မျက်နှာဖုံးအကြောင်းအရာ
သင် အလုပ် သိပ်များနေသလား
အလုပ် သိပ်များတယ်လို့ သင် ခံစားနေရသလား။ သင်တစ်ယောက်တည်း အဲဒီလိုခံစားနေရတာ မဟုတ်ပါဘူး။ “ဘယ်နေရာကြည့်ကြည့် လူတိုင်း အလုပ်များနေပုံရတယ်” လို့ စီးပွားရေးမဂ္ဂဇင်းတစ်စောင်မှာ ဖော်ပြတယ်။
နိုင်ငံရှစ်နိုင်ငံမှာရှိတဲ့ အချိန်ပြည့်လုပ်သားတွေကို ၂၀၁၅ ခုနှစ်မှာ စစ်တမ်းကောက်တဲ့အခါ လူအများစုက အလုပ်ခွင်နဲ့ အိမ် နှစ်ခုစလုံးရဲ့တာဝန်ကို ထမ်းဆောင်ဖို့ ခက်တယ်လို့ ဖြေတယ်။ အလုပ်ခွင်နဲ့ အိမ်မှာ လုပ်စရာတွေ များလာတာ၊ ကုန်ကျစရိတ် များလာတာ၊ အလုပ်ချိန်များလာတာကြောင့် ဖြစ်တယ်။ ဥပမာ၊ အမေရိကန်ပြည်ထောင်စုမှာ အချိန်ပြည့်လုပ်သားတွေဟာ တစ်ပတ်မှာ ပျမ်းမျှ ၄၇ နာရီ အလုပ်လုပ်ရတယ်။ ၅ ယောက်မှာ ၁ ယောက်လောက်က နာရီ ၆၀ နဲ့အထက် အလုပ်လုပ်ရတယ်။
နိုင်ငံ ၃၆ ခုပါဝင်တဲ့ နောက်စစ်တမ်းတစ်ခုအရ လုပ်သား ၄ ယောက်မှာ ၁ ယောက်ထက်မကဟာ အားလပ်ချိန်မှာတောင် အေးအေးဆေးဆေး မနေရဘူးလို့ ပြောတယ်။ လုပ်စရာတွေ များလွန်းရင် ကလေးတွေကိုလည်း ထိခိုက်မှုရှိနိုင်တယ်။
အလုပ်ကို လိုတာထက် ပိုလုပ်ဖို့ ကြိုးစားတဲ့အခါ စိတ်ဖိစီးမှု များလာနိုင်တယ်။ ဟန်ချက်ညီညီ နေထိုင်ဖို့ဆိုတာ ဖြစ်နိုင်သလား။ ကျွန်တော်တို့ရဲ့ ယုံကြည်မှု၊ ရွေးချယ်မှုနဲ့ ပန်းတိုင်တွေဟာ ဘယ်လောက် အရေးပါသလဲ။ ဦးဆုံး၊ တချို့သူတွေ အလုပ်သိပ်များရတဲ့ အကြောင်းရင်း လေးခုကို သုံးသပ်ကြည့်ပါ။
၁ မိသားစုကို ကောင်းကောင်း ထောက်ပံ့ပေးလိုခြင်း
“ကျွန်တော် တစ်ပတ်မှာ ခုနစ်ရက် အလုပ်လုပ်တယ်။ ကလေးတွေကို အကောင်းဆုံးအရာတွေ ဖြည့်ဆည်းပေးချင်လို့ပဲ။ ကျွန်တော် မရခဲ့ဖူးတဲ့အရာတွေ သူတို့ကို ရစေချင်တယ်” ဆိုပြီး ဂယ်ရီဆိုတဲ့ ဖခင်တစ်ဦး ပြောတယ်။ မိဘတွေအနေနဲ့ အဲဒီလိုစိတ်ထားရှိတာ ကောင်းပေမဲ့ ဦးစားထားရာတွေကို ပြန်ဆန်းစစ်ဖို့ လိုတယ်။ လေ့လာတွေ့ရှိချက်တွေအရ ငွေနဲ့ ရုပ်ပစ္စည်းကို အလေးထားလွန်းတဲ့ လူကြီးလူငယ်တွေဟာ အလေးမထားတဲ့သူတွေလောက် မကျန်းမာဘူး၊ ပျော်ရွင်ကျေနပ်မှု မရှိကြဘူး။
မိဘတချို့ဟာ သားသမီးတွေ ကောင်းစားဖို့ ကိုယ်တိုင် အလုပ်ဖိလုပ်တဲ့အပြင် သားသမီးတွေကိုလည်း မနိုင်ဝန် ထမ်းခိုင်းတတ်ကြတယ်။ အဲဒါကြောင့် မိဘရော သားသမီးတွေပါ စိတ်ပန်းလူပန်း ဖြစ်ကြရတယ်။
၂ ‘များလေ ကောင်းလေ’ ဆိုပြီး ယူဆခြင်း
နောက်ဆုံးပေါ်ပစ္စည်းတွေကို မဝယ်ဘူးဆိုရင် ဆုံးၡုံးနစ်နာနေပြီလို့ ကြော်ငြာတွေက အယုံသွင်းတယ်။ “ပစ္စည်းအသစ်တွေ များလွန်းလို့” ရတဲ့အချိန်လေးအတွင်းမှာ “ဘာဝယ်ရမလဲ၊ ဘာကြည့်ရမလဲ၊ ဘာစားရမလဲ ရွေးနေတာနဲ့ပဲ အချိန်မလောက်နိုင်ဘူး” လို့ စီးပွားရေးမဂ္ဂဇင်းတစ်စောင်မှာ ဖော်ပြတယ်။
၁၉၃၀ ပြည့်နှစ်မှာ နာမည်ကြီး စီးပွားရေးပညာရှင်တစ်ဦးက နည်းပညာတိုးတက်လာတဲ့အတွက် အလုပ်သမားတွေ အားလပ်ချိန် ပိုများလာမယ်လို့ ခန့်မှန်းတယ်။ ဒါပေမဲ့ တက်တက်စင်အောင် လွဲသွားတယ်။ New Yorker မဂ္ဂဇင်း ဆောင်းပါးရေးသူ အဲလစ်ဇဘက် ကော်ဘာ့တ်ရဲ့ တွေ့ရှိချက်အရ “လူတွေဟာ လိုအပ်တဲ့ ပစ္စည်းအသစ်တွေ ပိုများလာတဲ့အတွက် [အလုပ်] စောစော မနားနိုင်ဘူး။” အဲဒါတွေအတွက် ငွေ လိုလာတယ်၊ အချိန်လည်း ပေးရတယ်။
၃ တခြားသူတွေရဲ့ နှစ်သက်မှုရဖို့ ကြိုးစားခြင်း
အလုပ်သမားတချို့ဟာ အလုပ်ရှင် ငြိုငြင်မှာစိုးလို့ အလုပ်ကို မနားတမ်းလုပ်ကြတယ်။ ညဉ့်နက်တဲ့အထိ အလုပ်မလုပ်ဘူးဆိုရင် အပြစ်ရှိသလိုမျိုး ခံစားရအောင် အလုပ်ဖော်တွေကလည်း ဖိအားပေးလာနိုင်တယ်။ စီးပွားရေးအဆင်မပြေမှုကြောင့် အချိန်များများ အလုပ်လုပ်ကြရတယ်၊ အချိန်မရွေး အလုပ်လုပ်ဖို့ အသင့်ရှိနေရတယ်။
မိဘတွေလည်း တခြားမိသားစုတွေလိုမျိုး အလုပ်ဗျာများနေဖို့ ဖိအားပေးခံရနိုင်တယ်။ အဲဒီလိုမလုပ်လို့
သားသမီးတွေ လူတန်းစေ့ မနေနိုင်ရင် အပြစ်မကင်းဘူးလို့ ခံစားရနိုင်တယ်။၄ ဂုဏ်ရှိပြီး ကျေနပ်ပျော်ရွှင်မှု ခံစားရခြင်း
အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ တင်မ်က “အလုပ်ကို ကျွန်တော် မြတ်နိုးတယ်၊ အစွမ်းကုန် ကြိုးစားလုပ်တယ်။ ကိုယ် ဘယ်လိုလူစားဖြစ်မှန်း အလုပ်နဲ့သက်သေပြရမယ်လို့ ယူဆတယ်” ဆိုပြီး ပြောတယ်။
တင်မ်လိုပဲ ကိုယ်ဘယ်လိုလူစားလဲဆိုတာ ကိုယ့်ရဲ့ အလုပ်ပမာဏနဲ့ အများကြီးဆက်နွှယ်တယ်လို့ လူအများ ယူဆကြတယ်။ “အလုပ်များတာဟာ လူရာဝင်စေတယ်၊ ဂုဏ်ရှိစေတယ်။ ပိုအလုပ်များလေ ပိုအရေးပါသူ ဖြစ်ပုံပေါက်လေပဲ” လို့ အဲလစ်ဇဘက် ကော်ဘာ့တ် ပြောတယ်။
ဟန်ချက်ညီအောင် ကြိုးစားပါ
ဝီရိယရှိဖို့၊ အလုပ်ကြိုးစားဖို့ ကျမ်းစာ အားပေးတယ်။ (ပညာအလိမ္မာ ၁၃:၄) ဒါပေမဲ့ ဟန်ချက်ညီဖို့ လိုတယ်။ “လက်တစ်ဆုပ်စာ အနားယူရတာဟာ လက်နှစ်ဆုပ်စာ တပင်တပန်း လုပ်ဆောင်ပြီး လေကိုဖမ်းဆုပ်ဖို့ အားထုတ်နေတာထက် ပိုကောင်းတယ်” ဆိုပြီး ဒေသနာ ၄:၆ မှာ ပြောတယ်။
ဟန်ချက်ညီတဲ့ဘဝနဲ့ နေထိုင်တာဟာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာစေတယ်။ ဒါပေမဲ့ အရှိန်လျှော့ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ ဖြစ်နိုင်ပါတယ်။ အကြံပြုချက်လေးခုကို သုံးသပ်ကြည့်ပါ–
၁ တန်ဖိုးထားရာတွေ၊ ပန်းတိုင်တွေကို သိအောင်လုပ်ခြင်း
ဘယ်သူမဆို ငွေကြေး ဖူဖူလုံလုံ ရှိချင်ကြတယ်။ ဒါပေမဲ့ ငွေဘယ်လောက်ရှိမှ ဖူလုံတယ်လို့ဆိုမလဲ။ အောင်မြင်မှုကို ဘာနဲ့တိုင်းတာသလဲ။ ဝင်ငွေ ဒါမှမဟုတ် ရုပ်ပစ္စည်းပိုင်ဆိုင်မှုတွေနဲ့လား။ တကယ်တော့ အလွန်အကျွံ အနားယူ၊ အပန်းဖြေရင်လည်း စိတ်ဖိစီးမှု တိုးများလာနိုင်တယ်။
“ကျွန်တော်တို့ဇနီးမောင်နှံဟာ ကိုယ့်ဘဝပုံစံကို ပြန်သုံးသပ်ပြီး ရိုးရိုးရှင်းရှင်းနေဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ လက်ရှိအခြေအနေနဲ့ ပန်းတိုင်အသစ်တွေကို ချရေးတယ်။ အရင်က ဆုံးဖြတ်ချက်တွေကြောင့် ဘယ်လိုရလဒ်တွေ ရခဲ့သလဲ၊ ပန်းတိုင်တွေ ပြည့်မီအောင် ဘာလုပ်ဖို့လိုသလဲဆိုတာ ဆွေးနွေးခဲ့ကြတယ်” လို့ တင်မ် ပြောပြတယ်။
၂ မြင်တိုင်း ဝယ်ချင်တဲ့စိတ်ကို ထိန်းပါ
“မျက်စိရဲ့အလိုဆန္ဒ” ကို ထိန်းချုပ်ဖို့ ကျမ်းစာ အကြံပြုတယ်။ (၁ ယောဟန် ၂:၁၅-၁၇) ကြော်ငြာတွေက အဲဒီဆန္ဒတွေကို နှိုးဆွပေးနိုင်တယ်။ အချိန်ပို အလုပ်လုပ်ဖို့၊ အလွန်အကျွံအပန်းဖြေဖို့၊ အကုန်အကျများတဲ့ အပန်းဖြေမှုမှာပါဝင်ဖို့ တွန်းအားပေးနိုင်တယ်။ ကြော်ငြာအားလုံးကိုတော့ ရှောင်လွှဲလို့ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကန့်သတ်နိုင်ပါတယ်။ သင် တကယ်လိုအပ်ရာ ဟုတ်မဟုတ် အသေအချာသုံးသပ်ပါ။
အပေါင်းအသင်းရဲ့ သြဇာကိုလည်း လျှော့မတွက်ပါနဲ့။ ရုပ်ပစ္စည်းနောက် ကောက်ကောက်ပါအောင် လိုက်တဲ့သူ၊ ရုပ်ပစ္စည်းပေါ်မူတည်ပြီး အောင်မြင်မှု တိုင်းတာသူကို ရှောင်ပါ။ ဦးစားထားသင့်ရာကို ဦးစားထားတဲ့ မိတ်ဆွေတွေကိုပဲ ရွေးပေါင်းပါ။ “ဉာဏ်ပညာရှိသူနဲ့ ပေါင်းဖော်ရင် ဉာဏ်ပညာရှိလာမယ်” လို့ ကျမ်းစာပြောတယ်။—ပညာအလိမ္မာ ၁၃:၂၀။
၃ အလုပ်နဲ့ပတ်သက်ပြီး ကန့်သတ်ပါ
သင့်အလုပ်နဲ့ ဦးစားထားရာတွေအကြောင်း အလုပ်ရှင်ကို ပြောပြပါ။ အလုပ်နဲ့ကင်းကွာနေတာကို စိတ်ကသိကအောက် မဖြစ်ပါနဲ့။ “အလုပ်ကိစ္စနဲ့ အိမ်ကိစ္စကို သတ်သတ်
စီ ထားသူတွေ၊ ခွင့်ယူသူတွေဟာ အလုပ်မှာ ကိုယ်မရှိတာနဲ့ ကမ္ဘာကြီး ပျက်မသွားပါဘူး ဆိုတဲ့အချက်ကို တွေ့ရှိခဲ့ကြတယ်” ဆိုပြီး အသက်ရှင်ဖို့ အလုပ်လုပ်ခြင်းဆိုတဲ့ စာအုပ်မှာ ဖော်ပြတယ်။အထက်မှာဖော်ပြခဲ့တဲ့ ဂယ်ရီဟာ ငွေကြေးအဆင်ပြေတဲ့အတွက် အလုပ်ချိန်ကို လျှော့ဖို့ ဆုံးဖြတ်ခဲ့တယ်။ “ဘဝကို ရိုးရိုးရှင်းရှင်းထားဖို့ မိသားစုနဲ့ တိုင်ပင်တယ်။ အဲဒီလိုနေနိုင်အောင် တစ်ဆင့်ချင်း လုပ်ဆောင်တယ်။ အလုပ်ချိန်လျှော့ပေးဖို့ အလုပ်ရှင်ကို တောင်းဆိုတော့ သူ သဘောတူတယ်” ဆိုပြီး ဂယ်ရီ ပြောတယ်။
၄ မိသားစုကို အချိန်ပေးပါ
ဇနီးမောင်နှံတွေဟာ တစ်ဦးကိုတစ်ဦး အချိန်ပေးဖို့လိုတယ်။ သားသမီးတွေကိုလည်း အချိန်ပေးဖို့လိုတယ်။ ဒါကြောင့် အမြဲတမ်း အလုပ်များနေတဲ့ တခြားမိသားစုတွေကို လိုက်မတုပါနဲ့။ “အနားယူအပန်းဖြေဖို့ အချိန်ဖယ်ထားပါ၊ အရေးမကြီးတာတွေကို ဘေးချိတ်ထားလိုက်ပါ” လို့ ဂယ်ရီ အကြံပြုတယ်။
မိသားစုလိုက် အတူရှိနေချိန်မှာ ရုပ်မြင်သံကြား၊ ဖုန်း၊ တခြားကိရိယာတွေကြောင့် နီးလျက်နဲ့ဝေးနေတာမျိုး မဖြစ်ပါစေနဲ့။ တစ်ရက်မှာ တစ်ခါလောက်တော့ ထမင်းလက်ဆုံစားပါ။ ထမင်းစားချိန်မှာ မိသားစုလိုက် စကားပြောဆိုပါ။ မိဘတွေ အဲဒီအတိုင်းလုပ်မယ်ဆိုရင် သားသမီးတွေဟာ ပျော်ရွှင်ကျန်းမာပြီး ကျောင်းမှာလည်း ထူးချွန်လာမယ်။
‘ငါ ဘယ်လိုဘဝမျိုး ပိုင်ဆိုင်ချင်သလဲ၊ မိသားစုအတွက် ငါ ဘာလိုလားသလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။ ပျော်ရွှင်ပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ ဘဝ ပိုင်ဆိုင်ချင်တယ်ဆိုရင် ကျမ်းစာမှာပါတဲ့ အကြံပြုချက်တွေအတိုင်း ဦးစားထားရာတွေကို ချမှတ်ပါ။