မျက်နှာဖုံးအကြောင်းအရာ
ယေရှု တကယ် အသက်ရှင်ခဲ့သလား
ယေရှုဟာ ချမ်းသာကြွယ်ဝသူ မဟုတ်သလို တန်ခိုးအာဏာရှိသူလည်း မဟုတ်ခဲ့ပါဘူး။ သူ့ကိုယ်ပိုင်ဆိုလို့ အိမ်တစ်လုံးတောင် မပိုင်ဆိုင်ခဲ့ဘူး။ ဒါပေမဲ့ သူသွန်သင်ခဲ့တဲ့တရားဟာ လူသန်းပေါင်းများစွာအပေါ် လွှမ်းမိုးနေဆဲပါ။ ဒါဆို ယေရှုခရစ် တကယ်အသက်ရှင်ခဲ့သလား။ ရှေးခေတ်နဲ့ လက်ရှိခေတ်က ပညာရှင်တွေ ဘာပြောသလဲ။
-
မိုက်ကယ်ဂရန့်ဟာ သမိုင်းနဲ့ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်တယ်။ သူ အခုလို ကောက်ချက်ချခဲ့တယ်– “တခြားရှေးဟောင်းသမိုင်းစာပေတွေကို လေ့လာချိန်မှာအသုံးပြုတဲ့ စံချိန်စံညွှန်းမျိုးနဲ့ ဓမ္မသစ်ကျမ်းကို လေ့လာသင့်တယ်။ အဲဒီလိုလေ့လာမယ်ဆိုရင် သမိုင်းဝင် အယူမှားပုဂ္ဂိုလ်များစွာ တကယ်အသက်ရှင်ခဲ့မှန်း သံသယမဝင်ကြသလို ယေရှု တကယ် အသက်ရှင်ခဲ့မှန်းကိုလည်း လုံးဝသံသယဝင်မှာ မဟုတ်ဘူး။”
-
ရုဒေါ့ဖ် ဘုလ်မန်းဟာ ဓမ္မသစ်ကျမ်းဆိုင်ရာ ပါမောက္ခတစ်ဦးဖြစ်တယ်။ သူ အခုလိုပြောခဲ့တယ်– “ယေရှု တကယ်အသက်ရှင်၊ မရှင်ဆိုတာကို သံသယဝင်တာဟာ အခြေအမြစ်မရှိတဲ့အပြင် အဲဒီသံသယ မှားယွင်းကြောင်း သက်သေပြဖို့တောင် မထိုက်တန်ဘူး။ အစောပိုင်း ပါလက်စတိုင်း အသိုင်းအဝိုင်းမှာ ခရစ်ယာန်ဘာသာ စတင်ပေါ်ပေါက်ခဲ့ပြီး ဒါကို ယေရှုအစပြုခဲ့မှန်း စိတ်မနှံ့သူကလွဲလို့ ဘယ်သူမှ သံသယမဝင်ကြဘူး။”
-
ဝီလ်ဒူးရန့်ဟာ သမိုင်းပညာရှင်၊ စာရေးဆရာနဲ့ အတွေးအခေါ်ပညာရှင်ဖြစ်တယ်။ သူ အခုလို ရေးခဲ့တယ်- “သာမန်အရပ်သားတချို့ [ခရစ်ဝင်ကျမ်းရေးသူများ] က ဒီလောက်အထိ ဩဇာကြီးမားပြီး နှစ်သက်ဖွယ် ကိုယ်ရည်ကိုယ်သွေးရှိသူ တစ်ယောက်၊ ဒီလောက်အထိ မြင့်မားတဲ့ ကျင့်ဝတ်စံနှုန်းတစ်ခု၊ ဒီလောက်အထိ ထက်သန်တဲ့ ညီအစ်ကိုအသင်းအပင်းတစ်ခုကို ခေတ်တစ်ခေတ်တည်းမှာ ဖန်တီးနိုင်ခဲ့ကြတယ်ဆိုရင် ဒါဟာ ခရစ်ဝင်ကျမ်းတွေမှာပါတဲ့ အံ့ဖွယ်အမှုတွေထက် ပိုပြီးမယုံနိုင်စရာ ဖြစ်သွားလိမ့်မယ်။”
-
အဲလ်ဘတ် အိုင်းစတိုင်းဟာ ရူပဗေဒပညာရှင်ဖြစ်ပြီး ဂျာမနီနိုင်ငံဖွား ဂျူးလူမျိုးတစ်ယောက် ဖြစ်တယ်။ သူက “ကျွန်တော်ဟာ ဂျူးလူမျိုးပါ။ ဒါပေမဲ့ အဲဒီနာဇရက်မြို့သား [ယေရှု] ရဲ့ သိပ်ကောင်းတဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို တအားသဘောကျတာပဲ” လို့ပြောခဲ့တယ်။ ယေရှုကို သမိုင်းဝင်ပုဂ္ဂိုလ်တစ်ယောက် အဖြစ် လက်ခံသလားလို့ မေးကြည့်တဲ့အခါ “လက်ခံတာပေါ့။ ယေရှုကို တကယ်အသက်ရှင်ခဲ့တဲ့သူအဖြစ် လက်မခံဘဲ ခရစ်ဝင်ကျမ်းတွေကို ဘယ်သူမှ မဖတ်နိုင်ဘူး။ သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးဟာ သူ့ရဲ့စကား အခွန်းတိုင်းမှာ ထင်ဟပ်နေတယ်။ ဒဏ္ဍာရီဆိုရင် အဲဒီလို အသက်ဝင်နေမှာ မဟုတ်ဘူး” လို့ဖြေတယ်။
“ယေရှုကို တကယ်အသက်ရှင်ခဲ့တဲ့သူအဖြစ် လက်မခံဘဲ ခရစ်ဝင်ကျမ်းတွေကို ဘယ်သူ မှ မဖတ်နိုင်ဘူး။”—အဲလ်ဘတ် အိုင်းစတိုင်း
သမိုင်းက ဘာကိုဖော်ပြနေသလဲ
ယေရှုရဲ့ ဘဝနဲ့ အမှုဆောင်လုပ်ငန်းအကြောင်း အသေးစိတ် မှတ်တမ်းတင်ထားတဲ့ ကျမ်းစောင်တွေကို ခရစ်ဝင်ကျမ်းတွေလို့ ခေါ်တယ်။ ကျမ်းရေးသူတွေရဲ့ နာမည်ကို အစွဲပြုပြီး မဿဲကျမ်း၊ မာကုကျမ်း၊ လုကာကျမ်းနဲ့ ယောဟန်ကျမ်းလို့ ခေါ်တယ်။ ဒါ့အပြင် ယေရှုအကြောင်းကို ခရစ်ယာန်စာပေမဟုတ်တဲ့ အစောပိုင်းစာပေတချို့မှာလည်း ဖော်ပြထားတယ်။
-
တက်စီတပ်စ်
(အေဒီ ၅၆–၁၂၀ ခန့်) တက်စီတပ်စ်ဟာ ရှေးခေတ် ရောမသမိုင်းပညာရှင်တွေထဲမှာ အကျော်ကြားဆုံးဖြစ်တယ်။ သူ့ရဲ့ ရာဇဝင်ကျမ်းများ (Annals) စာအုပ်တွဲမှာ အေဒီ ၁၄-၆၈ ကြား ရောမအင်ပါယာအကြောင်း မှတ်တမ်းတင်ထားတယ်။ (အေဒီ ၃၃ မှာ ယေရှု သေဆုံးခဲ့တယ်။) အေဒီ ၆၄ မှာဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် ရောမမြို့ အကြီးအကျယ် ပျက်စီးသွားတဲ့အခါ ဧကရာဇ်နီရိုမှာ တာဝန်ရှိတယ်လို့ ကောလဟလသတင်း ထွက်ခဲ့ကြောင်း၊ “နီရိုက ခရစ်ယာန်တွေကို အပြစ်ဖို့ပြီး အဲဒီသတင်းကို ချေဖျက်ဖို့ ကြိုးစားခဲ့ကြောင်း” တက်စီတပ်စ် ရေးသားခဲ့တယ်။ “[ခရစ်ယာန်] ဆိုတဲ့နာမည်ရဲ့ မူလအစဖြစ်သူ ခရစ်တော်ဟာ တိဗေရိမင်း နန်းစံချိန်မှာ ဘုရင်ခံပုန္တိပိလတ်ရဲ့ အမိန့်နဲ့ သေဒဏ်ပေးခံခဲ့ရတယ်” လို့ သူဖော်ပြခဲ့တယ်။—Annals, XV, 44
-
စူတိုနီးယပ်စ်
(အေဒီ ၆၉–၁၂၂ ခန့်) ရောမသမိုင်းပညာရှင် စူတိုနီးယပ်စ်က ပထမရောမဧကရာဇ် ၁၁ ဦးရဲ့ နန်းစံချိန်အတွင်း ဖြစ်ရပ်တွေကို စာအုပ်တစ်အုပ် (Lives of the Caesars) မှာ မှတ်တမ်းတင်ခဲ့တယ်။ ယေရှုကြောင့် ရောမမြို့မှာရှိတဲ့ ဂျူးတွေကြားမှာ အငြင်းပွားပြီး အဓိကရုဏ်းဖြစ်ခဲ့တဲ့အကြောင်း အဲဒီစာအုပ်ထဲက ဧကရာဇ်ကလောဒိရဲ့ အပိုင်းမှာ ဖော်ပြထားတယ်။ (တမန်တော် ၁၈:၂) ဒါ့အပြင် “ခရစ်တပ်စ် [ခရစ်တော်] ရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် ဂျူးတွေ အဆက်မပြတ် နှောင့်ယှက်နေတဲ့အတွက် သူ [ကလောဒိ] က ဂျူးတွေကို ရောမကနေ မောင်းထုတ်လိုက်တယ်” လို့ စူတိုနီးယပ်စ် ရေးခဲ့တယ်။ (The Deified Claudius, XXV, 4) စူတိုနီးယပ်စ်က ယေရှုနဲ့ပတ်သက်ပြီး မှားယွင်းစွာ စွပ်စွဲပေမဲ့ ယေရှု တကယ် အသက်ရှင်ခဲ့မှန်းကိုတော့ သံသယမဝင်ခဲ့ပါဘူး။
-
ပလင်နီအငယ်
(အေဒီ ၆၁–၁၁၃ ခန့်) ဗိသုနိပြည် (ယခု တူရကီနိုင်ငံ) ရဲ့ဘုရင်ခံဖြစ်သူ ရောမစာရေးဆရာ ပလင်နီအငယ်ဟာ အဲဒီပြည်နယ်မှာရှိတဲ့ ခရစ်ယာန်တွေကို ဘယ်လိုအရေးယူခဲ့တဲ့အကြောင်း ရောမဧကရာဇ် ထရေဂျန်ဆီ စာရေးခဲ့တယ်။ သူက ခရစ်ယာန်တွေကို ယုံကြည်ချက်စွန့်လွှတ်ဖို့ ဖိအားပေးပြီး ငြင်းဆန်သူမှန်သမျှကို ကွပ်မျက်ခဲ့တယ်လို့ စာထဲမှာ ဖော်ပြထားတယ်။ “[တိတ္ထိ] ဘုရားတွေဆီ ကျွန်တော် ဆုတောင်းပတ္တနာရွတ်ဆိုတဲ့အခါ လိုက်ရွတ်ဆိုပြီး သခင် [ဧကရာဇ်] ရဲ့ ရုပ်တုရှေ့မှာ နံ့သာပေါင်းနဲ့ ဝိုင်ကို ပူဇော်တဲ့သူ၊ . . . နောက်ဆုံးမှာ ခရစ်တော်ကိုပါ ကျိန်ဆဲတဲ့သူ . . . လွတ်မြောက်စေဆိုပြီး ကျွန်တော် စီရင်ချက်ချခဲ့တယ်” လို့ ရှင်းပြထားတယ်။—Pliny—Letters, Book X, XCVI
-
ဖလေးဗီးယပ်စ် ဂျိုစီဖတ်စ်
(အေဒီ ၃၇–၁၀၀ ခန့်) သမိုင်းပညာရှင်နဲ့ ဂျူးပုရောဟိတ်ဖြစ်သူ ဂျိုစီဖတ်စ်က နိုင်ငံရေးမှာ ဩဇာအာဏာရှိဆဲဖြစ်တဲ့ ဂျူးပုရောဟိတ်မင်း အန္နတ်နဲ့ပတ်သက်ပြီး အခုလိုပြောခဲ့တယ်– “အန္နတ်က ဂျူးတရားရုံးချုပ်ရဲ့ တရားသူကြီးတွေကို ဆင့်ခေါ်ပြီး ခရစ်တော်လို့ခေါ်တဲ့ ယေရှုရဲ့ညီ ယာကုပ်နဲ့ လူတချို့ကို ခုံရုံးတင်စစ်ဆေးခဲ့တယ်။”—Jewish Antiquities, XX, 200
-
တာလ်မွဒ်ကျမ်း
တာလ်မွဒ်ကျမ်းဟာ ဂျူးရဗ္ဗိစာပေတွေကို အေဒီတတိယရာစုကနေ ဆဋ္ဌမရာစုအတွင်း စုစည်းထားတဲ့ကျမ်းဖြစ်တယ်။ ယေရှုရဲ့ ရန်သူတွေတောင်မှ ယေရှု တကယ်အသက်ရှင်ခဲ့မှန်း အသိအမှတ်ပြုကြောင်း အဲဒီကျမ်းမှာ ဖော်ပြထားတယ်။ “ပသခါပွဲနေ့မှာ နာဇရက်မြို့သား ယေရှု သစ်တိုင်တင်ကွပ်မျက်ခံ ရတယ်” လို့ စာပိုဒ်တစ်ပိုဒ်မှာ ဖော်ပြထားပြီး ဒါဟာ သမိုင်းအထောက်အထားအရ မှန်ကန်ပါတယ်။ (Babylonian Talmud, Sanhedrin 43a, Munich Codex; ယောဟန် ၁၉:၁၄-၁၆ မှာကြည့်ပါ။) နောက်စာပိုဒ်တစ်ပိုဒ်မှာလည်း ယေရှုကိုရည်ညွှန်းပြီး “နာဇရက်မြို့သားလိုမျိုး လူရှေ့သူရှေ့မှာ အရှက်ရစေမယ့် သားတပည့်တစ်ယောက်မှ မပျိုးထောင်မိပါစေနဲ့” လို့ ဖော်ပြထားတယ်။—Babylonian Talmud, Berakoth 17b, footnote, Munich Codex; လုကာ ၁၈:၃၇ မှာကြည့်ပါ။
ကျမ်းစာအထောက်အထား
ယေရှုရဲ့ဘဝနဲ့ အမှုဆောင်လုပ်ငန်းအကြောင်း ခရစ်ဝင်ကျမ်းတွေမှာ အကျယ်တဝင့် မှတ်တမ်းတင်ထားတယ်။ သမိုင်းဆိုင်ရာ ခိုင်လုံတဲ့ အထောက်အထားတွေဖြစ်တဲ့ လူတွေ၊ နေရာတွေ၊ အချိန်တွေနဲ့ပတ်သက်ပြီး အသေးစိတ်ပါမကျန် ဖော်ပြ ထားတယ်။ ဥပမာတစ်ခုကတော့ လုကာ ၃:၁၊ ၂ မှာပါတဲ့ မှတ်တမ်းဖြစ်တယ်။ ယေရှုမတိုင်ခင် ပေါ်ထွန်းခဲ့တဲ့ နှစ်ခြင်းဆရာယောဟန်ရဲ့ လုပ်ငန်းစတင်ချိန်အတိအကျကို သတ်မှတ်နိုင်ဖို့ အဲဒီမှတ်တမ်းက ကူညီပေးတယ်။
“ကဲသာ တိဗေရိ နန်းစံတစ်ဆယ့်ငါးနှစ်တွင် ပုန္တိပိလတ်သည် ယုဒပြည်၏ဘုရင်ခံ၊ ဟေရုဒ်သည် ဂါလိလဲနယ်စားမင်း၊ ဟေရုဒ်၏ညီတော် ဖိလိပ္ပုသည် ဣတုရဲနှင့် တရာခေါနိတ် နယ်စားမင်း၊ လုသာနိသည် အဘိလင်နယ်စားမင်းတို့ ဖြစ်ကြ၏။ ယဇ်ပုရောဟိတ်ကြီး အန္နတ်နှင့် ယဇ်ပုရောဟိတ်မင်း ကယာဖတို့လက်ထက်တွင် ဘုရားသခင်၏ မိန့်ဆိုချက်သည် တောအရပ်၌ရှိသော ဇာခရိ၏သား ယောဟန်ထံ ရောက်လာ၏” ဆိုပြီး လုကာရေးခဲ့တယ်။ ဒီအသေးစိတ်မှတ်တမ်းအရ ယောဟန်ဆီ “ဘုရားသခင်၏မိန့်ဆိုချက်” ရောက်လာချိန်ဟာ အေဒီ ၂၉ ဖြစ်တယ်လို့ သတ်မှတ်နိုင်ပါတယ်။
လုကာဖော်ပြခဲ့တဲ့ ထင်ရှားသူ ခုနှစ်ဦးစလုံးကို သမိုင်းပညာရှင်များ သိကြပါတယ်။ ပုန္တိပိလတ်နဲ့ လုသာနိဟာ တကယ် *
အသက်ရှင်ခဲ့သူတွေ ဟုတ်ရဲ့လားဆိုပြီး ဝေဖန်ရေးသမားတချို့ အချိန်အတော်ကြာ သံသယဝင်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ သံသယဝင်တာ စောသွားတယ်။ ရှေးဟောင်းစာမူတွေမှာ အဲဒီအရာရှိနှစ်ဦးရဲ့ နာမည်ကို ရှာဖွေတွေ့ရှိသွားတဲ့အတွက် လုကာရဲ့မှတ်တမ်း တိကျမှန်ကန်ကြောင်း အထောက်အထားပေါ်သွားတယ်။ဘာကြောင့်အရေးကြီးတာလဲ
ယေရှု တကယ်အသက်ရှင်ခဲ့သလားဆိုတဲ့ မေးခွန်းဟာ အရေးကြီးပါတယ်။ အကြောင်းကတော့ သူသွန်သင်ခဲ့တဲ့ တရားတွေဟာ သိပ်အရေးကြီးလို့ပါ။ ဥပမာ၊ လူတွေကို ကျေနပ်ပျော်ရွှင်တဲ့ဘဝနဲ့ အသက်ရှင်နိုင်တဲ့နည်း သူသင်ပေးခဲ့တယ်။ * ဒါ့အပြင် “ဘုရားသခင့်နိုင်ငံတော်” လို့ခေါ်တဲ့ ကမ္ဘာ့အစိုးရတစ်ခုတည်းရဲ့ လက်အောက်မှာ လူသားအားလုံး စည်းလုံးကြမယ့်အချိန်၊ စစ်မှန်တဲ့ ငြိမ်းချမ်းမှုနဲ့လုံခြုံမှု ခံစားရမယ့် အချိန် ရောက်လာမယ့်အကြောင်း သူ ကတိပေးခဲ့တယ်။—လုကာ ၄:၄၃။
အဲဒီကမ္ဘာ့အစိုးရဟာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို မြေတစ်ပြင်လုံးမှာ ထင်ရှားစေမှာဖြစ်လို့ “ဘုရားသခင့်နိုင်ငံတော်” ဆိုတဲ့ နာမည်ဟာ တကယ်ပဲ သင့်လျော်ပါတယ်။ (ဗျာဒိတ် ၁၁:၁၅) “ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့အဖ၊ . . . နိုင်ငံတော် လာပါစေ။ အလိုတော်သည် . . . မြေကြီးပေါ်၌လည်း ပြည့်စုံပါစေ” ဆိုပြီး စံပြဆုတောင်းချက်မှာ ပြောလိုက်တဲ့ ယေရှုရဲ့စကားက အဲဒီအချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။ (မဿဲ ၆:၉၊ ၁၀) ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်မှုဟာ လူသားထုအပေါ် ဘယ်လိုအကျိုးသက်ရောက်မလဲ။ အချက်တချို့ကို သုံးသပ်ကြည့်ပါ–
-
နိုင်ငံအချင်းချင်း ဖြစ်ပွားတဲ့ စစ်ပွဲတွေ၊ ပြည်တွင်းစစ်တွေ ရှိတော့မှာမဟုတ်ဘူး။—ဆာလံ ၄၆:၈-၁၁။
-
လောဘ၊ အကျင့်ပျက်ခြစားမှု အပါအဝင် မတရားမှုတွေ၊ ဘုရားတရားမဲ့သူတွေ လုံးဝရှိတော့မှာ မဟုတ်ဘူး။—ဆာလံ ၃၇:၁၀၊ ၁၁။
-
ဘုရားသခင့်နိုင်ငံတော်ကို လက်အောက်ခံသူတွေဟာ အဓိပ္ပာယ်ရှိပြီး အကျိုးလည်းရှိတဲ့ အလုပ်တွေ လုပ်ရလိမ့်မယ်။—ဟေရှာယ ၆၅:၂၁၊ ၂၂။
-
ကမ္ဘာမြေဟာ ယိုယွင်းပျက်စီးနေတဲ့ လက်ရှိအခြေအနေကနေ လွတ်မြောက်ပြီး ကောက်ပဲသီးနှံ ပေါကြွယ်ဝလာမယ်။—ဆာလံ ၇၂:၁၆; ဟေရှာယ ၁၁:၉။
အဲဒီကတိတွေဟာ စိတ်ကူးယဉ်သက်သက်ပါလို့ လူတချို့ ယူဆမိနိုင်တယ်။ တကယ်တော့ ဒီလိုဖြစ်လာဖို့ လူတွေကို အားကိုးတာကသာ စိတ်ကူးယဉ်ရာကျတယ် မဟုတ်လား။ ဒီအချက်တွေကို စဉ်းစားကြည့်ပါ– ပညာရေး၊ သိပ္ပံနဲ့ နည်းပညာပိုင်းမှာ ထူးခြားတဲ့ တိုးတက်မှုတွေ ရှိတာမှန်ပေမဲ့ လူသန်းပေါင်းများစွာဟာ လုံခြုံမှုမခံစားရဘဲ အနာဂတ်အတွက် စိုးရိမ်နေရတယ်။ လောဘ၊ အကျင့်ပျက်ခြစားမှုအပြင် စီးပွားရေး၊ နိုင်ငံရေးနဲ့ ဘာသာရေး ဖိနှိပ်မှုတွေကို နေ့စဉ်မြင်တွေ့နေရတယ်။ မှန်ပါတယ်၊ လူ့အုပ်ချုပ်မှုဟာ အောင်မြင်မှုမရနိုင်မှန်း ဒီအဖြစ်မှန်တွေက ဖော်ပြနေတယ်။—ဒေသနာ ၈:၉။
ယေရှု တကယ်အသက်ရှင်ခဲ့သလားဆိုတဲ့ မေးခွန်းဟာ စဉ်းစားထိုက်တဲ့ မေးခွန်းပါ။ * ဘာကြောင့်လဲဆိုတော့ “ဘုရားသခင်၏ ကတိတော်သည် မည်မျှပင်များပါစေ ခရစ်တော်အားဖြင့် အဟုတ်အမှန် ဖြစ်လာကြ၏” ဆိုပြီး ၂ ကောရိန္သု ၁:၁၉၊ ၂၀ မှာ ဖော်ပြထားလို့ပါပဲ။
^ စာပိုဒ်၊ 23 လုသာနိလို့ခေါ်တဲ့ “နယ်စားမင်း” တစ်ယောက်ရဲ့နာမည်ကို ရှေးဟောင်းစာမူတစ်ခုမှာ တွေ့ရှိခဲ့တယ်။ (လုကာ ၃:၁) အဘိလင်နယ်ကို သူအုပ်ချုပ်ချိန်ကလည်း လုကာဖော်ပြတဲ့အချိန်နဲ့ တစ်ထပ်တည်းကျနေတယ်။
^ စာပိုဒ်၊ 25 ယေရှုရဲ့ သိပ်ကောင်းတဲ့ တရားအကြောင်းကို မဿဲကျမ်း အခန်းကြီး ၅-၇ မှာ ဖော်ပြထားပြီး အဲဒါကို တောင်ပေါ်ဒေသနာလို့ ခေါ်တယ်။
^ စာပိုဒ်၊ 32 ယေရှုနဲ့ သူ့သွန်သင်ချက်အကြောင်း ထပ်သိချင်တယ်ဆိုရင် www.mt1130.com/mya မှာဝင်ကြည့်ပါ။ (ဒီခေါင်းစဉ်အောက်မှာကြည့်ပါ– သမ္မာကျမ်းစာ သွန်သင်ချက်များ > သမ္မာကျမ်းစာမေးခွန်းတွေရဲ့ အဖြေ။)