သဘာဝဘေး ကျရောက်တဲ့အခါ
သဘာဝဘေး ကြုံခဲ့ဖူးမယ်ဆိုရင် တခြားသူတွေ ကြုံတွေ့ရတဲ့ ထိတ်လန့်မှု၊ လက်မခံနိုင်မှု၊ စိတ်ရှုပ်ထွေးမှု၊ စိုးရိမ်ပူပန်မှု၊ အိပ်မက်ဆိုးတွေကို နားလည်ပေးနိုင်ပါလိမ့်မယ်။ သဘာဝဘေးသင့်သူ များစွာဟာ စိတ်ပျက်လက်ပျက်နဲ့ ရှင်သန်ချင်စိတ်တောင် မရှိကြတော့ဘူး။
သဘာဝဘေး ကြုံခဲ့ဖူးမယ်ဆိုရင် သင်လည်း မခံရပ်နိုင်အောင် စိတ်ဓာတ်ကျဖူးပါလိမ့်မယ်။ အသက်ရှင်နေလည်း အလကားပဲလို့ ခံစားရနိုင်တယ်။ ဒါပေမဲ့ သမ္မာကျမ်းစာက အသက်ရှင်ရကျိုးနပ်တယ်၊ ပိုကောင်းမွန်တဲ့အနာဂတ်ကို မျှော်လင့်နိုင်တယ်လို့ ဆိုထားတယ်။
ကျမ်းစာအမှန်တရား သိထားခြင်းက အသက်ရှင်ရကျိုးနပ်စေ
“ကိစ္စတစ်ခုရဲ့ အဆုံးဟာ အစထက် ပိုကောင်းတယ်” လို့ ဒေသနာ ၇:၈ မှာ ဆိုထားတယ်။ သဘာဝဘေး သင့်ပြီးခါစဆိုရင် မျှော်လင့်ချက် မဲ့နေသလို ဖြစ်နေနိုင်တယ်။ ဒါပေမဲ့ စိတ်ရှည်ရှည်နဲ့ ဘဝကို ပြန်တည်ဆောက်သွားရင် တဖြည်းဖြည်း ကောင်းမွန်လာနိုင်ပါတယ်။
“ငိုကြွေးသံတွေ၊ ကူပါကယ်ပါဆိုတဲ့ အသံတွေ ကြားရတော့မှာ မဟုတ်” တဲ့ အချိန်ကာလကြောင်း ကျမ်းစာမှာ ကြိုဟောထားတယ်။ (ဟေရှာယ ၆၅:၁၉) ဘုရားနိုင်ငံတော် အုပ်ချုပ်မှုအောက် ကမ္ဘာမြေဟာ ပရဒိသု ဖြစ်လာတဲ့အခါ အဲဒီလို ဖြစ်လာပါလိမ့်မယ်။ (ဆာလံ ၃၇:၁၁၊ ၂၉) သဘာဝဘေးတွေ ကျရောက်တော့မှာ မဟုတ်ဘူး။ နာကျင်ဖွယ်အမှတ်ရစရာတွေ၊ ဖျောက်ဖျက်မရတဲ့ စိတ်ဒဏ်ရာတွေ ထာဝရ ပျောက်ပျက်သွားပါလိမ့်မယ်။ အကြောင်းကတော့ “အရင်တုန်းက ဖြစ်ခဲ့တာတွေကို သတိရတော့မှာ မဟုတ်ဘူး။ အဲဒါတွေဟာ စိတ်ထဲ ပေါ်လာတော့မှာ မဟုတ်ဘူး” လို့ အနန္တတန်ခိုးရှင် ဘုရားသခင် ကတိပေးထားလို့ပါပဲ။—ဟေရှာယ ၆၅:၁၇။
စဉ်းစားကြည့်ပါ– ဖန်ဆင်းရှင်က “မင်းတို့ မျှော်လင့်တဲ့ အနာဂတ်မျိုး” ပေးဖို့ စီစဉ်ထားပါတယ်။ ဘုရားနိုင်ငံတော် အုပ်ချုပ်မှုအောက် ငြိမ်သက်အေးချမ်းတဲ့ ဘဝအသက်တာ ပေးမယ်။ (ယေရမိ ၂၉:၁၁) ဒီအမှန်တရားကို သိထားခြင်းက အသက်ရှင်ရကျိုးနပ်အောင် ကူညီပေးနိုင်သလား။ “အနာဂတ်မှာ ဘုရားနိုင်ငံတော် လုပ်ဆောင်ပေးမယ့် ကောင်းမွန်ရာတွေနဲ့ ကိုယ့်ကိုယ်ကိုယ် သတိပေးတဲ့အခါ အတိတ်ဖြစ်ရပ်တွေကို ထားခဲ့ပြီး ပစ္စုပ္ပန်ကို ရင်ဆိုင်ဖြတ်ကျော်သွားဖို့ ခွန်အား ရှိလာတယ်” လို့ အစဆောင်းပါးမှာ ကိုးကားခဲ့တဲ့ ဆယ်လီ ပြောတယ်။
ဒါကြောင့် အနာဂတ်မှာ လူသားတွေအတွက် ဘုရားနိုင်ငံတော် လုပ်ဆောင်ပေးမယ့်အရာတွေအကြောင်း လေ့လာကြည့်ပါ။ ဒါဆိုရင် သဘာဝဘေး ကြုံခဲ့ရပေမဲ့ အသက်ရှင်ရကျိုး နပ်ပါလိမ့်မယ်။ သဘာဝဘေး မရှိတော့မယ့် အနာဂတ်ကို ထက်သန်စွာ စောင့်မျှော်လာနိုင်မယ်။ ဒီအတောအတွင်း လက်တွေ့ကျတဲ့ ကျမ်းစာလမ်းညွှန်ချက်တွေက သဘာဝဘေး ကြုံတွေ့ပြီးနောက်ပိုင်း ရင်ဆိုင်ဖြေရှင်းသွားနိုင်အောင် အထောက်အကူ ပြုနိုင်ပါတယ်။ ဥပမာတချို့ကို သုံးသပ်ကြည့်ပါ။