မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ရဲ့ အနာဂတ်​ကို တကယ်တမ်း သတ်မှတ်​ပေး​တာ​က ဘာလဲ

သင့်ရဲ့ အနာဂတ်​ကို တကယ်တမ်း သတ်မှတ်​ပေး​တာ​က ဘာလဲ

ကံကြမ္မာ​က ဘဝကို ထိန်းချုပ်​ထား​တယ်လို့ လူများစွာ ယုံကြည်​ကြတယ်။ အဲဒီလို ယုံကြည်လို့ သူတို့ရဲ့ ဘဝကို တိုးတက်​ကြီးပွား​စေနိုင်​မယ့် ထုံးတမ်း​ဓလေ့​တွေ​ကို လိုက်စား​ကြတယ်။

လူအများ ယုံကြည်ရာ

နက္ခတ်​ဗေဒင်​ပညာ– ကိုယ့်ရဲ့ အနာဂတ်​က ကိုယ်​မွေးတဲ့ အချိန်မှာ ဖြစ်တည်​နေတဲ့ ကြယ်​နက္ခတ်​တွေ​အပေါ် မူတည်တယ်လို့ တချို့ ယုံကြည်​ကြတယ်။ ကြုံတွေ့​ရနိုင်တဲ့ အန္တရာယ်​တွေ​ကို ရှောင်​ဖို့၊ လုပ်ငန်း​တွေ အောင်မြင်​ဖို့ ဗေဒင်​ဆရာ​ဆီ သွား​ကြတယ်၊ ဇာတာ ကြည့်​ကြတယ်။

ဖုန်း​ရွှေ– တချို့​ကျ​တော့ အောင်မြင်မှု​ရဖို့ ကိုယ့်ရဲ့​ဝန်းကျင်​နဲ့ မမြင်​ရတဲ့ သဘာဝ​စွမ်းအား​တွေ​ကို သဟဇာတ ဖြစ်စေ​ရမယ်လို့ ယုံကြည်​ကြတယ်။ ဟောင်ကောင်​မှာ​နေတဲ့ လို​ဝင် * ဒီလို​ပြော​တယ်– “ကျွန်တော့်​ဆိုင်​ရဲ့ နေရာ​တစ်​နေရာမှာ အထူး​ကျောက်​တစ်မျိုး​ကို ထား​ရင် ဈေး​ရော​င်း​ကောင်းမယ်လို့ ဖုန်း​ရွှေ ပညာရှင်​တစ်ယောက်က ပြော​တယ်။”

ဘိုးဘေး​ကိုးကွယ်​မှု– တချို့​ကျ​တော့ သေသွား​တဲ့ ဘိုးဘေး​တွေ​နဲ့ ဘုရား​အမျိုးမျိုးကို ကိုးကွယ်​ရင် ကာကွယ်​မှု​နဲ့ ကောင်းချီး​မင်္ဂလာ​ရမယ်လို့ ယုံကြည်​ကြတယ်။ ဗီယက်နမ်​မှာ​နေတဲ့ ဗန် ဒီလို​ပြော​တယ်– “ဘိုးဘေးတွေကို ကန်​တော့​ရင် အခုလည်း အဆင်ပြေ​မယ်၊ ကျွန်မ​နဲ့ ကလေး​တွေ​ရဲ့ အနာဂတ်​အတွက်​လည်း လုံခြုံ​စိတ်ချ​ရမယ်လို့ ယုံကြည်တယ်။”

ပြန်ဝင်စားခြင်း– တချို့​ကျ​တော့ လူဟာ သေ​မယ်၊ ပြန်​မွေးဖွား​မယ် ဆို​တဲ့ မပြီးဆုံးတဲ့ သံသရာ​ကို ယုံကြည်​ကြတယ်။ အခု​ဘဝမှာ ခံစား​နေရတဲ့ အကောင်း၊ အဆိုး​တွေ​ဟာ အရင်​ဘဝက လုပ်ခဲ့တဲ့ အကျိုးဆက်​တွေ​လို့ ယုံကြည်​ကြတယ်။

တချို့​ကျ​တော့ အဲဒါတွေဟာ အယူသီးမှု​တွေ​လို့ ယူဆကြတယ်။ အဲဒါတွေကို မယုံကြည်​ဘူးလို့ ပြော​ပေမဲ့ လက္ခဏာ​ကြည့်​တာ၊ ဇာတာ​ဖတ်​တာ၊ အင်း​ကွက် သုံးတာ၊ ဗေဒင်​မေး​တာ၊ တားရော့ကတ်​ကြည့်​တာ​တွေ လုပ်ကြတယ်။ အဲဒါတွေကနေ​တစ်ဆင့် သူတို့ရဲ့ အနာဂတ်​ကို သိရမယ်​လို့ ထင်​နေကြတယ်။

ဘာ​အကျိုး ရသလဲ

အဲဒါတွေကို ယုံကြည်ပြီး လိုက်စား​သူတွေဟာ ကောင်း​တဲ့ ဘဝနဲ့ လုံခြုံတဲ့ အနာဂတ်​ကို ရခဲ့​ကြသလား။

ဗီယက်နမ်​မှာ​နေတဲ့ ဟောမ်ဟာ အကူအညီ​ရဖို့ ဗေဒင်​ပညာ၊ ဖုန်းရွှေ​ပညာ​ကို လိုက်စားတယ်၊ ဘိုးဘေးတွေကို ကိုးကွယ်​တယ်။ သူ​အောင်မြင်ခဲ့​သလား။ ဒီလို​ပြောပြ​တယ်– “ကျွန်တော် စီးပွားပျက်​သွားတယ်။ အကြွေး​နစ်​သွားတယ်။ မိသားစုမှာ ပြဿနာ​တွေ တက်တယ်။ အကြီးအကျယ် စိတ်ပျက်​ခဲ့​ရတယ်။”

ထိုင်ဝမ်​က ချောင်မင်လည်း နက္ခတ်​ဗေဒင်၊ ပြန်ဝင်စားခြင်း၊ ကံကြမ္မာ၊ ဖုန်း​ရွှေ၊ ဘိုးဘေး​ကိုးကွယ်​မှု​ကို ယုံကြည်တယ်။ အဲဒါတွေကို သေချာ​လေ့လာ​ပြီး​နောက် သူ​ဒီလို​ပြော​တယ်– “အဲဒီ အယူ​တွေ၊ ဓလေ့​ထုံးစံတွေ​ဟာ ရှေ့​နောက်​မညီ​ဘူး၊ ရှုပ်ထွေး​နေမှန်း သိလာတယ်။ ဗေဒင် ဟော​တာ​တွေ​လည်း မမှန်ဘူး။ ပြန်ဝင်​စား​တယ်လို့ ပြော​ရင်​လည်း အရင်​ဘဝ​အကြောင်း မမှတ်မိ​ရင် နောင်​ဘဝမှာ ပိုကောင်း​အောင် ဘယ်လို ပြုပြင်​နိုင်​မလဲ။”

“အဲဒီ အယူ​တွေ၊ ဓလေ့​ထုံးစံတွေ​ဟာ ရှေ့​နောက်​မညီ​ဘူး၊ ရှုပ်ထွေး​နေမှန်း သိလာတယ်။”—ချောင်မင်၊ ထိုင်ဝမ်

ဟောမ်၊ ချောင်မင်နဲ့ တခြား​သူတွေဟာ ကိုယ့်​အနာဂတ်​ကို ကံကြမ္မာ၊ ကြယ်​နက္ခတ်၊ သေသွား​တဲ့ ဘိုးဘေး​တွေ၊ ပြန်လည်​မွေးဖွားခြင်း စ​တာ​တွေ​က မသတ်မှတ်​ပေး​မှန်း သိ​လာကြတယ်။ ဒါဆိုရင် ကိုယ့်ရဲ့ အနာဂတ်​ကို ပို​ကောင်း​အောင် မလုပ်နိုင်တော့ဘူး​ဆို​တဲ့ သဘောလား။

ပို​ကောင်း​တဲ့ အနာဂတ်​ရ​ချင်​ရင် အဆင့်မြင့်​ပညာ လိုက်စား​ရမယ်၊ စည်းစိမ်​ဥစ္စာ ရှာ​ရမယ်လို့ လူများစွာက ယူဆကြတယ်။ အဲဒါကို ရွေးချယ်​ခဲ့​သူတွေ ဘာ​ရလဒ် ရခဲ့ကြသလဲ။

^ အပိုဒ်၊ 5 ဒီ​ဆောင်းပါး​နဲ့ နောက်​ဆောင်းပါး​တွေ​မှာ ပါ​တဲ့ နာမည်​တချို့​ကို ပြောင်း​ထား​ပါ​တယ်။

^ အပိုဒ်၊ 16 အဲဒီ​အဆိုကို သမ္မာကျမ်းစာ​ထဲ​က ဂလာတိ ၆:၇ မှာ​တွေ့ရ​တယ်။