မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တိရစ္ဆာန်များနှင့် ထာဝရ ကြည်နူးဖွယ်

တိရစ္ဆာန်များနှင့် ထာဝရ ကြည်နူးဖွယ်

တိရစ္ဆာန်များနှင့် ထာဝရ ကြည်နူးဖွယ်

တိရစ္ဆာန်အမျိုးပေါင်းများစွာရှိ၍ တစ်မျိုးစီ၌ ကွဲပြားသည့် စရိုက်နှင့် ကြန်အင်လက္ခဏာများရှိနေကြပုံပင်! ၎င်းတို့ကို ချစ်ခြင်းနှင့် သနားကြင်နာခြင်းက ၎င်းတို့ကိုဖန်ဆင်းသောအရှင်ထံ ချဉ်းကပ်စေသည့် အကြောင်းရင်းတစ်ခု ဖြစ်နိုင်သည်။ မာရီယာ၏ဖြစ်ရပ်က နမူနာဖြစ်သည်။

မာရီယာသည် လွန်ခဲ့သောသုံးနှစ်ခန့်က ပေါ်တူဂီ နိုင်ငံ၊ လစ္စဘွန်းမြို့တွင်နေထိုင်စဉ် သူမြတ်နိုးသည့်ခွေး ပျောက်သွား၍ ရေဒီယိုတွင် ကြေညာခဲ့သည်။ ဖော်ပြသည့်အမျိုးအစားနှင့်ကိုက်ညီသော ခွေးတစ်ကောင်ကို တွေ့ခဲ့သူ သက်သေခံတစ်ဦးက မာရီယာကို ဆက်သွယ်ခဲ့သည်။ နှစ်ဦးဆုံ၍ ခွေးကို ရှာတွေ့သည့်အခါ သက်သေခံက မာရီယာသည် တိရစ္ဆာန်များကိုချစ်သောကြောင့် ဘုရားသခင်ကတိပြုထားသည့် ကမ္ဘာသစ်တွင် နေထိုင်ရာတွင် အမှန်ပင်ပျော်မွေ့လိမ့်မည်ဟု ပြောပြသည်။ ထိုအခါ လူတို့သည် တိရစ္ဆာန်အားလုံးနှင့် ငြိမ်းချမ်းစွာနေရမည်ဟု သက်သေခံက ရှင်းပြခဲ့သည်။

သက်သေခံများ၏စည်းဝေးကို တက်ရောက်ရန် ဖိတ်ခေါ်ချက်ကို မာရီယာ လက်ခံလိုက်သည်။ ထိုတွင် သူကြားရ၊ မြင်ရသည်တို့ကြောင့် ကိုယ်တိုင်ကျမ်းစာသင်လိုသည့်အထိ သူ အလွန်စိတ်ဝင်စားသွားလေသည်။ သင်အံမှုဆက်ပြုလုပ်သည်နှင့်အမျှ မာရီယာသည် သူသိရှိလာသော ယေဟောဝါဘုရားသခင်အကြောင်း၊ ဖြောင့်မတ်ခြင်းတရားတည်ရာ ကမ္ဘာသစ်တွင် မြေကြီးပေါ် ထာဝစဉ်အသက်ရှင်ခြင်း ကတိတော်အကြောင်းတို့ကြောင့် အကြီးအကျယ်စိတ်လှုပ်ရှားသွားသည်။ (ဆာလံ ၃၇:၂၉; ယောဟန် ၁၇:၃) ဤသို့ဖြင့် ၂၀၀၂၊ ဖေဖော်ဝါရီ ၁၆ ရက်တွင် ယေဟောဝါထံဆက်ကပ်အပ်နှံမှု အထိမ်းအမှတ်အဖြစ် ရေနှစ်ခြင်းခံလိုက်လေသည်။

ဘုရားသခင့် မူလရည်ရွယ်ချက်

လူသားများအား ပရဒိသုမြေကြီးပေါ်တွင် ထာဝစဉ်နေထိုင်စေပြီး ကမ္ဘာပေါ်ရှိ တိရစ္ဆာန်အားလုံးကို စောင့်ရှောက်စေမည့် ဘုရားသခင့်မူလရည်ရွယ်ချက်သည် နောက်ဆုံးတွင် ပြည့်စုံလာမည်ဖြစ်ကြောင်း အထင်အရှားသိလာကြသောကြောင့် လူများစွာသည် မာရီယာကဲ့သို့ပင် ဘဝင်လှိုက်ဖိုခဲ့ရသည်။ (ကမ္ဘာဦး ၁:၂၈) ဘုရားသခင်သည် “[မြေကြီးကို] အချည်းနှီးဖန်ဆင်းသည်မဟုတ်၊ သတ္တဝါနေစရာဖို့ ဖန်ဆင်းတော်မူ” သည်ဟု သမ္မာကျမ်းစာကဆို၏။ လူသားများသည် ကမ္ဘာမြေပေါ်တွင် တိရစ္ဆာန်များနှင့်အတူ ထာဝစဉ်နေထိုင်ခွင့်ရမည်မှာ အထင်အရှားဖြစ်သည်။—⁠ဟေရှာယ ၄၅:⁠၁၈

ပရဒိသုမြေကြီးဖြစ်လာရန် ဘုရားသခင့်မူလရည်ရွယ်ချက် အကောင်အထည်ဖော်ဖို့ ကိုယ်တော် သန္နိဋ္ဌာန်ချထားသည်ကို သမ္မာကျမ်းစာတွင် ထပ်၍အလေးအနက်ဖော်ပြသည်။ ကိုယ်တော်ဤသို့ကြေညာ၏– “ငါသည် နှုတ်ထွက်အတိုင်းပြုမည်။” တစ်ဖန်ဤသို့မိန့်တော်မူသည်– “ထိုအတူ ငါ၏နှုတ်[မြွက်]စကားသည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်။”—⁠ဟေရှာယ ၄၆:၁၁; ၅၅:⁠၁၁

ဘုရားသခင့်မူလရည်ရွယ်ချက်မှာ လူသားများ ကမ္ဘာ့ပရဒိသုတွင် ထာဝစဉ်နေထိုင်ရန်ဖြစ်ကြောင်း ရှင်းနေပါသည်။ အချိန်တန်သောအခါ ထိုရည်ရွယ်ချက် ပြည့်စုံလာမည်ကို ကျွန်ုပ်တို့ အပြည့်အဝ စိတ်ချနိုင်ပါသည်။ ဘုရားသခင့်ကမ္ဘာသစ်တွင် မည်သို့သော ဘဝမျိုးနှင့်နေရမည်ကို ကျမ်းစာတွင် အရိပ်အမြွက်ဖော်ပြထားသည်ကို ဆန်းစစ်ကြည့်ကြစို့။ သားယဉ်၊ သားရိုင်းတိရစ္ဆာန်အားလုံးသည် အချင်းချင်းသာမက လူသားများနှင့်ပါ ငြိမ်းချမ်းစွာနေထိုင်ကြမည်ကို ကျွန်ုပ်တို့ အမှန်တွေ့မြင်ကြရမည်။—⁠ဟေရှာယ ၆၅:၁၇၊ ၂၁-၂၅; ၂ ပေတရု ၃:⁠၁၃

ဘုရားသခင့်ကမ္ဘာသစ်အတွင်း ချစ်စနိုးအိမ်မွေးတိရစ္ဆာန်များ

ယေဟောဝါ၏ကမ္ဘာသစ်တွင် လူများသည် ခြင်္သေ့၏လည်ဆံမွေးကို ကိုင်တွယ်နိုင်မည်၊ ကျား၏ အစင်းကြောင်းပါသည့်အမွေးအမှင်ကို ပွတ်သပ်နိုင်မည်၊ မည်သည့်တိရစ္ဆာန်မျှ အန္တရာယ်ပြုမည်ကို မစိုးရိမ်ရဘဲ တောထဲတွင် အိပ်စက်နိုင်ကြမည်ဖြစ်သည်။ ဘုရားသခင့် ဤကတိတော်ကို သတိပြုပါ– “သူတို့နှင့် ငြိမ်သက်ခြင်းပဋိညာဉ်ကို ငါဖွဲ့၍ ဆိုးသောသားရဲတို့ကို ထိုပြည်၌ပယ်ဖြတ်မည်။ သူ[လူ]တို့သည် လွင်ပြင်၌ ငြိမ်ဝပ်စွာနေ၍ တော၌အိပ်ပျော်ကြလိမ့်မည်။”—⁠ယေဇကျေလ ၃၄:၂၅; ဟောရှေ ၂:⁠၁၈

အမှန်ဆိုသော် ထိုအချိန်၌ သားရိုင်းတိရစ္ဆာန်များသည် ကလေးသူငယ်များ၏ စကားကိုပင် နားထောင်ကြလိမ့်မည်! ကျမ်းစာ၌ဤသို့ဆို၏– “တောခွေးသည် သိုးသငယ်နှင့်အတူနေလိမ့်မည်။ ကျားသစ်သည် ဆိတ်သငယ်နှင့်အတူအိပ်လိမ့်မည်။ နွားသငယ်၊ ခြင်္သေ့သငယ်၊ ဆူအောင်ကျွေးသောအကောင်တို့သည် အတူသွားလာကြ၍ လူသူငယ်သည် သူတို့ကိုပို့ဆောင်လိမ့်မည်။”

ထိုမျှနှင့် မပြီးသေးပါ! ကျမ်းစာက ဆက်၍ဆိုသည်မှာ “နွားမနှင့်ဝံမသည် အတူကျက်စား၍ သူတို့သားငယ်များသည် အတူအိပ်ကြလိမ့်မည်။ ခြင်္သေ့သည်လည်း နွားကဲ့သို့ မြက်ကိုစားလိမ့်မည်။ နို့စို့သူငယ်သည်လည်း မြွေဆိုးတွင်းပေါ်မှာ ကစားလိမ့်မည်။ နို့ကွာသောသူငယ်သည်လည်း မြွေဟောက်တွင်းဝ၌ မိမိလက်ကိုသွင်းလိမ့်မည်။ ငါ၏သန့်ရှင်းသောတောင်တစ်ပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြ။ အကြောင်းမူကား ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့ မြေကြီးသည် ထာဝရဘုရား[သခင်]ကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။”—⁠ဟေရှာယ ၁၁:၆-၉

မြို့ကြီးများ၌ ကျပ်ကျပ်သိပ်သိပ်နေရ၍ လူများနှင့် ၎င်းတို့၏တိရစ္ဆာန်များအတွက် နေရာထိုင်ခင်းမသာသည့် ပြဿနာများ ယေဟောဝါ၏ကမ္ဘာသစ်တွင် ရှိတော့မည်မဟုတ်ချေ။ ယနေ့အချိန်၌ပင် လူများစွာသည် သူတို့၏တိရစ္ဆာန်များနှင့် ပျော်ရွှင်နေကြကာ ၎င်းတို့အပေါ် ထားရှိသည့်သဘောထားနှင့် ဂရုစိုက်စောင့်ရှောက်ခြင်းတွင် မျှတမှုရှိကြသည်မှာ မှန်ပါသည်။ သို့သော် ဖြောင့်မတ်ခြင်းတရားတည်ရာ ကမ္ဘာသစ်တွင် ချစ်စနိုးအိမ်မွေးတိရစ္ဆာန်များနှင့်အတူ ထာဝစဉ်ပျော်မွေ့ခွင့်ရမည့် အံ့ချီးဖွယ်အလားအလာကို စိတ်ကူးကြည့်လိုက်ပါ! ၎င်းတို့အပေါ် မေတ္တာပါပါစောင့်ရှောက်ခြင်းက သက်ရှိအားလုံး၏ မဟာဖန်ဆင်းရှင်ကို ဧကန်ဂုဏ်တင်ရာ ရောက်ပါလိမ့်မည်။

တိရစ္ဆာန်ချစ်သူ မာရီယာကဲ့သို့ပင် မကြာသေးမီကမှ သိရှိခဲ့သည့် ဘုရားသခင့် အံ့ဖွယ်ရည်ရွယ်ချက်များအကြောင်း သင်မသိသေးပါက ဤမဂ္ဂဇင်းထုတ်ဝေသူများထံ သို့မဟုတ် သင်ပိုမိုသိရှိရန် ကူညီပေးမည့် ယေဟောဝါသက်သေတစ်ဦးထံ ဆက်သွယ်ရန် လှိုက်လှဲစွာ ဖိတ်ခေါ်ပါသည်။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ဘုရားသခင့်ကမ္ဘာသစ်တွင် တိရစ္ဆာန်များနှင့် ထာဝစဉ် ပျော်မွေ့ကြရမည်