မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရင်သွေးငယ်များ လိုအပ်ရာနှင့် လိုချင်ရာ

ရင်သွေးငယ်များ လိုအပ်ရာနှင့် လိုချင်ရာ

ရင်သွေးငယ်များ လိုအပ်ရာနှင့် လိုချင်ရာ

မွေးကင်းစ ကလေးငယ်ကို မွေးဖွားချိန်မှစ၍ ညင်သာစွာ ပွတ်သပ်ပေးခြင်းနှင့် အသားချင်းထိကပ်ပေးမှုအပါအဝင် ကြင်နာယုယပေးဖို့လို၏။ မီးဖွားပြီးသည်နှင့် ဦးဆုံး ၁၂ နာရီအတွင်းအချိန်သည် အလွန်အရေးကြီး၏ဟု ဆရာဝန်အချို့ ယူဆကြသည်။ မွေးဖွားပြီးပြီးချင်း မိခင်နှင့်ရင်သွေးငယ်တို့၏ လိုအပ်ရာနှင့် လိုချင်ရာမှာ “စားဖို့၊ အိပ်ဖို့မဟုတ်ဘဲ ပွတ်သပ်ပွေ့ပိုက်ကာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်၍ တစ်ဦး၏အသံ တစ်ဦးနားစွင့်နေခြင်းဖြစ်သည်” ဟုသူတို့ဆိုကြသည်။ *

မိဘများသည် သဘာဝအလျောက် သူတို့၏ရင်သွေးငယ်ကို ညင်သာစွာပွေ့ပိုက်၍ ပွတ်သပ်ပေးကာ ရင်ခွင်ထဲအပ်ထားတတ်ကြသည်။ တစ်ဖန် ရင်သွေးငယ်ကလည်း မိဘများကို သံယောဇဉ်တွယ်လာပြီး မိဘ၏ဂရုစိုက်မှုကို တုံ့ပြန်တတ်လာသည်။ ဤသံယောဇဉ်နှောင်ကြိုး၏ စွမ်းအားသည် အလွန်ကြီးမားလှသဖြင့် မိဘများက မမောနိုင်မပန်းနိုင် အနစ်နာခံ၍ သူလေးကို စောင့်ရှောက်ပြုစုပေးလေတော့သည်။

အခြားတစ်ဖက်တွင်မူ မိဘ၏မေတ္တာနှောင်ကြိုး ရစ်ပတ်မခံရလျှင် ရင်သွေးငယ်လေးသည် အားနည်းနွမ်းလျလာကာ သေဆုံးသွားနိုင်သည်။ ထို့ကြောင့် မီးဖွားပြီးသည်နှင့် ကလေးငယ်ကို မိခင်ထံအပ်ပေးရန် အရေးကြီးသည်ဟု ဆရာဝန်အချို့က ယူဆကြ၏။ မီးဖွားပြီးပြီးချင်း မိဘနှင့် ရင်သွေးငယ်၏ ဦးဆုံးထိတွေ့မှုသည် အနည်းဆုံးမိနစ် ၃၀ မှ ၆၀ ရှိသင့်သည်ဟု သူတို့အကြံပြုကြသည်။

သံယောဇဉ်နှောင်ကြိုးရှိဖို့ အလေးပေးပြောကြသော်လည်း ဆေးရုံအချို့တွင် စောစောထိတွေ့ခွင့် မပေးကြချေ။ တစ်ခါတစ်ရံ မွေးကင်းစကလေးအား ရောဂါကူးစက်မည်ကို စိုးရိမ်သောကြောင့် မိခင်နှင့် သီးသန့်ခွဲထားတတ်ကြသည်။ သို့သော် သာဓကအချို့အရ မွေးကင်းစကလေးသည် မိခင်နှင့်အတူထားလျှင် သေစေနိုင်သောရောဂါကူးစက်မှုနှုန်း အမှန်ပင်လျော့နည်းသွားနိုင်ကြောင်း သိရှိရသည်။ ထို့ကြောင့် မိခင်နှင့် မွေးကင်းစကလေးတို့ကို အချိန်ကြာကြာ စောစောထိတွေ့ခွင့်ပေးသည့်ဆေးရုံ များသည်ထက်များလာလေပြီ။

သံယောဇဉ်နှောင်ကြိုးနှင့်ပတ်သက်ပြီး စိုးရိမ်မှု

မိခင်အချို့သည် သူတို့၏ရင်သွေးငယ်ကို မြင်မြင်ချင်း သံယောဇဉ်မရှိကြချေ။ သို့ဖြစ်၍ ရင်သွေးငယ်အပေါ် ‘သံယောဇဉ် ရှိနိုင်ပါ့မလား’ ဟုသူတို့စဉ်းစားလာကြ၏။ မိခင်ယောက်တိုင်းတော့ သူတို့၏ကလေးကို မြင်မြင်ချင်း မချစ်ကြသည်ကို ဝန်ခံရပေမည်။ သို့သော် စိုးရိမ်စရာမလိုပေ။

မိခင်သည် ကလေးငယ်ကို ချက်ချင်းမေတ္တာမရှိလျှင်ပင် နောက်ပိုင်းတွင် အပြည့်အဝချစ်လာပေလိမ့်မည်။ အတွေ့အကြုံရှိမိခင်တစ်ဦးက “ဘယ်လိုမွေးဖွားမှုအခြေအနေက သင့်ရင်သွေးငယ်နဲ့ ဆက်ဆံရေးကောင်းမယ်၊ မကောင်းဘူးလို့ သတ်မှတ်ချက်မရှိဘူး” ဟုပြောပြ၏။ မည်သို့ပင်ဖြစ်ပါစေ၊ သင်သည် ကိုယ်ဝန်ဆောင်၍ စိုးရိမ်ပူပန်နေပါက သားဖွားဆရာဝန်နှင့် ကြိုတင်ဆွေးနွေးထားလျှင် ကောင်းပေမည်။ သင်၏မွေးကင်းစကလေးနှင့် မည်သည့်အချိန်နှင့် မည်မျှကြာကြာ ထိတွေ့ဆက်သွယ်လိုကြောင်း သင်၏ဆန္ဒကို ရှင်းလင်းစွာပြောပြပါ။

“ကျွန်တော့်ကို စကားပြောပါဦး!”

နို့စို့ကလေးများသည် သတ်သတ်မှတ်မှတ် လှုံ့ဆော်မှုကို အထူးသိမြင်နားလည်သည့် အချိန်အခါများရှိပုံရ၏။ အတန်ကြာသော် ထိုအချိန်အခါများ ပျောက်ဆုံးသွားတတ်၏။ ဥပမာ၊ နုနယ်သောဦးနှောက်လေးသည် ဘာသာစကားတစ်ခု၊ ထို့ထက်မကကိုပင် အလွယ်တကူ သင်ယူနိုင်စွမ်းရှိ၏။ သို့သော် ဘာသာစကား အသင်ယူနိုင်ဆုံး အချိန်ကာလသည် အသက်ငါးနှစ်ခန့်တွင် အဆုံးတိုင်စပြုပုံရှိသည်။

ကလေးတစ်ဦးသည် အသက် ၁၂ နှစ်မှ ၁၄ နှစ်ရောက်ပြီးနောက် ဘာသာစကားတစ်ခုကို သင်ယူခြင်းသည် ခက်ခဲသောစိန်ခေါ်ချက်ဖြစ်နိုင်၏။ ကလေးဦးနှောက်နှင့်အာရုံကြောဆိုင်ရာပါရဂူ ပီတာ ဟတ်တန်လောချာ၏အဆိုအရ ထိုအသက်အရွယ်တွင် “ဘာသာစကားသင်ယူနိုင်သည့် ဦးနှောက်အကန့်များရှိ နဗ်ကြောဆက်၏သိပ်သည်းမှုနှင့် အရေအတွက် လျော့နည်းသွားချိန်ဖြစ်သည်။” ထင်ရှားသည်မှာ ဘဝ၏ပထမဦးဆုံးနှစ်အနည်းငယ်သည် ဘာသာစကားသင်ယူရန် ထက်မြက်သောအချိန်ဖြစ်သည်!

နို့စို့ကလေးများ၏သိမြင်မှု တိုးတက်သည့်အရွယ်တစ်လျှောက် အလွန်အရေးပါသည့် စကားပြောဆိုနိုင်စွမ်းကို မည်သို့ရရှိလာသနည်း။ အဓိကမှာ မိဘများနှင့် စကားအပြန်အလှန် ပြောဆိုခြင်းအားဖြင့်ဖြစ်သည်။ နို့စို့ကလေးများသည် အထူးသဖြင့် လူတို့၏လှုံ့ဆော်မှုကို တုံ့ပြန်တတ်ကြသည်။ “ရင်သွေးငယ်သည် . . . မိခင်၏အသံကို အတုခိုးတတ်သည်” ဟုမက်ဆာချူးဆက် စက်မှုလက်မှုသိပ္ပံကျောင်းမှ ဘယ်ရီ အာရွန်က ဆို၏။ သို့သော် စိတ်ဝင်စားစရာမှာ ကလေးငယ်များသည် အသံအားလုံးကို အတုမခိုးကြချေ။ အာရွန်၏အဆိုအရ ရင်သွေးငယ်သည် “မိခင်စကားပြောဆိုစဉ် တစ်ပြိုင်တည်းမြည်နေသော ပုခက်လွှဲသံကို ထည့်မမှတ်ချေ။”

ယဉ်ကျေးမှုနောက်ခံအမျိုးမျိုးရှိကြသော မိဘများသည် သူတို့၏ကလေးငယ်များကို အချို့ခေါ်ကြသည့် “ချော့မြူသံ” တစ်ပုံစံတည်းဖြင့် ပြောဆိုတတ်ကြသည်။ မိဘက မေတ္တာဖြင့်ပြောဆိုသောအခါ နို့စို့ကလေး၏နှလုံးခုန်နှုန်း မြန်လာလေသည်။ ဤသို့ပြောဆိုခြင်းသည် စကားလုံးများနှင့် ဆိုလိုသည့်အရာများကို အလျင်အမြန်ဆက်သွယ်ပေးစေသည်ဟု ယူဆကြ၏။ စကားတစ်လုံးမျှမပြောတတ်ဘဲနှင့် နို့စို့ကလေးက “ကျွန်တော့်ကို စကားပြောပါဦး!” ဟုတောင်းဆိုနေ၏။

“ကျွန်တော့်ကို လာကြည့်ပါဦး!”

နို့စို့ကလေးသည် ပထမတစ်နှစ်၊ နှစ်နှစ်အတွင်း သူ့ကို ပြုစုပေးသူ၊ အများအားဖြင့် မိခင်ကို သံယောဇဉ်တွယ်လာတတ်ကြောင်း တွေ့ရှိရ၏။ သံယောဇဉ်နှောင်ကြိုး ရစ်ပတ်ထားခြင်းခံရသော ကလေးငယ်သည် မိဘသံယောဇဉ်၏လုံခြုံမှုကို မခံစားရသောကလေးငယ်များထက် သူတစ်ပါးနှင့် ပို၍ဖော်ရွေပျူငှာစွာ ဆက်ဆံတတ်သည်။ ကလေးအသက် သုံးနှစ်အရွယ်ရောက်ချိန်တွင် မိခင်နှင့် ဤသို့သောသံယောဇဉ် ရှိဖို့လိုသည်ဟု ယူဆကြ၏။

ပြင်ပလွှမ်းမိုးမှုကိုခံရဖို့ အလွန်လွယ်ကူသည့် ဤအရေးကြီးချိန်အတွင်း နို့စို့ကလေးကို ဥပေက္ခာပြုထားလျှင် မည်သို့ဖြစ်သွားမည်နည်း။ မိခင် ၂၆၇ ဦးနှင့် သူတို့၏သားသမီးများကို အနှစ် ၂၀ ကျော်အထိ လေ့လာခဲ့သော မာသာ ဖရယ်လ် အဲရစ်ကဆန်က သူ၏ ဤထင်မြင်ချက်ကို တင်ပြခဲ့သည်– “ကလေးကို ဥပေက္ခာပြုခြင်းက သူတစ်ပါးနှင့်ပေါင်းသင်းလိုစိတ် သို့မဟုတ် လောကကိုစူးစမ်းလိုစိတ် ကုန်ခန်းသွားသည့်အထိ ကလေး၏စိတ်ဓာတ်ကို တဖြည်းဖြည်းနှင့် မှန်မှန်လှိုက်စားသွားစေ၏။”

တက္ကဆက်ကလေးဆေးရုံမှ ဒေါက်တာဘရုစ် ပယ်ရီက စိတ်ပိုင်းဆိုင်ရာလျစ်လျူရှုခြင်း၏ ကြီးလေးသောအကျိုးဆက်များနှင့်ပတ်သက်၍ သူ၏ရှုမြင်ချက်ကို ကြိုးစားရှင်းပြရာတွင် ဤသို့ဆိုသည်– “၆ လသားအရွယ် ကလေးကိုယူပြီး သူ့အရိုးအားလုံးကို ရိုက်ချိုးတာနဲ့ နှစ်လအထိ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကို လျစ်လျူရှုဖို့ ကျွန်တော့်ကို ရွေးခိုင်းရင် ကလေးရဲ့အရိုးတွေကို ရိုက်ချိုးတာက သူ့အတွက် ပိုကောင်းလိမ့်မယ်။” အဘယ်ကြောင့်နည်း။ ပယ်ရီ၏ရှုမြင်ချက်ကား “အရိုးတွေက ပြန်ဆက်သွားနိုင်တယ်၊ ဒါပေမဲ့ နို့စို့ကလေးဟာ အရေးပါတဲ့ဦးနှောက်လှုံ့ဆော်မှုကို နှစ်လလောက် မရလိုက်ရင် သူ့ဦးနှောက်ဟာ ဘယ်တော့မှ ပုံမှန်ဖြစ်လာတော့မှာမဟုတ်ဘူး။” ဤသို့ယိုယွင်းသွားခြင်းကို ပြုပြင်၍မရဟု လူတိုင်းသဘောတူကြမည်မဟုတ်ချေ။ သို့တိုင် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုရှိစေသည့်ဝန်းကျင်က ကလေးငယ်၏စိတ်ဓာတ်ရေးအတွက် အရေးကြီးသည်ဟု သိပ္ပံလေ့လာချက်များက ဖော်ပြ၏။

“အချုပ်ဆိုရသော်၊ [ကလေးငယ်များသည်] ချစ်ခင်ဖို့နှင့် အချစ်ခံရဖို့ အသင့်ရှိနေကြ၏” ဟုနို့စို့ကလေးများစာအုပ်က ဆိုသည်။ နို့စို့ကလေးတစ်ဦးငိုသည့်အခါ မကြာခဏဆိုသလို “ကျွန်တော့်ကိုလာကြည့်ပါဦး!” ဟုမိဘအား တောင်းပန်နေခြင်းဖြစ်၏။ မိဘများက ကြင်နာစွာဂရုစိုက်ပေးဖို့ အရေးကြီးသည်။ ဤကဲ့သို့သော အပြန်အလှန်တုံ့ပြန်မှုများအားဖြင့် ကလေးငယ်သည် သူ၏လိုအပ်ရာများကို အခြားသူများအား အသိပေးနိုင်ကြောင်း သိရှိလာ၏။ ဤနည်းဖြင့် သူသည် သူတစ်ပါးနှင့် ပေါင်းသင်းဆက်ဆံတတ်လာလိမ့်မည်။

‘ကလေးငယ်ကို အလိုလိုက်ရာမကျဘူးလား’

‘ကလေးငိုတိုင်း တစ်ခုခုလုပ်ပေးရင် သူ့ကို အလိုလိုက်ရာမကျဘူးလား’ ဟုသင်မေးမည်။ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ဤမေးခွန်းနှင့်ပတ်သက်၍ ထင်မြင်ချက်အမျိုးမျိုးရှိကြ၏။ ကလေးတစ်ဦးနှင့်တစ်ဦး မတူကြသောကြောင့် မည်သို့ပြုလုပ်လျှင် အကောင်းဆုံးဖြစ်သည်ကို မိဘများကိုယ်တိုင် ဆုံးဖြတ်ကြရမည်။ သို့သော် မကြာသေးမီကပြုလုပ်ခဲ့သော သုတေသနပြုချက်အရ မွေးကင်းစကလေးသည် ဆာလောင်သည့်အခါ၊ သက်သောင့်သက်သာမရှိသည့်အခါ၊ ဝမ်းနည်းသည့်အခါ သူ၏ဒဏ်အားတုံ့ပြန်မှုစနစ်မှ ဒဏ်အားဟော်မုန်းများ ထွက်လာ၏။ ကလေးသည် မအီမသာဖြစ်နေကြောင်းကို ငိုကြွေးခြင်းအားဖြင့် ဖော်ပြသည်။ ရင်သွေးငယ်၏လိုအပ်ရာများကို မိဘက ဖြည့်ဆည်းပေးသောအခါ ကလေးသည် သူ့ကိုယ်သူကျေနပ်စေဖို့ ကူညီပေးသည့် ဦးနှောက်ဆဲလ်ကွန်ရက်များကို လူကြီးက စ၍ဖန်တီးပေးသည်ဟုဆို၏။ ဒေါက်တာမီဂန် ဂန်နာ၏အဆိုအရ ချက်ချင်းဂရုစိုက်ခံရသော ကလေးငယ်သည် ဒဏ်အားဟော်မုန်းကော်တီဇုန်း အနည်းငယ်သာထွက်၏ဟူသည်။ ထို့ပြင် ထိုကလေးသည် ဝမ်းနည်းလာလျှင် ဒဏ်အားတုံ့ပြန်မှုကို ကလေးသည် ပို၍စောစော ရပ်တန့်ပစ်လိုက်၏။

အဲရစ်ကဆန်က ဤသို့ဆိုသည်– “အထူးသဖြင့် ကလေး၏အသက်တာ ပထမ ၆ လမှ ၈ လအတွင်း မြန်မြန်ဆန်ဆန်နှင့်အမြဲတမ်း တုံ့ပြန်ပြုစုခံခဲ့ရသည့် ကလေးငယ်များသည် ပြုစုမခံခဲ့ရသည့် ကလေးငယ်များလောက် မငိုကြချေ။” နည်းအမျိုးမျိုးဖြင့် တုံ့ပြန်ပြုစုပေးဖို့လည်း အရေးကြီးသည်။ ကလေးငိုတိုင်း နို့တိုက်မည်၊ သို့မဟုတ် ပွေ့ပိုက်လိုက်မည်စသည်ဖြင့် တစ်ပုံစံတည်းတုံ့ပြန်မည်ဆိုလျှင် ကလေးသည် အမှန်ပင် အကျင့်ပျက်သွားနိုင်သည်။ တစ်ခါတစ်ရံ ကလေးငိုနေသည်ကို သင်၏အသံနှင့် အသိအမှတ်ပြုပေးလိုက်ခြင်းဖြင့်သာ လုံလောက်ပေမည်။ သို့မဟုတ် ကလေး၏နားအနီးကပ်၍ ညင်သာစွာ စကားပြောဆိုပေးခြင်းသည်လည်း အကျိုးရှိပေမည်။ ကလေး၏ကျောကုန်း သို့မဟုတ် ဗိုက်ကို ပွတ်သပ်ပေးခြင်းဖြင့်လည်း အငိုတိတ်သွားစေနိုင်သည်။

“ငိုတာက ကလေးအလုပ်ပဲ” ဟု အရှေ့တိုင်းနိုင်ငံများတွင် ဆိုရိုးစကားရှိ၏။ ကလေးငိုခြင်းသည် သူလိုချင်ရာများကို တောင်းဆိုရန် အဓိကဆက်သွယ်မှုဖြစ်သည်။ တစ်စုံတစ်ရာကို သင်တောင်းဆိုတိုင်း ဥပေက္ခာပြုခံရလျှင် မည်သို့ခံစားရမည်နည်း။ သို့ဖြစ်လျှင် ဂရုစိုက်ပြုစုပေးသူမရှိဘဲ အကူအညီမဲ့ဖြစ်နေရသော သင်၏ကလေးငယ်သည် ဂရုစိုက်ပြုစုခံလိုတိုင်း ဥပေက္ခာပြုခံရလျှင် မည်သို့ခံစားရမည်နည်း။ သို့သော် မည်သူသည် ကလေးငယ်ငိုကြွေးခြင်းကို တုံ့ပြန်၍ ဂရုစိုက်ပြုစုပေးသင့်သနည်း။

ကလေးငယ်ကို မည်သူ ဂရုစိုက်ပြုစုပေးရမည်နည်း

ယူနိုက်တက်စတိတ်တွင် မကြာသေးမီက ကောက်ယူခဲ့သော သန်းခေါင်စာရင်းအရ မွေးပြီးချိန်မှ တတိယတန်းရောက်ရှိနေသော ကလေး ၅၄ ရာခိုင်နှုန်းသည် မိဘများ၏ပြုစုမှုကို မခံခဲ့ရဘဲ တခြားသူများက တစ်နည်းနည်းဖြင့် ကြည့်ရှုပေးခဲ့ကြသည်ဟု ဖော်ပြ၏။ မိသားစုများစွာသည် စားဝတ်နေရေးဖူလုံရန် မိဘနှစ်ပါးစလုံး ဝင်ငွေရှာဖို့လိုပေမည်။ ထို့ပြင် မွေးကင်းစကလေးကို ရက်သတ္တပတ် သို့မဟုတ် လအနည်းငယ် ကြည့်ရှုပြုစုပေးရန် မိခင်များစွာသည် မီးဖွားခွင့်ယူတတ်ကြသည်။ သို့သော် ၎င်းနောက်ပိုင်းတွင် ကလေးငယ်ကို မည်သူပြုစုကြည့်ရှုပေးမည်နည်း။

ဤသို့သောဆုံးဖြတ်ချက်များကို သတ်မှတ်ပေးသည့် တရားသေစည်းမျဉ်းများ မရှိသည်မှာမှန်၏။ သို့သော် ကလေးငယ်ဘဝ၏ ဤအရေးကြီးချိန်အတွင်း နုနယ်သေးသည်ကို သတိရလျှင်ကောင်း၏။ မိဘနှစ်ပါးစလုံးသည် ဤကိစ္စကို အလေးအနက်ထား ဆင်ခြင်သုံးသပ်ဖို့လိုသည်။ အဘယ်အရာပြုလုပ်မည်ကို သူတို့ဆုံးဖြတ်သည့်အခါ အသေအချာရွေးချယ်ချင့်ချိန်ပြုလုပ်ရမည်။

“ကျွန်ုပ်တို့၏သားသမီးများကို ပြုစုပျိုးထောင်ပေးရန် အကောင်းဆုံးကလေးစောင့်ရှောက်ရေးဌာနများပင်လျှင် မိခင်နှင့်ဖခင်တို့ထံမှ ရင်သွေးငယ်များ ရရှိဖို့လိုအပ်သည့်အချိန်နှင့် အစားထိုး၍မရနိုင်ကြောင်း ပိုမိုသိရှိလာကြပြီ” ဟုအမေရိကန်ကလေးရောဂါလေ့လာရေးအဖွဲ့မှ ဒေါက်တာဂျိုးဇက် ဇင်းဂါးက ဆိုသည်။ နေ့ကလေးထိန်းကျောင်းရှိ နို့စို့ကလေးများသည် သူတို့လိုအပ်သလောက် ကလေးထိန်းနှင့် အပြန်အလှန်ဆက်သွယ်မှုမရရှိကြသည်ကို ပညာရှင်အချို့က စိုးရိမ်ပူပန်နေကြသည်။

မိမိတို့ရင်သွေးလေးမှာ အရေးကြီးသော လိုအပ်ရာများရှိကြောင်းကို သတိပြုမိကြသော အလုပ်အကိုင်ရှိ မိခင်အချို့သည် ကလေး၏စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကို အခြားသူများအား တာဝန်ယူစေမည့်အစား အလုပ်ထွက်ပြီး အိမ်တွင်နေဖို့ ဆုံးဖြတ်ခဲ့ကြသည်။ အမျိုးသမီးတစ်ဦးက ဤသို့ပြောပြသည်– “အမှန်အတိုင်းပြောရရင် ကျွန်မအခုလုပ်တဲ့အလုပ်လောက် တခြားဘယ်အလုပ်ကမှ စိတ်ကျေနပ်မှုမပေးနိုင်ပါဘူး။” မှန်ပါသည်၊ စီးပွားရေးအခက်အခဲကြောင့် မိခင်အားလုံး ဤသို့ရွေးချယ်ခွင့်မရကြချေ။ မိဘများစွာသည် ရင်သွေးငယ်လေးများကို နေ့ကလေးထိန်းကျောင်းများသို့ မလွှဲသာ၍ ပို့နေရသည့်အတွက် ကလေးနှင့်အတူရှိချိန်တွင် ဂရုစိုက်ပြီး ချစ်ခင်ကြင်နာမှုပြဖို့ ပိုမိုကြိုးစားကြသည်။ ထိုနည်းတူစွာ၊ အလုပ်အကိုင်ရှိကြသော ကြင်ဖော်မဲ့မိဘများစွာသည်လည်း ယင်းနှင့်ပတ်သက်၍ ရွေးချယ်စရာမရှိသောကြောင့် ရင်သွေးငယ်များကို အထူးကြိုးစားပြုစုပျိုးထောင်ကြရာ အောင်မြင်မှုရရှိနေကြသည်။

မိဘဝတ်သည် ပျော်ရွှင်စရာအလုပ်တစ်ခုဖြစ်နိုင်ပြီး စိတ်လှုပ်ရှားစရာလည်း အလွန်ကောင်း၏။ သို့တိုင် ယင်းသည် ခက်ခဲပြီး ပင်ပန်းသည့်အလုပ်တစ်ခုဖြစ်သည်။ သင်သည် မည်သို့အောင်မြင်နိုင်မည်နည်း။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 နိုးလော့! ၏ ဤအခန်းဆက်ဆောင်းပါးများတွင် လေးစားခံရသော ကလေးစောင့်ရှောက်ရေးပညာရှင်များ၏ ထင်မြင်ချက်များကို ဖော်ပြထားသည်၊ ဤတွေ့ရှိချက်များသည် မိဘများအတွက် အကျိုးရှိပြီး သိသင့်ရာများဖြစ်ပေလိမ့်မည်။ သို့တိုင် ဤထင်မြင်ချက်များသည် နိုးလော့! က လုံးလုံးလျားလျား စွဲကိုင်ထောက်ခံသော ကျမ်းစာစံနှုန်းများနှင့်မတူဘဲ အချိန်ကုန်လွန်လာသည်နှင့်အမျှ ပြောင်းလဲမှု၊ ပြုပြင်မှုရှိနိုင်၏။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

တေမိ ရင်သွေးငယ်များ

မငိုမပြုံးသောကလေးငယ်အရေအတွက် တိုးများလာနေ ပြီဟု ဂျပန်နိုင်ငံမှ ဆရာဝန်အချို့က ဆိုကြသည်။ ကလေး အထူးကုဆရာဝန် ဆာတိုရှီ ယာနာဂီဆာဝါက သူတို့ကို တေမိရင်သွေးငယ်များဟု ခေါ်ဆို၏။ ဤရင်သွေးငယ်များသည် သူတို့၏စိတ်လှုပ်ရှားမှုများကို အဘယ်ကြောင့်မဖော်ပြကြ သနည်း။ သူတို့လေးများသည် မိဘနှင့်ဆက်သွယ်မှုမရရှိကြသောကြောင့် ထိုသို့သောအခြေအနေမျိုးသို့ ရောက်ရကြ၏ဟု ဆရာဝန်တချို့က ယူဆသည်။ ယင်းကို အကူအညီမဲ့ဖြစ်စေသောအခြေအနေဟု ခေါ်ဆိုသည်။ ဆက်သွယ်ဖို့လိုအပ်လာသည့်အခါ အမြဲပင်ဥပေက္ခာပြုခံနေရလျှင် သို့မဟုတ် တစ်မျိုးနားလည်ခံနေရလျှင် နို့စို့ကလေးများသည် နောက်ဆုံးတွင် လက်လျှော့လိုက်ကြသည်ဟု သီအိုရီတစ်ခုက အဆိုပြု၏။

ရင်သွေးငယ်တစ်ဦးကို အခန့်သင့်အချိန်တွင် သင့်လျော်သောလှုံ့ဆော်မှုမပေးလျှင် စာနာမှုရှိစေသည့် သူ၏ ဦးနှောက်အပိုင်းသည် မဖွံ့ဖြိုးလာတော့ဟူ၍ တက္ကဆက် ကလေးဆေးရုံမှ စိတ်ဝေဒနာကုဆရာဝန်ကြီး ဒေါက်တာ ဘရုစ်ပယ်ရီက ပြောပြသည်။ စိတ်ပိုင်းဆိုင်ရာ လွန်စွာ ဥပေက္ခာပြုခံရလျှင် စာနာတတ်စိတ် လုံးဝပျောက်ကွယ်သွားပေမည်။ အချို့သောအဖြစ်အပျက်များတွင် ယစ်မျိုးအလွဲသုံးခြင်းနှင့် မြီးကောင်ပေါက်အကြမ်းဖက်ခြင်း တို့သည် ငယ်စဉ်ဘဝက ဤသို့သောတွေ့ ကြုံမှုများနှင့် ဆက်နွှယ်နိုင်သည်ဟု ဒေါက်တာပယ်ရီက ယူဆ၏။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

မိဘနှင့်ရင်သွေးငယ် ဆက်သွယ်မှု ပြုလာသည်နှင့်အမျှ သူတို့စပ်ကြား သံယောဇဉ်နှောင်ကြိုး ပိုခိုင်မြဲလာ