မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံး​အကြောင်းအရာ | ကောင်းကင်တမန်​တွေ တကယ်​ရှိ​ရဲ့​လား၊ သူတို့​အကြောင်း ဘာကြောင့် သိ​သင့်သလဲ

ကောင်းကင်တမန်တွေ သင့်ကို ကူညီပေးနိုင်ပုံ

ကောင်းကင်တမန်တွေ သင့်ကို ကူညီပေးနိုင်ပုံ

သစ္စာရှိ​ကောင်းကင်တမန်​တွေဟာ လူတွေရဲ့​အရေးကိစ္စ​ကို အလွန်​စိတ်ဝင်စား​တ​ယ်။ ယေဟောဝါရဲ့ အလိုတော်​ကို တက်တက်ကြွကြွ ဆောင်ရွက်​ကြ​တ​ယ်။ ကမ္ဘာမြေ​ကို ဘုရားသခင် ဖန်ဆင်း​ပြီး​တဲ့အခါ ကောင်းကင်တမန်​တွေ​က “ရွှင်လန်းစွာ သီချင်းဆို​ပြီး ဘုရားသခင်ရဲ့​သားတွေ လက်ခုပ်​ဩ​ဘာ​ပေးကြတယ်။” (ယောဘ ၃၈:၄၊ ၇) သမိုင်း​တစ်လျှောက် ကောင်းကင်တမန်​တွေဟာ ကမ္ဘာမြေ​ရဲ့ အနာဂတ်​နဲ့ပတ်သက်တဲ့ ဘုရားရဲ့​ကြိုဟောချက်တွေကို “သိပ်​သိချင်” ကြ​တ​ယ်။—၁ ပေတရု ၁:၁၁၊ ၁၂

ဘုရားသခင့်​အလိုတော် ပြည့်စုံ​စေဖို့ ကောင်းကင်တမန်​တွေ​က ဘုရား​အပေါ် သစ္စာ​ရှိသူ​တွေကို ကာကွယ်​ပေး​တဲ့အခါ​တွေ ရှိတယ်လို့ ကျမ်းစာ ဖော်ပြတယ်။ (ဆာလံ ၃၄:၇) ဥပမာ–

  • ဆိုးသွမ်း​တဲ့ သောဒုံ​နဲ့ ဂေါမောရ​မြို့​ကို ယေဟောဝါ ဖျက်ဆီး​တဲ့အခါ ကောင်းကင်တမန်​တွေ​က ဖြောင့်မတ်​တဲ့​လောတ​နဲ့ သူ့​မိသားစု လွတ်မြောက်​အောင် ကာကွယ်​ပေးခဲ့တယ်။—ကမ္ဘာဦး ၁၉:၁၊ ၁၅-၂၆

  • ရှေးခေတ်​ဗာဗုလုန်မြို့​မှာ ဟီဘရူး​လူငယ်​သုံးဦး မီးဖို​ထဲ ပစ်ချ​ခံရ​တဲ့အခါ ဘုရား​သခင်က “ကောင်းကင်တမန်​ကို လွှတ်​ပြီး သူ့​ကျွန်​တွေကို ကယ်တင်” ခဲ့တယ်။—ဒံယေလ ၃:၁၉-၂၈

  • ဖြောင့်မတ်သူ ဒံယေလ​ဟာ ခြင်္သေ့တွင်း​ထဲမှာ တစ်ည​လုံး နေခဲ့ရ​ပြီးနောက် “ဘုရားက ကောင်းကင်တမန်​ကို လွှတ်​ပြီး ခြင်္သေ့​တွေရဲ့ ပါးစပ်​ကို ပိတ်​ထားတဲ့အတွက်” အသက်ရှင်​လွတ်မြောက်​ခဲ့တယ်။—ဒံယေလ ၆:၁၆၊ ၂၂

ကောင်းကင်တမန်​တွေဟာ သစ္စာ​ရှိသူ​တွေကို ရှေး​ကတည်းက ကူညီပေး

အစောပိုင်း ခရစ်ယာန်​အသင်းတော်ကို ကောင်းကင်တမန်​တွေ ကူညီ

ကောင်းကင်တမန်​တွေဟာ ယေဟောဝါရဲ့ ရည်ရွယ်ချက် ပြည့်စုံ​စေဖို့ အစောပိုင်း ခရစ်ယာန်​အသင်းတော်ကို လို​ရင်​လို​သလို ကြားဝင်ကူညီ​ပေး​တဲ့အခါ​တွေလည်း ရှိတယ်။ ဥပမာ–

  • ကောင်းကင်တမန်​တစ်ပါး​က ထောင်ကျ​နေတဲ့ တမန်တော်​တွေကို ထောင်​တံခါးဖွင့်ပေး​ပြီး ဗိမာန်တော်​မှာ ဆက်​ဟော​ဖို့ ညွှန်ကြားခဲ့တယ်။—တမန်တော် ၅:၁၇-၂၁

  • အီသီယိုးပီးယား​တစ်ဦး​ဟာ ဂျေရုဆလင်​မြို့မှာ ဘုရားကို ဝတ်ပြု​ပြီးနောက် အပြန်ခရီး ဂါဇာ​မြို့​ကို​ဆင်း​သွားတဲ့ သဲကန္တာရ​လမ်းမှာ ရှိ​နေချိန် ကောင်းကင်တမန်​တစ်ပါး​က သတင်းကောင်း​ဟောပြောသူ ဖိလိပ္ပု​ကို သူ့​ဆီ သွားပြီး ဟောပြော​ဖို့ ညွှန်ကြားခဲ့တယ်။—တမန်တော် ၈:၂၆-၃၃

  • ဂျူး​မဟုတ်​သူတွေ ခရစ်ယာန်​ဖြစ်လာ​ဖို့ ဘုရားသခင် ခွင့်ပြု​လိုက်​ချိန်မှာ ကောင်းကင်တမန်​တစ်ပါး​ဟာ ရောမ​တပ်​စု​မှူး ကော်နေလိ​ရဲ့ စိတ်အာရုံ​မှာ ပေါ်လာ​ပြီး တမန်တော်​ပေတရု​ကို အိမ်​ကို ဖိတ်ခေါ်​ဖို့ ညွှန်ကြားခဲ့တယ်။—တမန်တော် ၁၀:၃-၅

  • တမန်တော်​ပေတရု ထောင်ကျ​နေချိန်​မှာ ကောင်းကင်တမန်​တစ်ပါး ရောက်လာပြီး သူ့ကို ထောင်​က​နေ လွှတ်​ပေးခဲ့တယ်။—တမန်တော် ၁၂:၁-၁၁

သင့်ကို ကောင်းကင်တမန် ကူညီ​နိုင်​ပုံ

အခုခေတ်​မှာ ဘုရားသခင်​ဟာ ကျမ်းစာမှာ ဖော်ပြ​တဲ့​အတိုင်း ကောင်းကင်တမန်​တွေကို သုံးပြီး လူတွေကို အံ့ဖွယ်နည်း​နဲ့ ကူညီ​နေတယ်​ဆိုတဲ့ အထောက်အထား မရှိ​ပါဘူး။ ဒါပေမဲ့ ယေရှုက ကျွန်တော်တို့​ခေတ်​နဲ့ပတ်သက်ပြီး “လူမျိုး​အားလုံး​အတွက် သက်သေ​ဖြစ်စေ​ဖို့ နိုင်ငံတော်သတင်း​ကောင်း​ကို လူ​နေထိုင်​ရာ မြေ​တစ်ခွင်​လုံးမှာ ဟောပြော​ရ​လိမ့်မယ်။ ပြီးမှ အဆုံး​ရောက်လာ​လိမ့်မယ်” လို့ပြောတယ်။ (မဿဲ ၂၄:၁၄) ခရစ်တော်ရဲ့​တပည့်​တွေဟာ ကောင်းကင်တမန်​တွေရဲ့ ကြီးကြပ်မှု​အောက်မှာ ဟောပြောခြင်း​လုပ်ငန်းကို လုပ်ဆောင်​နေမှန်း သင် သိပါသလား။

ကမ္ဘာ​တစ်ဝန်း သတင်းကောင်း​ဟောပြော​ရာမှာ ကောင်းကင်တမန်​တွေ ကူညီပေး

ကမ္ဘာ​ပေါ်​က​လူတွေ ယေဟောဝါဘုရား​အကြောင်း၊ လူတွေ​အတွက် ဘုရားရဲ့​ရည်ရွယ်ချက်​အကြောင်း သိ​လာအောင် ကောင်းကင်တမန်​တွေ ဝီရိယရှိရှိ ကူညီ​နေတယ်​လို့ ဗျာဒိတ်ကျမ်း​မှာ ဖော်ပြတယ်။ တမန်တော်​ယောဟန် အခုလို​ရေး​တ​ယ်– “ကောင်းကင်တမန်​တစ်ပါး ကောင်းကင်မှာ ပျံဝဲ​နေတာကို ကျွန်တော် မြင်​တ​ယ်။ သူက ကမ္ဘာ​ပေါ်​နေထိုင်သူ​တွေ၊ လူမျိုး၊ လူမျိုးနွယ်၊ ဘာသာစကားအမျိုးမျိုး​ပြောတဲ့ လူတွေ၊ လူစု​တွေကို ထာဝရ​သတင်းကောင်း ကြေညာ​နေတယ်။ သူက ‘ဘုရားသခင်ကို ကြောက်ရွံ့ရိုသေ​ပြီး ဘုန်းတော်​ကို ချီးမွမ်း​ကြပါ။ ဘုရားသခင် တရားစီရင်ချိန် ရောက်​ပြီ။ ကောင်းကင်၊ မြေကြီး၊ ပင်လယ်​နဲ့ စမ်းရေ​တွေကို ဖန်ဆင်း​တဲ့​အရှင်​ကို ကိုးကွယ်​ကြပါ’ ဆိုပြီး ကြွေးကြော်​နေတယ်။” (ဗျာဒိတ် ၁၄:၆၊ ၇) ကမ္ဘာ​တစ်ဝန်း ဟောပြောခြင်း​လုပ်ငန်းကို ကောင်းကင်တမန်​တွေ ကူညီ​နေတယ်​ဆိုတဲ့ အထောက်အထား​များစွာကို အခုခေတ်​မှာ တွေ့​နေရတယ်။ အပြစ်သား​တစ်ယောက် နောင်တရ​ပြီး ဘုရားဆီ ပြန်လှည့်လာ​တဲ့အခါ “ကောင်းကင်တမန်​တွေ ဝမ်းမြောက်​ကြ​တ​ယ်။”—လုကာ ၁၅:၁၀

ဟောပြောခြင်းလုပ်ငန်း ပြီးဆုံး​တဲ့အခါ ဘာ​ဆက်​ဖြစ်​မလဲ။ ကောင်းကင်တမန်​တွေ​ဖြစ်တဲ့ “ကောင်းကင်​ဗိုလ်ခြေ​တွေ” ဟာ “အနန္တတန်ခိုး​ရှင် ဘုရားသခင်ရဲ့​နေ့ကြီး​မှာ တိုက်​မယ့်” အာမဂေဒုန်စစ်​ပွဲ​မှာ ဘုရင်တကာ​တို့ရဲ့ ဘုရင် ယေရှု​ခရစ်ကို ကူညီပေး​ကြ​လိမ့်မယ်။ (ဗျာဒိတ် ၁၆:၁၄-၁၆။ ၁၉:၁၄-၁၆) တန်ခိုးကြီး​တဲ့ ကောင်းကင်တမန်​တွေဟာ “သခင်ယေရှု​အကြောင်း သတင်းကောင်းကို မနာခံ​သူတွေကို [ယေရှု] လက်စားချေ” ရာမှာ ကွပ်မျက်​သူတွေ​အဖြစ် လုပ်ဆောင်​ပါလိမ့်မယ်။—၂ သက်သာလောနိတ် ၁:၇၊ ၈

ဒါကြောင့် သင့်ကို ကောင်းကင်တမန်​တွေ စိတ်ဝင်စား​တယ်ဆိုတာ စိတ်ချ​ပါ။ ဘုရားအလိုတော်​ဆောင်​ချင်​သူတွေ​ရဲ့ အကျိုးကို သူတို့ လိုလား​ကြ​တ​ယ်။ ကမ္ဘာ​ပေါ်​က သစ္စာရှိ​တဲ့ ကိုးကွယ်​သူတွေကို ခွန်အား​ပေးဖို့၊ ကာကွယ်​ဖို့ သူတို့ကို ယေဟောဝါ အကြိမ်ကြိမ် အသုံးပြု​ခဲ့တယ်။—ဟီဘရူး ၁:၁၄

ကျွန်တော်တို့​တစ်ဦးစီ​မှာ အရေးကြီးတဲ့ ရွေးချယ်​စရာ ရှိ​နေတယ်။ ကမ္ဘာ​တစ်ဝန်း​မှာ ဟောပြော​နေတဲ့ သတင်းကောင်းကို နားထောင်၊ နာခံ​မလား ဆိုတာ​ပဲ။ သင့်​ဒေသမှာရှိတဲ့ ယေဟောဝါသက်သေ​တွေ​က တန်ခိုးကြီး​တဲ့ ကောင်းကင်တမန်​တွေရဲ့ အကူအညီ​က​နေ အကျိုး​ခံစားရ​ဖို့ သင့်ကို ကူညီပေး​ချင်​ကြ​တ​ယ်။