မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံး​အကြောင်းအရာ | လူသေ​ရင် ဘာဖြစ်​သွား​သလဲ

လူသေရင် ဘာဖြစ်သွားသလဲ

လူသေရင် ဘာဖြစ်သွားသလဲ

ဘုရား​သခင်က ပထမ​လူသား​အာဒံ​ကို “ဥယျာဉ်​ထဲမှာရှိတဲ့ အပင်​အားလုံး​ရဲ့​အသီး​ကို မင်း စိတ်ကြိုက်​စား​ခွင့်​ရှိတယ်။ ဒါပေမဲ့ အကောင်းအဆိုး သိကျွမ်း​ရာ​အပင်​ရဲ့ အသီး​ကိုတော့ မစား​နဲ့။ စား​တဲ့​နေ့​မှာ မင်း သေ​ကို​သေ​ရမယ်” လို့ ပြော​ထားတာကို ကမ္ဘာဦးကျမ်း​ရဲ့ ဖန်ဆင်း​ခြင်း​မှတ်တမ်း​မှာ ဖတ်​ရတယ်။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) ရိုးရှင်းတဲ့ အဲဒီ​မိန့်မှာချက်​ကို နာခံ​မယ်ဆိုရင် အာဒံ သေ​ရမှာ မဟုတ်ဘဲ ဧဒင်​ဥယျာဉ်​မှာ ဆက်နေ​ထိုင်​နိုင်မယ်။

အာဒံ​ဟာ နာခံမှု​ပြပြီး ထာဝစဉ်​အသက်ရှင်​ဖို့ ရွေးချယ်​မယ့်အစား ဘုရားသခင့်​မိန့်မှာချက်​ကို မနာခံ​ဘဲ ဇနီး​ဧဝ ကျွေး​တဲ့ တားမြစ်ထား​တဲ့​အသီး​ကို စား​လိုက်တယ်။ (ကမ္ဘာဦး ၃:၁-၆) အဲဒီ​မနာခံခြင်း​ရဲ့ အကျိုးဆက်​တွေကို ကျွန်တော်တို့ အခုထိ ခံစားနေရ​တုန်းပဲ။ “အပြစ်​ဟာ လူတစ်ယောက်​ကြောင့် လူ့လောက​ထဲ ရောက်လာ​တယ်။ အပြစ်​ကြောင့် သေခြင်း​လည်း ပေါ်ပေါက်​လာတယ်။ ဒါကြောင့် လူအားလုံး​ဟာ အပြစ်ရှိ​သူတွေ ဖြစ်သွား​တဲ့အတွက် သေဆုံးကြ​ရတယ်” လို့ တမန်တော်ပေါလု ရှင်းပြ​တယ်။ (ရောမ ၅:၁၂) အဲဒီ “လူတစ်ယောက်” ဆိုတာ အာဒံ​ပဲ။ အပြစ်​ဟာ ဘာလဲ၊ အပြစ်​က ဘယ်လိုနည်းနဲ့ သေခြင်း​ကို ဖြစ်ပေါ်​စေ​တာလဲ။

ဘုရားသခင့်ပညတ်​ကို အာဒံ တမင်တကာ မနာခံ​တာဟာ အပြစ်​ပဲ။ (၁ ယောဟန် ၃:၄) အာဒံ​ကို ဘုရားသခင် ပြောခဲ့တဲ့​အတိုင်း အပြစ်​ကြောင့် သေ​ကြရတယ်။ အာဒံနဲ့ သူ့​မျိုးဆက်​တွေ​က ဘုရားရဲ့ ပညတ်​တွေကို နာခံ​နေသရွေ့ အပြစ်ရှိ​မှာ မဟုတ်ဘူး၊ သေ​ရမှာ​လည်း မဟုတ်ဘူး။ ဘုရား​သခင်က လူတွေကို သေ​ဖို့​မဟုတ်ဘဲ ထာဝစဉ်​အသက်ရှင်​ဖို့ ဖန်ဆင်း​ထားတာ။

ကျမ်းစာ​ပြော​ထား​သလိုပဲ ‘လူအားလုံး သေဆုံး​ရတယ်’ ဆိုတာ ရှင်း​နေပါတယ်။ ဒါပေမဲ့ သေပြီး​တဲ့​နောက် ခန္ဓာ​ကိုယ်ထဲ​က အစိတ်အပိုင်း​တစ်ခုခု ဆက်​အသက်ရှင်နေ​သလား။ ဝိညာဉ်​လို့ခေါ်တဲ့ အစိတ်အပိုင်း​တစ်ခု မသေ​ဘူးလို့ လူအများ ပြော​ကြ​တယ်။ အဲဒီလို​ပြောတာ​ဟာ အာဒံ​ကို ဘုရားသခင် လိမ်ညာ​ခဲ့တယ်​လို့ ပြော​ရာ​ရောက်​တယ်။ ဘယ်လိုနည်းနဲ့​လဲ။ လူသေ​ပြီးနောက် ဝိညာဉ်​ဟာ တစ်နေရာ​ရာမှာ ဆက်​အသက်ရှင်နေ​မယ်ဆိုရင် အပြစ်​ကြောင့် သေ​ရမယ်​ဆိုတဲ့ ဘုရားရဲ့​စကားနဲ့ ဆန့်ကျင်​နေ​လိမ့်မယ်။ “ဘုရားသခင်​ဘက်က မုသား​ပြော​ဖို့ဆိုတာ မဖြစ်နိုင်ဘူး” လို့ ကျမ်းစာ​ပြောတယ်။ (ဟီဘရူး ၆:၁၈) “မင်း​တို့ လုံးဝ သေ​မှာ​မဟုတ်ဘူး” လို့ ဧဝ​ကို ပြောခဲ့တဲ့ စာတန်​ကသာ လိမ်​နေတာ။—ကမ္ဘာဦး ၃:၄

ဝိညာဉ်​မသေနိုင်​ဘူးဆိုတဲ့ သွန်သင်ချက်​ဟာ မုသာ​ဆိုရင် လူသေ​တဲ့အခါ ဘာဖြစ်​သွား​သလဲ​ဆိုတဲ့ မေးခွန်း​ပေါ်လာတယ်။

သမ္မာကျမ်းစာ​က အမှားတွေ​ကို တည့်မတ်ပေး

“ယေဟောဝါ​ဘုရားက လူ​ကို မြေမှုန့်​နဲ့ ပုံဖော်​ပြီး နှာခေါင်း​ထဲ အသက်စွမ်းအား​ကို မှုတ်​လိုက်တဲ့​အခါ လူ​ဟာ အသက်ရှင်​သူ ဖြစ်လာတယ်” လို့ ကမ္ဘာဦးကျမ်း​ရဲ့ ဖန်ဆင်းခြင်း​မှတ်တမ်း​မှာ ပြောတယ်။ “အသက်ရှင်​သူ” ဆိုတဲ့​စကားလုံး​ဟာ ဟီဘရူး​စကားလုံး နီးဖက်ရှ် က​နေ ပြန်ဆို​ထားတာ​ဖြစ်တယ်။ “အသက်ရှူ​နေတဲ့​သတ္တဝါ” လို့​အဓိပ္ပာယ်​ရတယ်။—ကမ္ဘာဦး ၂:၇

ဘုရား​သခင်က အာဒံ​ကို “အသက်စွမ်းအား” ပေးတဲ့​အခါ အာဒံ​ဟာ အသက်ရှင်​သူ​ဖြစ်လာတယ်​လို့ ကျမ်းစာ​ပြောတယ်။ အာဒံ​ကို မသေနိုင်​တဲ့​ဝိညာဉ် ပေးတယ်​လို့ ကျမ်းစာ မပြောဘူး။ “မသေနိုင်​တဲ့​ဝိညာဉ်” ဆိုတဲ့ အသုံးအနှုန်း​ကို ကျမ်းစာမှာ သင် ဘယ်လောက်​ရှာ​ရှာ တွေ့ရ​မှာ မဟုတ်ဘူး။

လူမှာ မသေနိုင်​တဲ့​ဝိညာဉ်​ရှိတယ်လို့ ကျမ်းစာ မပြောဘူး။ ဒါဆို​ရင် မသေနိုင်​တဲ့​ဝိညာဉ်​ရှိတယ်လို့ ဘာသာ​အများစု ဘာကြောင့် သင်ပေး​တာလဲ။ တကယ်တော့ ဒီ​အယူ​ဟာ ရှေး​အီဂျစ်နိုင်ငံ​က​နေ အစပြု​ခဲ့တာ။

အယူမှား​သွန်သင်ချက် ပျံ့နှံ့​လာ

ဘီစီ ငါးရာစု၊ ဂရိ​သမိုင်းပညာရှင် ဟီရိုဒိုးတပ်စ်​က အီဂျစ်​တွေဟာ “မသေနိုင်​တဲ့​ဝိညာဉ်​အယူ​ကို လက်ခံသူ​တွေ​ထဲမှာ ဦးဆုံး​ပဲ” လို့ဆို​တယ်။ ရှေးခေတ် ဗာဗုလုန်​လူမျိုး​တွေလည်း အဲဒီ​အယူ​ကို လက်ခံ​ကြ​တယ်။ ဘီစီ ၃၃၂၊ အရှေ့အလယ်ပိုင်း​ဒေသ​ကို မဟာ​အလက်ဇန္ဒား သိမ်းပိုက်​လိုက်​ချိန်မှာ ဂရိ​အတွေးအခေါ်​ပညာရှင်တွေဟာ မသေနိုင်​တဲ့​ဝိညာဉ်​အယူ​ကို လူကြိုက်များ​အောင် လုပ်ခဲ့​တယ်။ မကြာခင်​မှာပဲ ဂရိ​အင်ပါယာ​တစ်ခွင် အဲဒီ​အယူ ပျံ့နှံ့​သွားတယ်။

“မသေနိုင်​တဲ့​ဝိညာဉ်” ဆိုတဲ့ အသုံးအနှုန်း​ကို ကျမ်းစာမှာ ရှာ​လို့​တွေ့​မှာ မဟုတ်ဘူး

အေဒီ​ပထမရာစု​မှာ အက်​ဆင်း​နဲ့ ဖာရိရှဲ​ဆိုတဲ့ အထင်ကရ ဂျူး​ဘာသာ​ရေး​ဂိုဏ်း​နှစ်ခု​က လူသေ​ပြီးနောက် ဝိညာဉ် ဆက်​အသက်ရှင်နေ​တယ်လို့ သင်ပေးတယ်။ “ဝိညာဉ်​မသေနိုင်​ဆိုတဲ့​အယူ​ဟာ ဂရိ​အတွေးအခေါ်၊ အဓိက​အားဖြင့် ပ​လေ​တို​ရဲ့​အတွေးအခေါ်​က​နေ ဂျူး​တွေဆီ ရောက်လာ​တာ” လို့ ဂျူး​စွယ်စုံကျမ်း​မှာ ဖော်ပြတယ်။ ပထမ​ရာစု ဂျူး​သမိုင်းပညာရှင် ဂျိုစီဖတ်စ်​ကလည်း အဲဒီ​အယူ​ကို ကျမ်းစာ​သွန်သင်ချက်​အဖြစ် မဟုတ်ဘဲ “ဂရိ​တွေရဲ့ ယုံကြည်ချက်၊” ဒဏ္ဍာရီ​ပေါင်းချုပ်​အဖြစ် ယူမှတ်​ခဲ့တယ်။

ဂရိ​ယဉ်ကျေးမှု ပျံ့နှံ့​လာ​တာနဲ့​အမျှ ခရစ်ယာန်တွေ​လည်း အဲဒီ​အယူမှား​သွန်သင်ချက်​ကို လက်ခံ​လာကြတယ်။ “မြင့်မြတ်​တဲ့နေရာမှာ​ရှိခဲ့​တဲ့ ဝိညာဉ်​ဟာ အခုတော့ အဆင့်နိမ့်​တဲ့ ဒီ​လောကမှာ အသက်ရှင်နေ​ရတယ်​ဆိုတဲ့ ပ​လေ​တို​ရဲ့​အယူအဆ​ဟာ ပ​လေ​တို​ရဲ့ အတွေးအခေါ်​နဲ့ ခရစ်ယာန်ဘာသာ​ကို ပေါင်းစည်း​ပေးဖို့ လွယ်ကူစေတယ်” လို့ သမိုင်းပညာရှင် ယို​နာ လန်ဒရင်း​က ပြောတယ်။ ဒီနည်းနဲ့ ဝိညာဉ်​မသေနိုင်​ဆိုတဲ့​အယူ​ဟာ ချာ့ခ်ျ​ထဲ စိမ့်ဝင်​လာပြီး “ခရစ်ယာန်” တွေရဲ့ အဓိက​သွန်သင်ချက် ဖြစ်လာတယ်။

‘အမှန်တရား​က လွတ်မြောက်​စေ​လိမ့်မယ်’

“နောင်တစ်​ချိန်မှာ လူတချို့​က ဘုရားဆီ​ကလာ​တယ်လို့ ထင်​ရတဲ့ မှားယွင်းတဲ့​စကား​တွေ၊ နတ်ဆိုး​တွေရဲ့ သွန်သင်ချက်​တွေကို နား​ယောင်​ပြီး ယုံကြည်ခြင်း​ကို စွန့်​သွား​လိမ့်မယ်​လို့ ဘုရားသခင့် စွမ်းအားတော်​က ရှင်းရှင်းလင်းလင်း ဆိုထား​တယ်” ဆိုပြီး ပထမရာစု​မှာ တမန်တော်ပေါလု သတိပေး​ခဲ့တယ်။ (၁ တိမောသေ ၄:၁) အဲဒီ​သတိပေးချက်​အတိုင်း ဖြစ်လာတယ်။ ဝိညာဉ်​မသေနိုင်​ဆိုတဲ့ အယူ​ဟာ “နတ်ဆိုး​တွေရဲ့ သွန်သင်ချက်​တွေ” ထဲက တစ်ခု​ပဲ။ အဲဒီ​အယူ​ကို ကျမ်းစာ မထောက်ခံ​ဘူး။ ရှေး​အယူမှား​ဘာသာ​တွေနဲ့ အတွေးအခေါ်​ပညာ​တွေကနေ ဆင်းသက်လာ​လို့ပဲ။

“အမှန်တရားကို​ပါ သိရ​လိမ့်မယ်။ အဲဒီ​အမှန်တရား​က ခင်ဗျား​တို့ကို လွတ်မြောက်​စေ​လိမ့်မယ်” လို့ ယေရှု​ပြောခဲ့​တာ ဝမ်းသာစရာ​ပဲ။ (ယောဟန် ၈:၃၂) တိကျမှန်ကန်​တဲ့ ကျမ်းစာ​အမှန်တရားကို သိထား​တာ​က ကမ္ဘာ့​ဘာသာ​အများစု အားပေးအားမြှောက်​ပြု​တဲ့၊ ဘုရားကို ရှုတ်ချ​ရာ​ရောက်တဲ့ သွန်သင်ချက်​တွေ၊ အမူအကျင့်​တွေကနေ လွတ်မြောက်​စေတယ်။ ဒါ့အပြင် ကျမ်းစာအမှန်တရား​က သေခြင်း​နဲ့​ဆက်နွှယ်​နေတဲ့ ထုံးတမ်း​စဉ်​လာ​တွေ၊ အယူသီးမှု​တွေရဲ့ အချုပ်အနှောင်​က​နေ​လည်း လွတ်မြောက်​စေတယ်။—“ လူသေ​ရင် ဘယ်​ရောက်​သွား​သလဲ” လေးထောင့်ကွက်​ကို ကြည့်ပါ။

ကျွန်တော်တို့ရဲ့ ဖန်ဆင်းရှင်ဟာ လူတွေကို ကမ္ဘာပေါ်မှာ အနှစ် ၇၀၊ ၈၀ လောက်​ပဲ အသက်ရှင်​ပြီးနောက် တခြားတစ်​နေရာ​ရာမှာ ထာဝစဉ်​အသက်ရှင်​ဖို့ ဖန်ဆင်း​ခဲ့တာ မဟုတ်ဘူး။ လူတွေကို ဖန်ဆင်း​ရတဲ့ မူလ​ရည်ရွယ်ချက်​က နာခံမှု​ရှိသူ​တွေအဖြစ် ဒီ​ကမ္ဘာပေါ်မှာ ထာဝစဉ်​အသက်ရှင်​ဖို့​ပဲ။ အဲဒီ​မွန်မြတ်​တဲ့​ရည်ရွယ်ချက်​က လူတွေ​အပေါ်​ထားတဲ့ ဘုရားရဲ့​မေတ္တာကို ပေါ်လွင်​စေတယ်။ အဲဒီ​ရည်ရွယ်ချက် ပျက်စီး​သွား​မှာ မဟုတ်ဘူး။ (မာလခိ ၃:၆) ဆာလံကျမ်း​ရေးသူ​က “ဖြောင့်မတ်သူ​တွေဟာ ကမ္ဘာမြေ​ကို ပိုင်ဆိုင်​ပြီး ထာဝစဉ် နေထိုင်​ရ​လိမ့်မယ်” လို့ပြော​ခဲ့တာ အားရှိစရာ​ပဲ။—ဆာလံ ၃၇:၂၉