မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် သိပါသလား

သင် သိပါသလား

“ခွေးကလေး​တွေ” နဲ့​နှိုင်း​ပြီး ယေရှု​ပြောတာ​ဟာ နှိမ်​ရာကျ​သလား။

ခွေးကလေး​ကို ပွေ့​ထားတဲ့​ကလေး (ဘီစီ ပထမရာစု​မှ ဒုတိယရာစု​အတွင်း ဂရိ (သို့) ရောမ​ကျောက်ဆစ်ရုပ်)

တစ်ခါတုန်းက အစ္စရေး​နယ်စပ်​အနီး၊ ရောမ​လက်အောက်ခံ ဆီးရီးယား​ပြည်​မှာ ယေရှု ရှိနေ​ခိုက် ဂရိ​အမျိုးသမီး​တစ်ဦး အကူအညီ လာ​တောင်း​တ​ယ်။ အဲဒီအခါ ယေရှုက ဂျူး​မဟုတ်​သူတွေကို “ခွေးကလေး​တွေ” နဲ့​နှိုင်း​ပြီး တုံ့ပြန်​လိုက်တယ်။ မောရှေ​ပညတ်​မှာ ခွေး​တွေကို မသန့်ရှင်း​တဲ့​တိရစ္ဆာန်​အဖြစ် ယူမှတ်​တ​ယ်။ (ဝတ်ပြုရာ ၁၁:၂၇) ယေရှုဟာ ဒီ​ဂရိ​အမျိုးသမီး​နဲ့ ဂျူး​မဟုတ်​သူတွေကို နှိမ်​တဲ့​သဘော​မျိုး ပြော​နေ​တာလား။

လုံးဝ​မဟုတ်ပါဘူး။ ယေရှုက အဲဒီအချိန်​မှာ သူ အဓိက ကူညီပေး​ရမယ့်​သူတွေဟာ ဂျူးတွေ​ပဲလို့ တပည့်​တွေကို ရှင်းပြ​တ​ယ်။ ဒါကြောင့် “သားသမီး​ရဲ့ အစာကို ခွေးကလေး​တွေအတွက် ချ​မပေး​သင့်​ဘူး” လို့ ဂရိ​အမျိုးသမီး​ကို ဥပမာ​သုံးပြီး ပြောတယ်။ (မဿဲ ၁၅:၂၁-၂၆။ မာကု ၇:၂၆) ခွေး​တွေဟာ ဂရိ​နဲ့ ရောမ​တွေအတွက် ချစ်စနိုး အိမ်မွေးတိရစ္ဆာန်​ဖြစ်ပြီး ကလေးတွေ​နဲ့ ဆော့ကစား​လေ့ရှိတယ်။ ဒါကြောင့် “ခွေးကလေး​တွေ” ဆိုတဲ့ အသုံးအနှုန်း​က ချစ်စရာ​ကောင်းတဲ့​ပုံရိပ် စိတ်ထဲ ပေါ်လာ​စေတယ်။ ဂရိ​အမျိုးသမီး​က ယေရှုရဲ့​စကားကို ပြန်​ကောက်​ပြီး “မှန်ပါတယ် သခင်။ ဒါပေမဲ့ ခွေးကလေး​တွေဟာ သခင့်​စားပွဲ​က​ကျတဲ့ စား​ကြွင်း​စား​ကျန်​တွေကိုတော့ စား​ရ​ပါတယ်” လို့ ပြန်ပြောတယ်။ သူ့​ယုံကြည်ခြင်း​ကို ယေရှု ချီးမွမ်း​ပြီး သမီး​ကို ကုသ​ပေး​လိုက်တယ်။—မဿဲ ၁၅:၂၇၊ ၂၈

ရေကြောင်းခရီး မ​ဆက်​ဖို့ တမန်တော်ပေါလု အကြံပေး​တာ လက်တွေ့ကျ​ရဲ့​လား။

ကုန်တင်​သင်္ဘော​ကြီးရဲ့ ဖောင်းကြွ​ရုပ်ပုံ (အေဒီ​ပထမရာစု)

အီတလီ​ကို ပေါလု စီးနင်း​လိုက်ပါ​လာတဲ့ သင်္ဘော​ဟာ လေကြောင်း​မသင့်​တဲ့​အတွက် ခရီးဆက်​ဖို့ ခက်​နေတယ်။ ဒါကြောင့် ဆိပ်ကမ်း​တစ်ခုမှာ နား​နေတုန်း ခရီး​မ​ဆက်​ဖို့ တမန်တော်ပေါလု အကြံပြု​တ​ယ်။ (တမန်တော် ၂၇:၉-၁၂) ဘာကြောင့် အဲဒီလို အကြံပြု​တာလဲ။

မြေထဲပင်လယ်​မှာ ဆောင်းရာသီ​အတွင်း ရေကြောင်းခရီး​သွားတာ​ဟာ အန္တရာယ်များ​မှန်း ရှေးခေတ်​သင်္ဘောသား​တွေ သိထား​ကြ​တ​ယ်။ နိုဝင်ဘာ ၁၅ က​နေ မတ် ၁၅ ဟာ အန္တရာယ်​အများဆုံး​လ​တွေပဲ။ ဒါပေမဲ့ ပေါလု ခရီးသွားတဲ့​အချိန်​ဟာ စက်တင်ဘာ ဒါမှမဟုတ် အောက်တိုဘာ​လ ဖြစ်တယ်။ အေဒီ စတုတ္ထရာစု၊ ရောမ​စာရေးဆရာ ဗာ​ဂျက်​တီး​ယ​ပ်စ်​က စာအုပ်တစ်အုပ် (E​p​it​o​me of M​i​l​it​a​r​y Science) မှာ “ရေကြောင်းခရီး​သွားဖို့ သင့်လျော်​တဲ့ လ​တွေ​ရှိ​သလို စိတ်မချ​ရတဲ့၊ လုံးဝ​မသွား​သင့်တဲ့ လ​တွေလည်း ရှိတယ်” လို့ပြောတယ်။ မေ ၂၇ က​နေ စက်တင်ဘာ ၁၄ အတွင်း ရေကြောင်းခရီး​သွားတာ​ဟာ အန္တရာယ်ကင်း​တ​ယ်။ ဒါပေမဲ့ စက်တင်ဘာ ၁၅ က​နေ နိုဝင်ဘာ ၁၁ အတွင်း၊ မတ် ၁၁ က​နေ မေ ၂၆ အတွင်း ဆိုရင်တော့ အန္တရာယ်​ရှိတယ်။ ပင်လယ်​ခရီးသွား​နေ​ကျ ပေါလုဟာ အဲဒီ​အချက်တွေကို ကောင်းကောင်းသိ​ထား​မှာ သေချာ​တ​ယ်။ မာ​လိ​န်​မှူး​နဲ့ သင်္ဘော​ပိုင်ရှင်​လည်း သိ​မှာဖြစ်​ပေ​မဲ့ ပေါလု​ရဲ့ အကြံပေးချက်​ကို အရေး​မ​လုပ်ကြ​ဘူး။ နောက်ဆုံး​တော့ သင်္ဘော​ပျက်​သွားတယ်။—တမန်တော် ၂၇:၁၃-၄၄