မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အစာဓာတ်မတည့်ခြင်းနဲ့ အစာတောက်ခြင်း ဘာကွာခြားသလဲ။

အစာဓာတ်မတည့်ခြင်းနဲ့ အစာတောက်ခြင်း ဘာကွာခြားသလဲ။

“မအီမသာခံစားလာရလို့ စားလက်စကို ရပ်လိုက်တယ်။ ပါးစပ်ယားလာပြီး လျှာထူအမ်းလာတယ်။ ခေါင်းမူးလာပြီး အသက်ရှူရခက်လာတယ်။ လက်မောင်းနဲ့လည်ပင်းတွေမှာ အင်ပြင်တွေ ထလာတယ်။ သက်သာအောင် ကြိုးစားပေမဲ့ ဆေးရုံသွားမှ ရတော့မယ်ဆိုတာ သိလိုက်ပြီ။”အမ်မလီ။

လူအများစုအတွက် အစာစားရတာဟာ စိတ်ကျေနပ်စရာဖြစ်ပေမဲ့ တချို့သူတွေအတွက်တော့ အစားအစာတချို့ဟာ “ရန်သူ” နဲ့တူတယ်။ အမ်မလီလိုပဲ တချို့လူတွေမှာ အစာဓာတ်မတည့်မှုမျိုး ရှိတယ်။ အမ်မလီရဲ့ အခြေအနေဟာ ပြင်းထန်တဲ့ဓာတ်မတည့်မှုမျိုးဖြစ်ပြီး အသက်အန္တရာယ်တောင် ရှိနိုင်တယ်။ ကျေးဇူးတင်စရာက အစာဓာတ်မတည့်မှု အများစုဟာ ဆိုးဆိုးရွားရွားမဟုတ်ပါဘူး။

မကြာသေးခင်နှစ်တွေမှာ အစာဓာတ်မတည့်ခြင်းနဲ့ အစာတောက်ခြင်း အဖြစ်များလာတယ်။ အစာဓာတ်မတည့်ဘူးလို့ ထင်သူ အနည်းငယ်လောက်ကပဲ ဆရာဝန်ဆီသွားပြီး စစ်ဆေးကြတယ်လို့ လေ့လာချက်တချို့အရ သိရတယ်။

အစာဓာတ်မတည့်ခြင်းဆိုတာ ဘာလဲ

ဒေါက်တာဂျနီဖာ ဂျေ. ရှန်နီဒါ ရှဖန်နဲ့ သိပ္ပံပညာရှင်တွေ ပူးပေါင်းထုတ်ဝေတဲ့ ဆေးဂျာနယ်မှာ “အစာဓာတ်မတည့်ခြင်းကို အားလုံးနဲ့သက်ဆိုင်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိဘူး” လို့ ဖော်ပြထားတယ်။ ပညာရှင်အများစုကတော့ ကိုယ်ခံအားစနစ်ကြောင့် ဓာတ်မတည့်တဲ့တုံ့ပြန်မှု ဖြစ်လာတာလို့ ယုံကြည်ကြတယ်။

အစာဓာတ်မတည့်မှု ဖြစ်တာဟာ အများအားဖြင့် အဲဒီအစာထဲမှာပါတဲ့ ပရိုတင်းဓာတ်ကြောင့်ဖြစ်တယ်။ ကိုယ်ခံအားစနစ်က အဲဒီပရိုတင်းဓာတ်ကို အန္တရာယ်ရှိတယ်လို့ မှားယွင်းပြီးသတ်မှတ်တယ်။ ကိုယ်ခန္ဓာထဲ အဲဒီပရိုတင်းရောက်လာတဲ့အခါ ကိုယ်ခံအားစနစ်က ရန်သူကို တိုက်ထုတ်ဖို့ အင်မြူဂလိုဗျူလင်အီး (Immunoglobulin E) လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတစ်မျိုးကို ထုတ်လုပ်တယ်။ အစာဓာတ်မတည့်စေတဲ့အရာ ဗိုက်ထဲရောက်သွားတဲ့အခါ အဲဒီဓာတ်ပစ္စည်းတွေဟာ ဟစ္စတာမင်းအပါအဝင် တခြားဓာတုပစ္စည်းတွေကို ထပ်ထုတ်လုပ်တယ်။

သာမန်အခြေအနေမျိုးမှာဆိုရင် ဟစ္စတာမင်းဟာ ကိုယ်ခံအားစနစ်ကို အကျိုးပြုတယ်။ ဒါပေမဲ့ အင်မြူဂလိုဗျူလင်အီးနဲ့ ဟစ္စတာမင်းက ရန်သူလို့သတ်မှတ်ထားတဲ့ ပရိုတင်းကို တိုက်ထုတ်တဲ့အခါမှာတော့ ဓာတ်မတည့်တဲ့လက္ခဏာတွေ ပေါ်လာတယ်။ ဒီလိုဘာကြောင့်ဖြစ်မှန်း ပညာရှင်တွေ ကောင်းကောင်းနားမလည်ကြသေးဘူး။

ပထမတစ်ကြိမ်စားတဲ့အခါမှာ ဘာမှမဖြစ်ပေမဲ့ အဲဒီအစာကိုပဲ နောက်တကြိမ် စားတဲ့အခါမှာ ဓာတ်မတည့်တာမျိုး ဖြစ်တတ်တယ်။

အစာတောက်ခြင်းဆိုတာ ဘာလဲ

အစာတောက်ခြင်းဟာ အစာဓာတ်မတည့်ခြင်းလိုပဲ အစားအစာတစ်မျိုးစားလိုက်လို့ ဖြစ်လာတာ။ ဒါပေမဲ့ အစာဓာတ်မတည့်ခြင်းက ကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်မှုကြောင့် ဖြစ်ပေါ်လာပြီး အစာတောက်ခြင်းကတော့ အစာခြေစနစ်ရဲ့ တုံ့ပြန်မှုကြောင့် ဖြစ်ပေါ်လာတာ။ လူတစ်ယောက်မှာ အစာခြေပေးတဲ့ အင်ဇိုင်းဓာတ် မလုံလောက်တာကြောင့်၊ အစာထဲမှာ အစာခြေရခက်တဲ့ ဓာတုပစ္စည်းတွေပါသွားတာကြောင့် အစာမခြေနိုင်ဖြစ်တတ်တယ်။ ဥပမာ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာပါတဲ့ သကြားဓာတ်ကို ချေဖျက်ဖို့ လိုအပ်တဲ့ အင်ဇိုင်းဓာတ်ကို အူလမ်းကြောင်းက မထုတ်ပေးတဲ့အခါ နွားနို့ကြောင့် အစာတောက်ခြင်း ဖြစ်လာတယ်။

စစားလိုက်ကတည်းက အစာတောက်တဲ့လက္ခဏာပြတယ်။ ကိုယ်စားတဲ့ပမာဏပေါ် မူတည်တယ်။ နည်းနည်းစားတဲ့အခါ ဘာမှမဖြစ်ပေမဲ့ များများစားလိုက်တဲ့အခါမှာတော့ အစာတောက်တတ်တယ်။ အစာဓာတ်မတည့်ခြင်းကတော့ စားတဲ့ပမာဏနည်းရင်တောင် အသက်အန္တရာယ် ရှိနိုင်တယ်။

ဘာလက္ခဏာတွေပြသလဲ

အစာဓာတ်မတည့်တဲ့အခါ အောက်ပါလက္ခဏာတွေ ဖြစ်လာနိုင်တယ်– ယားယံခြင်း၊ အင်ပြင်ထခြင်း၊ လည်ချောင်း၊ မျက်လုံး၊ လျှာတွေ ရောင်ရမ်းလာခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်းတို့ ဖြစ်တတ်တယ်။ အခြေအနေဆိုးရင်တော့ သွေးပေါင်ကျလာခြင်း၊ မူးဝေခြင်း၊ သတိလစ်ခြင်း၊ နှလုံးရပ်ခြင်းတောင် ဖြစ်နိုင်တယ်။ ပြင်းထန်တဲ့ဓာတ်မတည့်ခြင်းက ချက်ချင်းဖြစ်တတ်ပြီး အသက်အန္တရာယ်ရှိနိုင်တယ်။

ဘယ်အစားအစာမဆို ဓာတ်မတည့်တာမျိုး ဖြစ်နိုင်ပေမဲ့ တချို့အစားအစာတွေကတော့ ပြင်းထန်တဲ့အစာဓာတ်မတည့်မှု ဖြစ်တတ်တယ်။ အဲဒါတွေက နို့၊ ဥအမျိုးမျိုး၊ ငါး၊ ပင်လယ်စာ၊ မြေပဲ၊ ပဲပိစပ်၊ အခွံမာသီး၊ ဂျုံ တို့ဖြစ်တယ်။ အသက်အရွယ်မရွေး ဓာတ်မတည့်မှု ဖြစ်နိုင်တယ်။ မျိုးရိုးနဲ့လည်း ဆိုင်တယ်လို့ လေ့လာမှုတွေအရ သိရတယ်။ မိဘတစ်ယောက် ဒါမှမဟုတ် နှစ်ယောက်စလုံးမှာ ဓာတ်မတည့်တာရှိရင် ကလေးမှာ ဓာတ်မတည့်မှု ရှိဖို့များတယ်။

အစာတောက်ခြင်းလက္ခဏာတွေက ပြင်းထန်တဲ့ အစာဓာတ်မတည့်ခြင်းလောက် သိပ်မစိုးရိမ်ရဘူး။ အစာတောက်ခြင်းက အစာအိမ်နာခြင်း၊ ရောင်ရမ်းလာခြင်း၊ လေပွခြင်း၊ ကြွက်တက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အရေပြားယားယံခြင်း၊ မောပန်းခြင်း၊ မအီမသာဖြစ်ခြင်းတွေ ဖြစ်နိုင်တယ်။ နို့ထွက်ပစ္စည်း၊ ဂျုံ၊ ကောက်နှံ၊ အရက်၊ တဆေးတွေဟာ အစာတောက်ခြင်း ဖြစ်နိုင်တယ်။

ရောဂါရှာဖွေခြင်းနဲ့ ကုသခြင်း

အစာဓာတ်မတည့်ခြင်း၊ အစာတောက်ခြင်း တစ်ခုခုဖြစ်နေတယ်လို့ ခံစားရရင် ဆရာဝန်နဲ့ ပြပါ။ ကိုယ့်ဘာသာရောဂါနာမည်တပ်ပြီး အစာတချို့ကို မစားဖို့ ဆုံးဖြတ်တာဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရဓာတ်တွေ မစားမိတာမျိုး ဖြစ်သွားနိုင်တယ်။

ပြင်းထန်တဲ့ အစာဓာတ်မတည့်ခြင်းတွေအတွက် ကုသနည်းတော့ မရှိသေးဘူး။ အဲဒါကြောင့် ဓာတ်မတည့်မှုဖြစ်စေတဲ့အစာကို ရှောင်ဖို့ပဲ လိုတယ်။ * ဒါပေမဲ့လည်း အစာဓာတ်မတည့်တာ၊ အစာတောက်တာ မပြင်းထန်ဘူးဆိုရင် စားတဲ့ပမာဏ၊ စားတဲ့အကြိမ်အရေအတွက်ကို လျှော့ချလိုက်ရုံနဲ့ အကျိုးရှိနိုင်ပါတယ်။ တချို့သူတွေအတွက်တော့ အစာတောက်တာ ပြင်းထန်တယ်ဆိုရင် အဲဒီအစာကို အချိန်အတိုင်းအတာတစ်ခု ဒါမှမဟုတ် လုံးဝရှောင်ဖို့ လိုတယ်။

သင့်မှာ အစာဓာတ်မတည့်တာ၊ အစာတောက်တာမျိုးရှိနေရင် စိတ်ဓာတ်မကျပါနဲ့။ သင့်လိုခံစားနေရတဲ့ တခြားသူတွေလည်း အာဟာရရှိ၊ အရသာရှိတဲ့ တခြားအစားအစာတွေ စားပြီး ပျော်ရွှင်နေကြပါတယ်။

^ စာပိုဒ်၊ 19 အစာဓာတ်မတည့်တာ ပြင်းထန်တယ်ဆိုရင် အဒရီနယ်လင်ဆေး ဆောင်ထားသင့်ပြီး အရေးပေါ်အခြေအနေမျိုးမှာ ကိုယ်တိုင်ဆေးထိုးနိုင်တယ်။ ဓာတ်မတည့်ရောဂါရှိတဲ့ ကလေးတွေရဲ့ အခြေအနေကို သူတို့ ဆရာ/ဆရာမတွေ လွယ်လွယ်ကူကူသိနိုင်ဖို့ အမှတ်အသားတွေ ဝတ်ဆင်၊ တပ်ဆင်ထားသင့်တယ်လို့ ဆရာဝန်တချို့ အကြံပြုတယ်။