မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆုတောင်းချက်​အားလုံး​ကို ဘုရားသခင် ဘာကြောင့် အဖြေ​မပေး​သလဲ

ဆုတောင်းချက်​အားလုံး​ကို ဘုရားသခင် ဘာကြောင့် အဖြေ​မပေး​သလဲ

ကောင်းကင်ဖခင် ယေဟောဝါ​ဘုရား​ဟာ ကျွန်တော်​တို့ ရင်ထဲ​က​ လာတဲ့ ဆုတောင်းချက်​တွေ​ကို လိုလိုလားလား နားထောင်ပေး​ချင်​တယ်။ ဒါပေမဲ့ ဆုတောင်းချက်​တွေ အဖြေ​ မရ​စေ​တဲ့ အတားအဆီး​တွေ ရှိတယ်။ အဲဒါတွေ​က ဘာတွေလဲ။ ဆုတောင်း​တဲ့​အခါ ဘယ်​အချက်​တွေ​ကို သတိရ​သင့်သလဲ။ ကျမ်းစာ​လမ်းညွှန်ချက် တချို့​ကို ကြည့်​ရအောင်။

“ဆုတောင်း​တဲ့​အခါ . . . အကြောင်းအရာ တစ်မျိုးတည်း​ကို အထပ်ထပ် မ​ရွတ်​ပါ​နဲ့။”—မဿဲ ၆:၇

အလွတ်ကျက်​ထား​တဲ့ ဆုတောင်းချက်​တွေ​ကို အထပ်ထပ်​ ရွတ်​တာ၊ ဆုတောင်း​စာအုပ်​ ကြည့်​ပြီး ဖတ်​တာ​ကို ယေဟောဝါ မလိုလား​ဘူး။ အဲဒီအစား ရင်ထဲ​က​ လာတဲ့ စကား​တွေ​ကို ဘုရား နားထောင်ချင်​တယ်။ ကိုယ့်ရဲ့ မိတ်ဆွေ​တစ်ယောက်​က တစ်နေ့​တစ်နေ့ ဒီ​စကား​ကိုပဲ အထပ်ထပ် ပြော​နေတယ်​ဆိုရင် ဘယ်လို​ ခံစား​ရမလဲ စဉ်းစား​ကြည့်​ပါ။ မိတ်ဆွေကောင်း​တွေ​ဟာ ရင်ထဲ​က​ စကား​ကို ပွင့်ပွင့်လင်းလင်း ပြောတတ်​ကြတယ်။ ရင်ထဲ​က​ လာတဲ့ စကားလုံး​တွေ​နဲ့ ဆုတောင်း​တာ​က ကောင်းကင်ဖခင်​နဲ့ နှစ်ကိုယ်ကြား ရင်းနှီးတဲ့​ ဆက်ဆံ​ရေး ရှိတယ်ဆိုတာ ဖော်ပြ​တယ်။

“တောင်း​ပြန်​တော့​လည်း မရဘူး။ အပြစ်​ရှိတဲ့​ အလိုဆန္ဒတွေ ပြည့်​ဖို့​ပဲ တလွဲ​တောင်း​နေတာကိုး။”—ယာကုပ် ၄:၃

ဘုရား မ​လုပ်​စေ​ချင်​တဲ့​အရာ၊ မပိုင်ဆိုင်​စေ​ချင်​တဲ့​အရာ တစ်ခုခု​ ရဖို့ ဆုတောင်း​တယ်​ဆိုရင် အဖြေပေး​မှာ မဟုတ်ဘူး။ ဥပမာ၊ လောဘ​ကြီးခြင်း​နဲ့ ကံကောင်း​ခြင်း​ဆို​တဲ့ အယူသီးမှု​မျိုးကို ရှောင်​ဖို့ ဘုရားသခင် ရှင်းရှင်း​လင်းလင်း သတိပေး​ထား​တယ်။ အဲဒါ​ကြောင့် လောင်းကစားသမား​တစ်ယောက် အနိုင်​ရဖို့ ဆုတောင်း​တာ​ကို ဘုရား​ အဖြေပေး​မှာ မဟုတ်ဘူးဆိုတာ သေချာ​ပါ​တယ်။ (ဟေရှာယ ၆၅:၁၁။ လုကာ ၁၂:၁၅) အဲဒီလို ဆုတောင်းချက်​မျိုးကို ဘုရားသခင် အဖြေပေး​မယ်​လို့ မျှော်လင့်​တာ​က ယုတ္တိမရှိ​ဘူး။ ဆုတောင်းချက်​တွေ​ကို ဘုရားသခင် အဖြေပေး​ဖို့​ဆိုရင် ဆုတောင်းချက်​တွေ​က ကျမ်းစာ​နဲ့ ကိုက်ညီ​ရမယ်။

“တစ်ယောက်​က ပညတ်တရား​ကို မ​နာယူ​ရင် သူ့​ဆုတောင်းချက်​တောင် ရွံမုန်း​စရာ ဖြစ်သွား​တယ်။”—ပညာအလိမ္မာ ၂၈:၉

ရှေး​တုန်း​က​ဆိုရင် ဘုရား​ရဲ့ ဖြောင့်မတ်​တဲ့ ပညတ်​တွေ​ကို မလိုက်နာ​သူတွေရဲ့ ဆုတောင်းချက်​ကို ဘုရားသခင် အဖြေ​မပေးဘူး။ (ဟေရှာယ ၁:၁၅၊ ၁၆) ဘုရားသခင်​က မပြောင်းလဲ​ဘူး။ (မာလခိ ၃:၆) ကျွန်တော်​တို့​ရဲ့ ဆုတောင်းချက်​တွေ အဖြေ​ ရဖို့ ဘုရားသခင့်​ပညတ်​တွေ​နဲ့​အညီ အသက်ရှင် နေထိုင်ဖို့​ လိုတယ်။ ဒါပေမဲ့ အရင်က အမှားတွေ လုပ်ခဲ့ဖူး​တယ်​ဆိုရင်ကော။ ကျွန်တော်​တို့​ရဲ့ ဆုတောင်းချက်​ကို ယေဟောဝါ ဘယ်တော့မှ နားမထောင်​တော့​ဘူးဆို​တဲ့ အဓိပ္ပာယ်​လား။ မဟုတ်ပါဘူး။ အမှားတွေ​အတွက် နောင်တ​ယူပြီး ဘုရားသခင် နှစ်သက်တာကို အတတ်နိုင်ဆုံး လုပ်မယ်ဆိုရင် ကျွန်တော်​တို့ကို ဘုရား ခွင့်လွှတ်​ပါ​လိမ့်မယ်။—တမန်​တော် ၃:၁၉