက်ပါတယ်။—ကမ္ဘာဦး ၂၄:၅၈။
တော်တော့်ကိုလေးစားထိုက်တဲ့ စိတ်ဓာတ်ပဲ မဟုတ်လား။ ဒီနေ့ခေတ် ထိမ်းမြားခြင်းထုံးစံတွေက အဲဒီအချိန်ကနဲ့ မတူပေမဲ့ ရေဗက္ကဆီကနေ သင်ယူစရာတွေ အများကြီးရှိပါတယ်။ ရေဗက္ကအတွက် အရေးကြီးဆုံးအရာက သူ့အလိုဆန္ဒမဟုတ်ဘဲ ယေဟောဝါဘုရားရဲ့အလိုတော် ဖြစ်ပါတယ်။ ဒီနေ့အချိန်မှာလည်း အိမ်ထောင်ဖက်အဖြစ် ဘယ်သူ့ကို ရွေးချယ်သင့်တယ်၊ လင်ယောက်ျားကောင်း၊ ဇနီးကောင်း ဘယ်လိုဖြစ်နိုင်မလဲစတဲ့ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး အကောင်းဆုံးလမ်းညွှန်ချက်တွေကို ကျမ်းစာမှာတွေ့နိုင်တယ်။ (၂ ကောရိန္သု ၆:၁၄၊ ၁၅; ဧဖက် ၅:၂၈-၃၃) ကျွန်ုပ်တို့လည်း ရေဗက္ကရဲ့စံနမူနာအတိုင်း လိုက်လျှောက်ပြီး ဘုရားသခင့်လမ်းညွှန်ချက်တွေအတိုင်း လုပ်ဆောင်သွားကြစို့။
“လာသောထိုသူကား အဘယ်သူနည်း”
ဗေသွေလတို့မိသားစုက ချစ်သမီးလေးရေဗက္ကကို ကောင်းချီးပေးကြတယ်။ ပြီးနောက် ရေဗက္က၊ အထိန်းတော် ဒေဗောရ၊ အစေခံမိန်းကလေးတချို့တို့ဟာ ဧလျာဇာတို့လူစုနဲ့အတူ ခရီးထွက်လာကြပါတယ်။ (ကမ္ဘာဦး ၂၄:၅၉-၆၁; ၃၅:၈) ခါရန်မြို့ဟာ နောက်မှာ ဝေးလို့ဝေးလို့ ကျန်ရစ်ခဲ့ပါပြီ။ သူတို့သွားရမယ့်ခရီးက မိုင်ပေါင်း ၅၀၀ (ကီလိုမီတာ ၈၀၀) ဒါမှမဟုတ် အဲဒီလောက်ဝေးပြီး သုံးပတ်လောက် ခရီးနှင်ရမှာဖြစ်တယ်။ ပြီးတော့ ဒီခရီးက ခရီးကြမ်းဖြစ်ပါတယ်။ ရေဗက္ကက ကုလားအုတ်အများကြီးကို မြင်ဖူးတယ်ဆိုပေမဲ့ သူဟာ ကုလားအုတ်ကို ကောင်းကောင်း စီးတတ်ရဲ့လားဆိုတာတော့ ကျိန်းသေမပြောနိုင်ပါဘူး။ သူ့မိသားစုဟာ ကုလားအုတ်တွေစီးပြီး ကုန်ကူးသူတွေ မဟုတ်ဘဲ သိုးထိန်းတွေဖြစ်တယ်လို့ ကျမ်းစာမှာဖော်ပြထားတယ်။ (ကမ္ဘာဦး ၂၉:၁၀) ကုလားအုတ်ကို အခုမှစပြီးစီးဖူးတဲ့သူတွေဟာ ခဏလေးစီးပြီးတာနဲ့ စိတ်ပန်းလူပန်း ဖြစ်တတ်ကြတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ရေဗက္ကက ရှေ့ဆက်ရမယ့်ဘဝခရီးအကြောင်းကို တွေးတောပြီး ဣဇာက်နဲ့ သူ့မိသားစုအကြောင်း ဧလျာဇာကို မေးမြန်းနေမယ်ဆိုတာ သေချာပါတယ်။ မိတ်ဆွေအာဗြဟံကို ယေဟောဝါဘုရား ပေးတဲ့ကတိအကြောင်း ရေဗက္ကကို ဧလျာဇာ မီးပုံဘေးနားမှာ ပြောပြနေတာကို မြင်ယောင်ကြည့်လိုက်ပါ။ လူသားအားလုံးအတွက် ကောင်းချီးတွေဆောင်ကြဉ်းပေးမယ့်သူကို အာဗြဟံရဲ့မျိုးရိုးကနေ ဘုရားသခင် ပေါ်ထွန်းစေမှာဖြစ်တယ်။ ယေဟောဝါဘုရားရဲ့ကတိဟာ သူနဲ့ သူ့ခင်ပွန်းဖြစ်လာမယ့် ဣဇာက်တို့ကနေတဆင့် ပြည့်စုံလာမယ်ဆိုတာ ရေဗက္ကကြားလိုက်ရချိန်မှာ သူ ဘယ်လောက်တောင် အံ့သြသွားမလဲဆိုတာ မြင်ယောင်ကြည့်နိုင်တယ်။—ကမ္ဘာဦး ၂၂:၁၅-၁၈။
နောက်ဆုံးမှာတော့ ဒီဆောင်းပါးအစမှာဖော်ပြထားတဲ့နေ့ရက် ရောက်လာပါပြီ။ ကုလားအုတ်တန်းကြီးဟာ နေဂပ်ပြည်ကို ဖြတ်ကျော်လာခိုက် ညနေဆည်းဆာအောက် လူတစ်ယောက် လယ်ကွင်းထဲမှာလမ်းလျှောက်နေတာကို ရေဗက္က လှမ်းတွေ့လိုက်တယ်။ အဲဒီသူရဲ့ပုံစံက တည်ငြိမ်ရင့်ကျက်ပြီး စဉ်းစားဉာဏ်ရှိပုံပေါ်တယ်။ ရေဗက္ကဟာ “ကုလားအုတ်အပေါ်မှ” မြန်မြန် “ဆင်း” တယ်လို့မှတ်တမ်းမှာဆိုထားတာကြောင့် ကုလားအုတ် ဒူးထောက်လှဲချတာကိုမစောင့်ဘဲ သူ့ဘာသာသူ ဆင်းတာဖြစ်နိုင်တယ်။ ပြီးနောက် “ကျွန်ုပ်တို့ကိုကြိုဆိုခြင်းငှာ တော၌လာသောထိုသူကား အဘယ်သူနည်း” လို့ ဦးဆောင်ခေါ်လာသူကို မေးတယ်။ ဣဇာက်မှန်းလည်းသိသွားရော ရေဗက္ကက ခေါင်းကို ပဝါနဲ့ဖုံးလိုက်တယ်။ (ကမ္ဘာဦး ၂၄:၆၂-၆၅) ဘာကြောင့် အဲဒီလို လုပ်ရတာလဲ။ ခေါင်းဖုံးတာက ခင်ပွန်းလောင်းကို ရိုသေလေးစားကြောင်း ဖော်ပြတဲ့အမှတ်အသား ဖြစ်ပါတယ်။ အဲဒီလို ရိုသေလေးစားတဲ့အပြုအမူကို ဒီနေ့ခေတ်မှာ တချို့က ခေတ်နောက်ကျသွားပြီလို့ ထင်ကြတယ်။ နှစ်သက်ဖွယ်ကောင်းတဲ့ စိတ်နှိမ့်ချခြင်းအရည်အသွေးကို အားလုံးတင်ပြဖို့လိုတာကြောင့် ယောက်ျားမိန်းမ,မရွေး ရေဗက္ကရဲ့စိတ်နှိမ့်ချမှုကို တုပသင့်တယ်မဟုတ်လား။
ချစ်ရတဲ့အမေ စာရာ ဆုံးပါးသွားတာ သုံးနှစ်လောက်ရှိပြီဖြစ်ပေမဲ့ အသက် ၄၀ အရွယ် ဣဇာက်ဟာ အခုထက်ထိ ဝမ်းနည်းကြေကွဲနေတုန်းပါပဲ။ ဒါကြောင့် သူဟာ ချစ်ခင်ဖော်ရွေသူ၊ သနားစာနာသူဖြစ်မယ်လို့ ကျွန်ုပ်တို့ ကောက်ချက်ချနိုင်ပါတယ်။ သူ့လိုလူအတွက် ရိုးသားကြိုးစား၊ ဧည့်ဝတ်ကျေပွန်၊ စိတ်နှိမ့်ချတဲ့ ဇနီးကောင်းတစ်ဦးရရှိတာ မဟာကောင်းချီးပါပဲ။ သူတို့နှစ်ယောက် ဘယ်လိုဆက်ဖြစ်သွားကြလဲ။ ဣဇာက်က “ရေဗက္ကကိုချစ်” သွားတယ်လို့ ကျမ်းစာမှာ ရိုးရိုးလေးဖော်ပြထားပါတယ်။—ကမ္ဘာဦး ၂၄:၆၇; ၂၆:၈။
ရေဗက္ကဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃,၉၀၀ လောက်မှာ အသက်ရှင်ခဲ့သူဖြစ်ပေမဲ့ သူတင်ပြခဲ့တဲ့ ရဲစွမ်းသတ္တိ၊ ရိုးသားကြိုးစားမှု၊ ဧည့်ဝတ်ကျေပွန်မှု၊ စိတ်နှိမ့်ချမှုတို့ကြောင့် သူ့ကို ကျွန်ုပ်တို့ ချစ်မြတ်နိုးနိုင်ပါတယ်။ ဒါကြောင့် လူကြီးလူငယ်၊ ယောက်ျားမိန်းမ၊ အိမ်ထောင်သည် လူပျိုအပျိုမရွေး ကျွန်ုပ်တို့အားလုံး ရေဗက္ကရဲ့ယုံကြည်ခြင်းကို ကြိုးစားတုပသွားကြပါစို့။
^ စာပိုဒ်၊ 10 ညနေစောင်းတောင် ရောက်လာပါပြီ။ ဒါပေမဲ့ ရေတွင်းမှာ ရေဗက္က အချိန်ဘယ်လောက်ကြာကြာ နေခဲ့လဲဆိုတာ မှတ်တမ်းမှာ မဖော်ပြထားပါဘူး။ ဒီလိုပြောလို့ ရေဗက္က အလုပ်ပြီးချိန်မှာ သူ့မိသားစုက အိပ်မောကျနေတယ်၊ ကြာလွန်းလို့ တစ်ယောက်ယောက်ကို သွားကြည့်ခိုင်းရတယ်ဆိုတဲ့ သဘောမျိုး မသက်ရောက်ပါဘူး။
^ စာပိုဒ်၊ 15 ဒီမှတ်တမ်းမှာ ဧလျာဇာရဲ့နာမည်ကို မဖော်ပြထားပေမဲ့ အာဗြဟံစေခိုင်းခဲ့တဲ့ကျွန်က သူ ဖြစ်နိုင်ပါတယ်။ အမွေဆက်ခံဖို့ သားသမီးမရှိခင်တုန်းက အာဗြဟံဟာ သူ့ပိုင်ဆိုင်ရာအားလုံးကို ဧလျာဇာကိုပေးဖို့ ရည်စူးခဲ့ဖူးတာမို့ သူဟာ အာဗြဟံရဲ့ ယုံကြည်စိတ်ချရဆုံး၊ အသက်အကြီးဆုံးကျွန်ဖြစ်မှာ ကျိန်းသေပါတယ်။ ဒါကြောင့် ဒီကျမ်းစာမှတ်တမ်းမှာ သူ့အကြောင်းကို အဲဒီအတိုင်းပဲဖော်ပြထားတယ်။—ကမ္ဘာဦး ၁၅:၂; ၂၄:၂-၄။