မျက်နှာဖုံးဆောင်းပါး
ချစ်မြတ်နိုးရသူတစ်ဦး ဆုံးပါးသွားချိန်ဝယ်
“ဘုရားသခင်က အကောင်းဆုံးကို သိပါတယ်၊ သမီးရယ်။ ...မ...ငို...နဲ့တော့နော်။”
ဒါက ဘေဘီ့အနားကပ်ပြီး တိုးတိုးလေးပြောသွားတဲ့ စကားတွေပါ။ မတော်တဆမှုတစ်ခုကြောင့် ဆုံးပါးသွားတဲ့ ဖခင်ဖြစ်သူရဲ့ စျာပနအခမ်းအနားမှာပေါ့။
ဘေဘီဟာ အဖေဖြစ်သူနဲ့ တရင်းတနှီးနေထိုင်ခဲ့တာ။ ရင်းနှီးတဲ့မိတ်ဆွေတစ်ဦးရဲ့ စေတနာနဲ့ပြောတဲ့စကားတွေက ဘေဘီ့အတွက် နှစ်သိမ့်မှုဖြစ်မယ့်အစား ပိုလို့တောင် ထိခိုက်နာကျင်စေတယ်။ “အဖေသေတာ ဘာကောင်းလို့လဲ” ဆိုပြီး သူ တဖွဖွရေရွတ်နေမိတယ်။ နှစ်အတော်ကြာပြီးတဲ့နောက် စာအုပ်တစ်အုပ်မှာဖော်ပြဖို့ အဲဒီအကြောင်းပြန်ပြောတဲ့အခါမှာလည်း သူဝမ်းနည်းကြေကွဲနေတုန်းပဲ။
ဝမ်းနည်းကြေကွဲရာကနေ ပြန်နာလန်ထူဖို့ အချိန်အတော်ကြာတယ်ဆိုတာ ဘေဘီ သိလာတယ်။ အထူးသဖြင့် ဆုံးပါးသွားသူနဲ့ သိပ်ရင်းနှီးတဲ့အခါမှာပေါ့။ ကျမ်းစာမှာ သေခြင်းကို “နောက်ဆုံးရန်သူ” ဆိုပြီး လိုက်ဖက်စွာ ဖော်ပြထားတယ်။ (၁ ကောရိန္သု ၁၅:၂၆) သေခြင်းဆိုတာ ဘဝကို ဖရိုဖရဲဖြစ်သွားစေနိုင်တဲ့၊ မလွန်ဆန်နိုင်တဲ့အရာဖြစ်သလို လုံးဝမထင်မှတ်ထားချိန်မှာ ချစ်ရတဲ့သူတွေကို ကျွန်ုပ်တို့ရဲ့ရင်ခွင်ထဲကနေ ဆွဲခေါ်သွားတဲ့အရာလည်း ဖြစ်တယ်။ မကြေကွဲတဲ့သူ ဘယ်သူမှမရှိဘူး။ ဒါကြောင့် သေခြင်းနဲ့ နောက်ဆက်တွဲဝမ်းနည်းစရာအဖြစ်အပျက်တွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာနဲ့ပတ်သက်ပြီး ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်သွားကြတာ မဆန်းပါဘူး။
သင် ဒီလိုစဉ်းစားမိမှာပဲ– ‘ဝမ်းနည်းကြေကွဲတာတွေ တဖြည်းဖြည်းအနည်ထိုင်သွားဖို့ အချိန်ဘယ်လောက်ကြာမှာလဲ။ ဝမ်းနည်းကြေကွဲမှုကို ဘယ်လိုရင်ဆိုင်ဖြေရှင်းနိုင်မလဲ။ ကျန်ရစ်သူမိသားစုဝင်တွေကို ငါ ဘယ်လိုနှစ်သိမ့်ရမလဲ။ ဆုံးပါးသွားတဲ့ ချစ်မြတ်နိုးရသူတွေအတွက်ကော ဘာမျှော်လင့်ချက်ရှိသလဲ။’