မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံး​အကြောင်းအရာ | ဖတ်​သင့်​ဖတ်​ထိုက်တဲ့ အကောင်းဆုံး​စာအုပ်

သမ္မာကျမ်းစာ—တကယ်ပဲ “စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ရေးထား” တာလား

သမ္မာကျမ်းစာ—တကယ်ပဲ “စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ရေးထား” တာလား

ကျမ်းစာ​ဟာ ဘုရားသခင်​ဆီက လာ​တာ​လို့ သင် ယုံကြည်​သလား။ ဒါမှမဟုတ် လူ့​အတွေးအခေါ်​တွေပါ​တဲ့ စာအုပ်​ပဲလို့ ယူဆ​သလား။

ခရစ်ယာန်​လို့ ပြောတဲ့​သူတွေ​တောင် အဲဒီအချက်ကို အငြင်းပွား​နေတုန်းပဲ။ အမေရိကန်​ပြည်ထောင်စု​မှာ ကောက်ယူ​တဲ့ ၂၀၁၄ ခုနှစ် လူထု​သဘောထား​စစ်တမ်း​အရ ခရစ်ယာန်​အမည်ခံ​သူ​အများစုက “ကျမ်းစာ​ဟာ ဘုရားသခင်​နဲ့ တစ်နည်း​မဟုတ် တစ်နည်း ဆက်စပ်နေတယ်” လို့ ယူဆကြတယ်။ ဒါပေမဲ့ လူ ၅ ယောက်​မှာ ၁ ယောက်​က​တော့ ကျမ်းစာ​ဟာ “ရှေးခေတ် ဒဏ္ဍာရီပုံပြင်၊ ယုံတမ်းစကား၊ ရာဇဝင်၊ လူ့​ပညတ်ချက်​တွေပါ​တဲ့ စာအုပ်” လို့ ရှုမြင်​ကြ​တယ်။ အဲဒီလို​သဘောထားကွဲ​ပြား​မှုက ကျမ်းစာကို “စွမ်းအားတော်​ရဲ့ လမ်းညွှန်မှု​နဲ့​ရေးထား” တယ်​ဆိုတဲ့ အသုံးအနှုန်း​ရဲ့ ဆိုလိုရင်း​အမှန်​ကို အာရုံစိုက်​စေတယ်။—၂ တိမောသေ ၃:၁၆

“စွမ်းအားတော်​ရဲ့ လမ်းညွှန်မှု​နဲ့​ရေးထား” တယ်ဆိုတာ ဘာကို ဆိုလို​သလဲ

ကျမ်းစာမှာ ကျမ်းစောင် ၆​၆ စောင် ပါဝင်တယ်။ အဲဒီ​ကျမ်းစောင်တွေကို နှစ်ပေါင်း ၁,၆​၀၀ အတွင်း လူ​အ​ယောက် ၄၀ လောက် ရေးခဲ့တယ်။ ကျမ်းစာကို လူတွေ​ရေးခဲ့တယ်​ဆိုရင် ဘယ်လို​လုပ်ပြီး “ဘုရားသခင့်​စွမ်းအားတော်​ရဲ့ လမ်းညွှန်​မှု​နဲ့​ရေးထား” တာ ဖြစ်နိုင်မလဲ။ ရိုးရိုးလေး​ပြော​ရ​ရင် “ဘုရားသခင့် စွမ်းအားတော်​ရဲ့ လမ်းညွှန်မှု​နဲ့​ရေးထား” တယ်​ဆိုတဲ့ အသုံးအနှုန်း​က ကျမ်းစာမှာ​ပါတဲ့ အကြောင်းအရာတွေ​ ဟာ ဘုရားသခင်​ဆီက လာတယ်​ဆိုတဲ့ အဓိပ္ပာယ်​ပဲ။ “လူတွေက သန့်ရှင်းသော စွမ်းအားတော်​ရဲ့ လှုံ့ဆော်မှု​ကို​ခံရ​လို့ ဘုရားသခင်​ဆီက​လာတဲ့ စကား​တွေကို ပြန်​ဟော​တာ​ဖြစ်တယ်” လို့ ကျမ်းစာ ပြောတယ်။ (၂ ပေတရု ၁:၂၁) တစ်နည်း​ပြော​ရ​ရင် ဘုရားသခင်​က သူ​ရေးချင်​တဲ့​အကြောင်းအရာတွေ​ကို လူ့​မျက်စိ​နဲ့​မမြင်နိုင်​တဲ့ သန့်ရှင်းသောစွမ်းအားတော်​ကတစ်ဆင့် ကျမ်းရေးသူ​တွေကို အသိပေး​တယ်။ စီးပွားရေး​လုပ်ငန်းရှင်​တစ်ဦး​က အတွင်းရေးမှူး​ကို စာတစ်စောင် ရေး​ခိုင်း​တာနဲ့ နှိုင်းယှဉ်​နိုင်တယ်။ တကယ်တော့ အဲဒီ​စာ​ဟာ အတွင်းရေးမှူး​ရဲ့​စာ မဟုတ်ဘူး။ လုပ်ငန်းရှင်​ရဲ့​စာ ဖြစ်တယ်။

ကျမ်းရေးသူ​တချို့ဟာ ကောင်းကင်တမန်​ကတစ်ဆင့် ဘုရားပြောတဲ့​စကား​တွေကို ကိုယ်တိုင်​ကြားခဲ့​ရတယ်။ တချို့က​တော့ ဘုရားပေး​တဲ့ စိတ်အာရုံ​ကို မြင်ခဲ့​ရတယ်။ တချို့ကို​တော့ အိပ်မက်က​တစ်ဆင့် ဘုရား အသိပေး​တယ်။ တစ်ခါတလေ ဘုရားသခင်​က သူ​ရေး​စေချင်​တာတွေကို ကျမ်းရေးသူ​တွေရဲ့ ကိုယ်ပိုင်စကား​နဲ့ မှတ်တမ်းတင်​စေ​သလို စကားလုံး​အတိအကျ ရေး​ခိုင်း​တာ​လည်း ရှိတယ်။ ဘယ်လိုပဲ​ဖြစ်ပါ​စေ ကျမ်းရေးသူ​တွေဟာ ကိုယ့်​အတွေးအခေါ်​ကို မဟုတ်ဘဲ ဘုရားရဲ့​အတွေးအခေါ်​ကို ရေးသားခဲ့​ကြ​တယ်။

ကျမ်းရေးသူ​တွေကို စွမ်းအားတော်​နဲ့​လမ်းညွှန်​သူဟာ ဘုရားသခင်​ပဲ​ဆိုတာ ဘယ်လို​လုပ် အသေအချာ​ပြောနိုင်​မှာ​လဲ။ ကျမ်းစာ​ဟာ ဘုရားသခင်​ဆီက လာတယ်​ဆိုတာ စိတ်ချ​စေတဲ့ အထောက်အထား​သုံးခု​ကို လေ့လာ​ကြည့်ပါ။