မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အိမ်ထောင်ရေးကို မြင့်မြတ်ရာအဖြစ် အဘယ့်ကြောင့် ရှုမြင်တော်မူ

အိမ်ထောင်ရေးကို မြင့်မြတ်ရာအဖြစ် အဘယ့်ကြောင့် ရှုမြင်တော်မူ

သမ္မာကျမ်းစာရှုထောင့်

အိမ်ထောင်ရေးကို မြင့်မြတ်ရာအဖြစ် အဘယ့်ကြောင့် ရှုမြင်တော်မူ

ယနေ့ လူများစွာသည် အိမ်ထောင်ရေးကို မြင့်မြတ်ရာအဖြစ် ယုံကြည်ကြောင်း ဆိုကြပေမည်။ သို့ဖြစ်လျှင် အိမ်ထောင်များစွာသည် အဘယ်ကြောင့် ကွာရှင်းပြတ်စဲမှုဖြင့် ဇာတ်သိမ်းနေရသနည်း။ အချို့အတွက်မူ အိမ်ထောင်ရေးဟူသည် ချစ်စိတ်မွှန်၍ပေးလိုက်သည့် ကတိတစ်ခု၊ တရားဥပဒေအရ နှစ်ဦးသဘောတူညီမှုတစ်ခုမျှသာဖြစ်သည်ဟု ရှုမြင်ကြသည်။ သို့သော် ပေးထားသည့်ကတိများကို ဖောက်ဖျက်နိုင်သည်ဟု သူတို့ယူဆကြသည်။ အိမ်ထောင်ပြုခြင်းကို ယင်းသို့ရှုမြင်ကြသူများသည် သူတို့မျှော်လင့်သလို ဖြစ်မလာသည့်အခါ အိမ်ထောင်ရေးကို လွယ်လွယ်နှင့် အဆုံးသတ်လိုက်ကြသည်။

ဘုရားသခင်သည် အိမ်ထောင်အစီအစဉ်ကို မည်သို့ရှုမြင်တော်မူသနည်း။ ကိုယ်တော်၏နှုတ်မြွက်စကားတော် သမ္မာကျမ်းစာမှ ဟေဗြဲ ၁၃:၄၊ [သမ္မာ] တွင် အဖြေရှာတွေ့နိုင်သည်– “ခပ်သိမ်းသောသူတို့၌ မင်္ဂလာဆောင်ခြင်းအမှုသည် အသရေရှိသည်ဟု မှတ်စေလော့။” ‘အသရေရှိသည်’ ဟုပြန်ဆိုထားသော ဂရိစကားလုံးသည် အဖိုးထိုက်ပြီး အထူးကြည်ညိုလေးစားထိုက်သောအရာဟူ၍ အဓိပ္ပာယ်ရှိသည်။ တစ်စုံတစ်ခုကို ကျွန်ုပ်တို့တန်ဖိုးထားသည့်အခါ ယင်းကို မပျောက်မပျက်စေရန် ဂရုတစိုက် ထိန်းသိမ်းတတ်ကြ၏၊ မတော်တဆပျောက်ပျက်သွားခြင်းမျိုးပင် မဖြစ်စေလိုပါ။ အိမ်ထောင်ရေးအစီအစဉ်တွင်လည်း ထိုနည်းအတိုင်း ဖြစ်သင့်သည်။ ခရစ်ယာန်များသည် အိမ်ထောင်ရေးအစီအစဉ်ကို ဂုဏ်သရေရှိသည့်အရာ—မိမိတို့ကာကွယ်ထိန်းသိမ်းလိုသည့် အဖိုးတန်အရာအဖြစ် ရှုမြင်ကြရမည်။

ရှင်းနေသည်မှာ ယေဟောဝါဘုရားသခင်သည် ခင်ပွန်းနှင့် ဇနီးတို့စပ်ကြား မြင့်မြတ်သည့်အစီအစဉ်တစ်ခုအဖြစ် အိမ်ထောင်ရေးကို အစပြုပေးတော်မူခဲ့သည်။ ကျွန်ုပ်တို့သည် အိမ်ထောင်ရေးကို ကိုယ်တော်ကဲ့သို့ရှုမြင်ကြောင်း မည်သို့တင်ပြနိုင်ကြသနည်း။

မေတ္တာနှင့် ရိုသေလေးစားမှု

အိမ်ထောင်ရေးကို တန်ဖိုးထားလေးစားမှုရှိရန် အိမ်ထောင်ဖက်အချင်းချင်း တန်ဖိုးထားလေးစားဖို့လိုသည်။ (ရောမ ၁၂:၁၀) ပထမရာစုခရစ်ယာန်များကို တမန်တော်ပေါလု ဤသို့ရေးခဲ့၏– “သို့ရာတွင် သင်တို့သည် အသီးအသီး ကိုယ်ကိုကိုယ်ချစ်သကဲ့သို့ ကိုယ်ခင်ပွန်းကို ချစ်ကြလော့။ မိန်းမသည်လည်း ကိုယ်ခင်ပွန်းကို ရိုသေခြင်းရှိစေလော့။”—ဧဖက် ၅:၃၃

မှန်ပါသည်၊ တစ်ခါတစ်ရံ အိမ်ထောင်ဖက်တစ်ဦးသည် အလွန်ချစ်ခင်၊ လေးစားဖွယ်ဖြစ်အောင် မပြုမိဘဲရှိနိုင်သည်။ သို့တိုင် ခရစ်ယာန်များသည် အဆိုပါမေတ္တာနှင့် လေးစားမှုကို တင်ပြကြရမည်။ ပေါလုက ဤသို့ရေးသားခဲ့၏– “တစ်ယောက်၌တစ်ယောက် အပြစ်တင်စရာအခွင့်ရှိလျှင် အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ ခရစ်တော်သည် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ ထိုနည်းတူပြုကြလော့။”—ကောလောသဲ ၃:၁၃

အချိန်နှင့် ဂရုစိုက်မှု

မိမိတို့၏အိမ်ထောင်ရေးကို မြင့်မြတ်ရာအဖြစ်ရှုမြင်ကြသည့် မောင်နှံစုံများသည် တစ်ဖက်သား၏ကာယရေးနှင့် စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို အချိန်ပေးဖြည့်စွက်ကြ၏။ ပုံမှန်အခြေအနေများတွင် အိမ်ထောင်သည်တို့ တစ်ယောက်ကိုတစ်ယောက် ပေးကြသောအချိန်နှင့် ဂရုစိုက်မှုပမာဏသည် မိမိတို့၏အိမ်ထောင်ရေး မည်မျှမြင့်မြတ်ကြောင်း သူတို့သဘောထားကို တိုင်းတာသည့်ပေတံဖြစ်သည်။

ကိုယ်လက်နှီးနှောခြင်းကိစ္စတွင်လည်း ထိုနည်းထပ်တူပင်ဖြစ်သည်။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “ယောက်ျားသည် ဆက်ဆံခြင်းဝတ်ကို မိမိမယားအား ပြုစေလော့။ ထိုနည်းတူ၊ မိန်းမသည်လည်း ဆက်ဆံခြင်းဝတ်ကို မိမိလင်အား ပြုစေလော့။” (၁ ကောရိန္သု ၇:⁠၃) သို့ရာတွင် မောင်နှံစုံအချို့က ပို၍ဝင်ငွေကောင်းသည့်အလုပ်အတွက် လင်ယောက်ျားဖြစ်သူ တစ်ရပ်တစ်ကျေးသို့ ခေတ္တရွှေ့ပြောင်းနေထိုင်ရန်လိုသည်ဟု ယူဆကြ၏။ ဤသို့ခွဲနေခြင်းသည် တစ်ခါတစ်ရံ မထင်မှတ်ဘဲ ကြာညောင်းသွားနိုင်သည်။ ဤသို့ခွဲနေခြင်းက အိမ်ထောင်ရေးကို အခြေအနေတင်းမာစေရာ တစ်ခါတစ်ရံ သူ့သားအိမ်ရာပြစ်မှားခြင်းနှင့် ကွာရှင်းခြင်းဆီသို့ ဦးတည်သွားစေသည်။ (၁ ကောရိန္သု ၇:၂၊ ၅) ထိုအကြောင်းကြောင့် ခရစ်ယာန်မောင်နှံစုံများစွာသည် မြင့်မြတ်ရာအဖြစ်သဘောထားသည့် မိမိတို့၏အိမ်ထောင်ကို ဘေးဖြစ်စေမည့်အစား ငွေကြေးရပေါက်ရလမ်းများကို စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ပြဿနာများ ပေါ်ပေါက်လာသော်

မိမိတို့၏အိမ်ထောင်ကို တန်ဖိုးထားလေးမြတ်သည့် ခရစ်ယာန်မောင်နှံစုံတို့သည် အခက်အခဲများ ပေါ်ပေါက်လာသော် အလျင်စလို ခွဲနေခြင်း သို့မဟုတ် ကွာရှင်းခြင်းတို့ မပြုလုပ်ကြပေ။ (မာလခိ ၂:၁၆; ၁ ကောရိန္သု ၇:၁၀၊ ၁၁) ယေရှု ဤသို့မိန့်ဆိုခဲ့သည်– “မှားယွင်းခြင်းအကြောင်းမှတစ်ပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့်ကွာသောသူသည် မိမိမယားကို မှားယွင်းစေ၏။ ကွာသောမိန်းမနှင့် စုံဖက်ခြင်းကို ပြုသောသူသည်လည်း သူ့မယားကိုပြစ်မှား၏။” (မဿဲ ၅:၃၂) မောင်နှံတစ်စုံသည် ကျမ်းစာအကြောင်းပြချက်မရှိဘဲ ကွာရှင်းမည် သို့မဟုတ် ခွဲနေမည်ဆိုလျှင် အိမ်ထောင်ရေးကို ရှုတ်ချရာရောက်သည်။

အိမ်ထောင်ရေးအပေါ် ကျွန်ုပ်တို့၏ရှုမြင်ပုံကို ကြီးလေးသည့် အိမ်ထောင်ရေးပြဿနာရှိနေသူတို့အား ကျွန်ုပ်တို့ပေးသည့် အကြံဉာဏ်ဖြင့်လည်း တင်ပြသည်။ ကျွန်ုပ်တို့သည် ခွဲနေရန် သို့မဟုတ် ကွာရှင်းပြတ်စဲရန် အဆောတလျင် ထောက်ခံပါသလော။ ရိုက်ပုတ်နှိပ်စက်ခြင်း သို့မဟုတ် တမင်တကာ မထောက်ပံ့ခြင်းကဲ့သို့သော ခွဲနေရန် ခိုင်လုံသည့်အကြောင်းပြချက်များ ရှိနိုင်ပါသည်။ * အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း သမ္မာကျမ်းစာက အိမ်ထောင်ဖက်တစ်ဦး ဖောက်ပြန်သည့်အခါမှသာ ကွာရှင်းခွင့်ပြုထား၏။ သို့တိုင် ခရစ်ယာန်များသည် ထိုသို့သောအခြေအနေများတွင် သူတစ်ထူး၏ဆုံးဖြတ်ချက်အပေါ် ဩဇာမလွှမ်းမိုးသင့်ပါ။ အမှန်မှာ ဆုံးဖြတ်ချက်၏အကျိုးဆက်များကို ခါးစည်းခံစားရမည့်သူမှာ အကြံဉာဏ်ပေးသူမဟုတ်ဘဲ အိမ်ထောင်ရေးပြဿနာရှိသည့် ကာယကံရှင်သာဖြစ်သည်။—ဂလာတိ ၆:၅၊ ၇

ခပ်ပေါ့ပေါ့ သဘောထားကိုရှောင်

အချို့ဒေသများတွင် တိုင်းတစ်ပါး၌ တရားဝင်နေထိုင်ခွင့်ရရန် အိမ်ထောင်ပြုခြင်းကို အသုံးချသည်မှာ သာမန်ကိစ္စဖြစ်လာသည်။ အနှီနိုင်ငံသားတစ်ဦးကို လက်ထပ်ရန် သဘောတူညီချက်မှာ များသောအားဖြင့် ငွေကြေးဖြင့်အလဲအလှယ်လုပ်ခြင်း ဖြစ်လေ့ရှိသည်။ ထိုမောင်နှံစုံတို့သည် လက်ထပ်ထားကြသော်လည်း သီးခြားအိမ်တွင် ခွဲနေကြပြီး ရင်းနှီးသည့်ဆက်ဆံရေးမရှိသည့်အထိပင် ဖြစ်ကောင်းဖြစ်ပေမည်။ မိမိတို့အလိုကျ တရားဝင်နေထိုင်ခွင့်ရရှိပြီးနောက် မကြာမီတွင် ကွာရှင်းပြတ်စဲလိုက်ကြသည်။ သူတို့သည် မိမိတို့၏အိမ်ထောင်ရေးကို စီးပွားရေး သဘောတူညီချက်တစ်ခုအဖြစ်သာ ရှုမြင်ကြသည်။

ယင်းသို့သော ခပ်ပေါ့ပေါ့သဘောထားမျိုးကို သမ္မာကျမ်းစာက မထောက်ခံပါ။ သူတို့၏စိတ်ထား မည်သို့ပင်ဖြစ်ပါစေ အနှီပုဂ္ဂိုလ်တို့သည် ဘုရားသခင်က ရာသက်ပန်ဟုသဘောထားသည့် မြင့်မြတ်သည့်အစီအစဉ်တွင် ပါဝင်ပြီးသားဖြစ်သွား၏။ ဤသို့သဘောတူညီမှု ရယူထားသူနှစ်ဦးသည် လင်ယောက်ျားနှင့် ဇနီးအဖြစ် ပေါင်းစည်းထားပြီးဖြစ်ရာ တရားဝင်ကွာရှင်းရန် ကျမ်းစာဆိုင်ရာအခြေခံအချက် မရှိဘဲ နောက်အိမ်ထောင်ပြုခွင့်မရှိပါ။—မဿဲ ၁၉:၅၊ ၆၊ ၉

အခြား ကြိုးစားအားထုတ်ရကျိုးနပ်သည့် အရာကဲ့သို့ပင် အောင်မြင်သည့်အိမ်ထောင်ဟူသည် အားစိုက်ထုတ်ခြင်း၊ ဇွဲလုံ့လရှိခြင်းတို့ လိုအပ်သည်။ အိမ်ထောင်၏မြင့်မြတ်မှုကို တန်ဖိုးမထားသူတို့မှာ အိမ်ထောင်ရေးကို လွယ်လွယ်နှင့် အဆုံးသတ်ရန် ဆုံးဖြတ်တတ်ကြသည်။ သို့မဟုတ် သူတို့သည် မသာယာသောအိမ်ထောင်ရေးတွင် ကြိတ်မှိတ်နေသွားရနိုင်သည်။ အခြားတစ်ဖက်တွင်မူ အိမ်ထောင်၏မြင့်မြတ်မှုကို အသိအမှတ်ပြုသူတို့မှာ ဘုရားသခင်သည် မိမိတို့အား အတူပေါင်းသင်းနေထိုင်ရန် မျှော်လင့်ထားကြောင်း သိရှိကြသည်။ (ကမ္ဘာဦး ၂:၂၄) မိမိတို့အိမ်ထောင်ရေးတွင် စည်းစည်းလုံးလုံးလုပ်ဆောင်ခြင်းဖြင့် ကိုယ်တော်အား အိမ်ထောင်စီမံပေးရှင်အဖြစ် ဂုဏ်တင်ရာရောက်ကြောင်းကိုလည်း သူတို့ သိထားကြသည်။ (၁ ကောရိန္သု ၁၀:၃၁) ဤသို့ရှုမြင်ခြင်းက မိမိတို့အိမ်ထောင်ရေးကို အောင်မြင်စေရန် အားစိုက်လုပ်ဆောင်ကြဖို့ သူတို့အား တိုက်တွန်း လှုံ့ဆော်ပေးပါသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 14 ၁၉၈၉၊ နိုဝင်ဘာ ၁၊ ကင်းမျှော်စင် စာမျက်နှာ ၁၄-၁၅ ကိုရှု။