ဒီလူဟာ ငါနဲ့သင့်တော်ပါ့မလား
လူငယ်များအမေး . . .
ဒီလူဟာ ငါနဲ့သင့်တော်ပါ့မလား
အချိန်ခဏယူ၍ အောက်ပါမေးခွန်းများကို ဖြေဆိုပါ–
သင်၏အိမ်ထောင်ဖက်လောင်းတစ်ဦးတွင် မည်သည့်အရည်အချင်းများ မရှိမဖြစ်လိုအပ်သည်ဟု သင် လောလောဆယ်ရှုမြင်သနည်း။ အောက်တွင်ဖော်ပြထားသည့်စာရင်းတွင် အရေးပါဆုံးဟု သင်ယူဆသည့် အရည်အချင်းလေးခုဘေးတွင် ✔ မှတ်သားပေးပါ။
․․․․․ ချောမောလှပ–ဝိညာဉ်ရေးကောင်း
․․․․․ ဖော်ရွေ–ယုံကြည်စိတ်ချရ
․․․․․ ရေပန်းစား–ကိုယ်ကျင့်တရားကောင်း
․․․․․ ပျော်ပျော်နေတတ်–ပန်းတိုင်ရှိသူ
သင်ငယ်ရွယ်စဉ်က တစ်ဦးတစ်ယောက်ကို အရူးအမူးစွဲလမ်းခဲ့ဖူးသလော။ ထိုအချိန်က ထိုသူနှင့်ပတ်သက်၍ သင်အနှစ်သက်ဆုံးဖြစ်ခဲ့သည့် အရည်အသွေးတစ်ခုကို အထက်ပါစာရင်းများထဲမှ တစ်ခု၏ဘေးတွင် X မှတ်သားပြပါ။
အထက်ပါ အရည်အသွေးများအားလုံး ကောင်းပါသည်။ ယင်းတို့တစ်ခုစီသည် နှစ်သက်စရာဖြစ်၏။ သို့သော် သင်သည် တစ်စုံတစ်ဦးကို အရူးအမူးစွဲလမ်းနေသောအခါ ဘယ်ဘက်ကော်လံတွင်ပါသည့် အပြင်ပန်းအသွင်အပြင်များကိုသာ အာရုံစိုက်လေ့ရှိကြောင်း သဘောမတူပေလော။
သို့သော် သင်သည် ရင့်ကျက်လာသည်နှင့်အမျှ ညာဘက်ကော်လံတွင်ပါရှိသည့် ပိုအရေးပါသောအရည်အသွေးများကို ဆန်းစစ်ရန် ပိုင်းခြားသိမြင်နိုင်စွမ်းကို စတင်အသုံးပြုပေမည်။ ဥပမာ၊ အနီးဝန်းကျင်ရှိ ဆွဲဆောင်မှုအရှိဆုံး မိန်းကလေးတစ်ဦးသည် ယုံကြည်စိတ်ချ၍မရသူ ဖြစ်နေပေမည်။ သို့မဟုတ် အတန်းထဲတွင် ရေပန်းအစားဆုံးယောက်ျားလေးတစ်ဦးသည် ကိုယ်ကျင့်တရားမကောင်းသူ ဖြစ်နေပေမည်။ သင်သည် လိင်စိတ်ပြင်းပြစအချိန်ဖြစ်သည့် “လူငယ့်အပွင့်လန်းဆုံးအရွယ်ကျော်လွန်” ပြီဆိုလျှင် ဒီလူဟာ ငါနဲ့သင့်တော်ပါ့မလား ဟူသည့် မေးခွန်းကိုဖြေရန် အပြင်ပန်းထူးခြားချက်ကို ကျော်လွန်၍ကြည့်ပေမည်။—၁ ကောရိန္သု ၇:၃၆၊ ကဘ။
မည်သူမဆို သင့်တော်မည်လော
အချိန်ကာလတစ်ခုအတွင်း ဆန့်ကျင်ဘက်လိင်ရှင်အချို့ကို သင် မျက်စိကျနေပေမည်။ သို့သော် သူတို့တစ်ဦးမျှ သင်နှင့်သင့်တော်မည်မဟုတ်ပေ။ အမှန်ဆိုလျှင် သင်သည် တစ်ဦးကိုတစ်ဦး အပြန်အလှန်အားပေးထောက်မနိုင်မည့် ထာဝရအဖော်တစ်ဦးကို အလိုရှိပေမည်။ (မဿဲ ၁၉:၄-၆) မည်သူသည် ထိုသို့သောသူဖြစ်နိုင်သနည်း။ ထိုမေးခွန်းကို သင်မဖြေဆိုမီ သင့်ကိုယ်သင် ‘မှန်၌ကြည့်’ ၍ ရိုးသားစွာ ဝေဖန်ဆန်းစစ်ဖို့လိုသည်။—ယာကုပ် ၁:၂၃-၂၅။
သင့်အကြောင်းသင် ပိုမိုသိရှိရန် အောက်ပါမေးခွန်းများကို ဖြေဆိုပါ–
ကျွန်ုပ်၏ အားသာချက်များကား အဘယ်နည်း။
․․․․․
ကျွန်ုပ်၏ အားနည်းချက်များကား အဘယ်နည်း။
․․․․․
ကျွန်ုပ်တွင် အဘယ်စိတ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်ရေးဆိုင်ရာ လိုအပ်ချက်များရှိသနည်း။
․․․․․
သင့်အကြောင်းသင် သိကျွမ်းဖို့ဟူသည် မလွယ်ကူသော်လည်း ထိုသို့သောမေးခွန်းများက သင့်အကြောင်းကို သင်စတင်သိကျွမ်းနိုင်စေသည်။ * သင့်ကိုယ်သင် ပိုမိုသိနားလည်လာလေ သင့်အားနည်းချက်များကိုမဟုတ်ဘဲ သင့်အရည်အသွေးကောင်းများကို တိုးများလာစေရန် ကူညီပေးမည့်သူတစ်ဦးအား ရှာတွေ့ဖို့အသင့်ရှိလေဖြစ်မည်။ သို့သော် သင်နှင့် သင့်တော်သူတစ်ဦးကို တွေ့ရှိထားပြီဟု သင်ယူဆမည်ဆိုလျှင်ကော အသို့နည်း။
တွင်ရှု။
ဤဆက်ဆံရေးသည် အောင်မြင်မည်လော
ထိုမေးခွန်းကိုဖြေဆိုရန် သင်မျက်စိကျနေသူအား အရှိကိုအရှိအတိုင်း ရှုမြင်ပါ။ သို့သော် သတိထားပါ! သင် ကြည့်ချင်ရာကိုသာ ကြည့်မိပေမည်။ ထို့ကြောင့် အချိန်ယူပါ။ သင်မျက်စိကျနေသူ၏ ဇာတိရုပ်မှန်ကိုမြင်ရန် ကြိုးစားပါ။
သမီးရည်းစားများသည် အပြင်ပန်းကိုသာကြည့်ကြ၏။ ‘ငါတို့ တေးဂီတအကြိုက်ချင်းတူတယ်၊’ ‘ဝါသနာချင်းလည်းတူတယ်၊’ ‘အရာရာမှာ သဘောချင်းတိုက်ဆိုင်တယ်’ စသည်ဖြင့် အကြိုက်ချင်းတူသည့်အရာများကိုသာ အလျင်စလိုအာရုံစိုက်ကြသည်။ သို့သော် အစောပိုင်းတွင်ဖော်ပြခဲ့သည့်အတိုင်း သင်သည် လူငယ့်အပွင့်လန်းဆုံးအရွယ်ကျော်လွန်ပြီဆိုလျှင် အပြင်ပန်းအသွင်အပြင်များကိုကျော်လွန်၍ ကြည့်ရှုပေမည်။ သင်သည် “စိတ်နှလုံး၏အတွင်းလူ” ကိုပိုင်းခြားသိမြင်ဖို့လိုသည်။—၁ ပေတရု ၃:၄; ဧဖက် ၃:၁၆။
ဥပမာ၊ သဘောချင်းမည်မျှတိုက်ဆိုင်သည်ဟူသောအရာအပေါ် အာရုံစိုက်မည့်အစား သင်တို့ သဘောထားကွဲလွဲ သည့်အခါ ဖြစ်လာသောအရာကို ဂရုပြုခြင်းဖြင့် ထိုသူအကြောင်း သင် ပိုမိုသိရှိနိုင်ပေမည်။ တစ်နည်းအားဖြင့် သဘောထားကွဲလွဲသည့်အခါ သူ မည်သို့တုံ့ပြန်သနည်း။ သူ့သဘောအတိုင်းလုပ်ရမည်ဟု ဇွတ်ပြောသလော။ “အမျက်ထွက်” သို့မဟုတ် “အသရေပျက်အောင်ပြောဆို” သလော။ (ဂလာတိ ၅:၁၉၊ ၂၀; ကောလောသဲ ၃:၈) သို့မဟုတ် အမှားအမှန်ဆိုင်ရာမူများကို မချိုးဖောက်သရွေ့ ငြိမ်သက်မှုရှိရန် အလျှော့ပေးလိုက်လျောလိုသည့် အကျိုးသင့်အကြောင်းသင့်သဘော သူတင်ပြသလော။—ယာကုပ် ၃:၁၇။
နောက်ထပ်သုံးသပ်စရာတစ်ခုမှာ ထိုသူသည် ချုပ်ချယ်သူလော၊ သဝန်တိုသူလော ဟူ၍ဖြစ်၏။ သင်လုပ်သမျှကို သူ့အားအသိပေးဖို့ တောင်းဆိုသလော။ “ပိုင်စိုးပိုင်နင်းသဘောထားနှင့် သဝန်တိုစိတ်သည် ပြဿနာပေါ်စေသောအရာများဖြစ်သည်” ဟု နီကိုလ် အမည်ရှိ အမျိုးသမီးငယ်တစ်ဦးကဆို၏။ “သမီးရည်းစားအတွဲတွေ တစ်ဦးနဲ့တစ်ဦး ဖုန်းမဆက်ကြလို့ ရန်ဖြစ်တာကို ကျွန်မကြားရတာ ကြောက်ဖို့ကောင်းတယ်။ တစ်ဦးကိုတစ်ဦး ဘယ်နေရာမှာရောက်နေတယ်ဆိုတာ သတင်းမပို့တာကို သည်းမခံနိုင်ဖြစ်ပြီဆိုရင် ပြဿနာတက်တော့မယ်လို့ ကျွန်မထင်တယ်။”
သင့်ရည်းစားကို အခြားသူများ မည်သို့ရှုမြင်သနည်း။ သူ့အား အချိန်အတန်ကြာ သိကျွမ်းထားသည့် သူ၏အသင်းတော်မှ ရင့်ကျက်သူများနှင့် ပြောဆိုဆွေးနွေးခြင်းက သင့်အတွက်အကျိုးရှိပေမည်။ သူသည် “နာမည်ကောင်း” ရှိမရှိ သင့်ကို သူတို့အသိပေးပါလိမ့်မည်။—တမန်တော် ၁၆:၁၊ ၂၊ ကဘ။ *
သင် အဆက်ဖြတ်သင့်သလော
သင်နှင့်တွဲနေသူသည် သင့်တော်သောအိမ်ထောင်ဖက်ဖြစ်မည်မဟုတ်ဟု သင်သိရှိမည်ဆိုလျှင်ကော။ သို့ဖြစ်လျှင် အဆက်ဖြတ်လိုက်ခြင်းက ပညာရှိရာရောက်မည်။ “သတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏။ ဉာဏ်တိမ်သောသူမူကား အစဉ်အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏” ဟုသမ္မာကျမ်းစာကဆိုသည်—သု. ၂၂:၃။ *
အချိန်တန်သော် သင်သည် နောက်အသစ်တစ်ယောက်တွေ့ပေမည်။ ထိုသို့တွေ့ ပြီဆိုလျှင် အတွေ့အကြုံမှရရှိထားသည့် ပို၍မျှတသောအမြင်ဖြင့် စတင်မည်မှာသေချာသည်။ ထိုအချိန်တွင် “ဒီလူဟာ ငါနဲ့သင့်တော်ပါ့မလား” ဟူသောမေးခွန်းနှင့်ပတ်သက်၍ သင်၏အဖြေမှာ သင့်တော်၏ ဟူ၍ဖြစ်ပေမည်။
“လူငယ်များအမေး . . .” အခန်းဆက်များမှ ထပ်ဆင့်ဆောင်းပါးများကို www.watchtower.org/ype ဝက်ဘ်ဆိုက်တွင် တွေ့နိုင်ပါသည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 21 သင့်ကိုသင်မေးရန် ထပ်ဆင့်မေးခွန်းများကို ၂၀၀၇၊ ဇန်နဝါရီလထုတ် နိုးလော့! စာမျက်နှာ ၂၂
^ အပိုဒ်၊ 28 စာမျက်နှာ ၁၅-၁၆ ရှိလေးထောင့်ကွက်များပါ မေးခွန်းများကိုလည်းရှု။
^ အပိုဒ်၊ 30 အဆက်ဖြတ်ခြင်းနှင့်စပ်လျဉ်းသည့် ထပ်ဆင့်အချက်အလက်များအတွက် ၂၀၀၁၊ မတ် ၂၂ ရက်ထုတ် နိုးလော့!၊ စာမျက်နှာ ၁၂-၁၄ [အင်္ဂလိပ်] ကိုရှု။
ချင့်တွေးစရာ
▪ အဘယ်အရည်အသွေးကောင်းများက သင့်ကို အိမ်ထောင်ဖက်ကောင်းတစ်ဦးဖြစ်စေမည်နည်း။
▪ အိမ်ထောင်ဖက်လောင်းတစ်ဦးတွင် သင်ကြည့်မည့် အရည်အသွေးတချို့ကား အဘယ်နည်း။
▪ သင်နှင့်တွဲနေသူတစ်ဦး၏ စရိုက်၊ အမူအကျင့်နှင့် နာမည်ကောင်းတို့ကို မည်သည့်နည်းများဖြင့် သင်ပိုမိုသိရှိနိုင်သနည်း။
[စာမျက်နှာ ၁၅ ပါ လေးထောင့်ကွက်]
သူသည် ခင်ပွန်းကောင်းတစ်ဦးဖြစ်မည်လော
အရေးကြီးဆုံးအရာများ
▪ သူ၌ရှိနိုင်သည့်အခွင့်အာဏာတစ်ခုခုကို သူမည်သို့အသုံးပြုသနည်း။—မဿဲ ၂၀:၂၅၊ ၂၆။
▪ သူ၏ပန်းတိုင်များကား အဘယ်နည်း။—၁ တိမောသေ ၄:၁၅။
▪ သူသည် ထိုပန်းတိုင်များသို့ရောက်ရန် ယခုပင် လုပ်ဆောင်နေသလော။—၁ ကောရိန္သု ၉:၂၆၊ ၂၇။
▪ သူ၏အပေါင်းအသင်းများကား မည်သူများနည်း။—သု. ၁၃:၂၀။
▪ ငွေနှင့်ပတ်သက်သည့် သူ၏သဘောထားကား မည်သို့နည်း။—ဟေဗြဲ ၁၃:၅၊ ၆။
▪ မည်သို့သောဖျော်ဖြေမှုကို သူနှစ်သက်သနည်း။—ဆာလံ ၉၇:၁၀။
▪ သူ၏ဝတ်စားပုံက အဘယ်အရာကို ဖော်ပြသနည်း။—၂ ကောရိန္သု ၆:၃။
▪ ယေဟောဝါကို ချစ်မြတ်နိုးကြောင်း သူ မည်သို့ပြသ,သနည်း။—၁ ယောဟန် ၅:၃။
အဖိုးတန်အရည်အသွေးများ
▪ သူသည် လုံ့လဝီရိယရှိသူလော။—သု. ၆:၉-၁၁။
▪ ငွေကြေးတာဝန် ယူနိုင်သူလော။—လုကာ ၁၄:၂၈။
▪ နာမည်ကောင်းရှိသူလော။—တမန်တော် ၁၆:၁၊ ၂၊ ကဘ။
▪ မိဘများကို ရိုသေလေးစားသလော။—ထွက်မြောက်ရာ ၂၀:၁၂။
▪ အခြားသူများကို ထောက်ထားစာနာသလော။—ဖိလိပ္ပိ ၂:၄။
ပြဿနာပေါ်စေသောအရာများ
▪ သူသည် စိတ်တိုတတ်သူလော။—သု. ၂၂:၂၄။
▪ လိင်အကျင့်ပျက်ပြားရန် သင့်ကို သွေးဆောင်ဖို့ကြိုးစားသလော။—ဂလာတိ ၅:၁၉။
▪ အခြားသူများကို ကိုယ်ထိလက်ရောက်ဖြစ်စေ၊ အပြောအဆိုဖြင့်ဖြစ်စေ ထိခိုက်စေသလော။—ဧဖက် ၄:၃၁။
▪ သူသည် ပျော်ရွှင်ရန် အရက်သောက်သုံးဖို့လိုသလော။—သု. ၂၀:၁။
▪ သဝန်တိုစိတ်နှင့် တစ်ကိုယ်ကောင်းစိတ်ရှိသူလော။—၁ ကောရိန္သု ၁၃:၄၊ ၅။
[စာမျက်နှာ ပါ လေးထောင့်ကွက်]
သူသည် ဇနီးကောင်းတစ်ဦးဖြစ်မည်လော
အရေးကြီးဆုံးအရာများ
▪ သူသည် မိသားစုနှင့် အသင်းတော်တွင် လက်အောက်ခံမှုကို မည်သို့ပြသနည်း။—ဧဖက် ၅:၂၁၊ ၂၂။
▪ သူ၏ဝတ်စားပုံက အဘယ်အရာကို ဖော်ပြသနည်း။—၁ ပေတရု ၃:၃၊ ၄။
▪ သူ၏အပေါင်းအသင်းများကား မည်သူများနည်း။—သု. ၁၃:၂၀။
▪ ငွေနှင့်ပတ်သက်သည့် သူ၏သဘောထားကား မည်သို့နည်း။—၁ ယောဟန် ၂:၁၅-၁၇။
▪ သူ၏ပန်းတိုင်များကား အဘယ်နည်း။—၁ တိမောသေ ၄:၁၅။
▪ သူသည် ထိုပန်းတိုင်များသို့ရောက်ရှိရန် ယခုပင် လုပ်ဆောင်နေသလော။—၁ ကောရိန္သု ၉:၂၆၊ ၂၇။
▪ မည်သို့သောဖျော်ဖြေမှုကို သူနှစ်သက်သနည်း။—ဆာလံ ၉၇:၁၀။
▪ ယေဟောဝါကို ချစ်မြတ်နိုးကြောင်း သူ မည်သို့ပြသ,သနည်း။—၁ ယောဟန် ၅:၃။
အဖိုးတန်အရည်အသွေးများ
▪ သူသည် လုံ့လဝီရိယရှိသူလော။—သု. ၃၁:၁၇၊ ၁၉၊ ၂၁၊ ၂၂၊ ၂၇။
▪ ငွေကြေးတာဝန် ယူနိုင်သူလော။—သု. ၃၁:၁၆၊ ၁၈။
▪ နာမည်ကောင်းရှိသူလော။—ရုသ ၄:၁၁။
▪ မိဘများကို ရိုသေလေးစားသလော။—ထွက်မြောက်ရာ ၂၀:၁၂။
▪ အခြားသူများကို ထောက်ထားစာနာသလော။—သု. ၃၁:၂၀။
ပြဿနာပေါ်စေသောအရာများ
▪ သူသည် ရန်တွေ့တတ်သူလော။—သု. ၂၁:၁၉။
▪ လိင်အကျင့်ပျက်ပြားရန် သင့်ကို သွေးဆောင်ဖို့ကြိုးစားသလော။—ဂလာတိ ၅:၁၉။
▪ အခြားသူများကို ကိုယ်ထိလက်ရောက်ဖြစ်စေ၊ အပြောအဆိုဖြင့်ဖြစ်စေ ထိခိုက်စေသလော။—ဧဖက် ၄:၃၁။
▪ သူသည် ပျော်ရွှင်ရန် အရက်သောက်သုံးဖို့လိုသလော။—သု. ၂၀:၁။
▪ သဝန်တိုစိတ်နှင့် တစ်ကိုယ်ကောင်းစိတ်ရှိသူလော။—၁ ကောရိန္သု ၁၃:၄၊ ၅။