ဆင်းရဲခက်ခဲမှု မရှိတဲ့ဘဝ—ယုံကြည်စိတ်ချနိုင်တဲ့ကတိ
“[ဘုရားသခင်] သည် သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်း ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည် မဟုတ်။ ယခင်အရာများသည် ကွယ်ပျောက်လေပြီ။”—ဗျာ. ၂၁:၄။
ဒီကတိက စိတ်နှလုံး နွေးထွေးစေပေမဲ့ ယုံကြည်စိတ်ချလို့ ရနိုင်မလား။ ပထမဆုံးလူသားကို ပေးခဲ့တဲ့ အစောဆုံး သတိပေးချက်တစ်ခုကို ပြန်သုံးသပ်ကြည့်ပါ။ နာခံမှုမရှိရင် “ဧကန်အမှန် သေရမည်” လို့ ဘုရားသခင်က အာဒံကို ပြောခဲ့တယ်။ (ကမ္ဘာဦး ၂:၁၇) အာဒံ မနာခံတဲ့အခါ ဘုရားသခင်ပြောတဲ့အတိုင်း သူသေဆုံးခဲ့တယ်။ ဒီအချက်အပြင် လူသားတွေ အမွေရထားတဲ့ သေခြင်းနဲ့ ဆင်းရဲခက်ခဲမှုတွေက ဘုရားသခင်ဟာ ယုံကြည်စိတ်ချနိုင်တယ်ဆိုတဲ့ အထောက်အထားဖြစ်တယ်။ ဒါကြောင့် ကမ္ဘာမြေမှာ စုံလင်တဲ့အခြေအနေ ဖြစ်အောင် ပြန်လုပ်ပေးမယ်ဆိုတဲ့ ဘုရားသခင့်ကတိ ပြည့်စုံလာမယ့်ပုံ မပေါ်ဘူးလို့ သံသယရှိစရာအကြောင်း လုံးဝမရှိဘူး။
ရှေ့ဆောင်းပါးမှာ ဆွေးနွေးခဲ့တဲ့ ဘုရားသခင့် အရည်အသွေးတွေကိုလည်း ပြန်သတိရပါ။ ဆင်းရဲခက်ခဲမှုကို အဆုံးတိုင်စေလိုတဲ့ ကျွန်တော်တို့ရဲ့ဆန္ဒက ဘုရားသခင်မှာရှိတဲ့ သနားကြင်နာမှု၊ မေတ္တာနဲ့ တရားမျှတမှုကို ရောင်ပြန်ဟပ်ခြင်းမျှသာ ဖြစ်တယ်။ ဒါ့အပြင် ကမ္ဘာ့အဖြစ်အပျက်တွေနဲ့ ဒီလောကမှာ ပျံ့နှံ့နေတဲ့ စိတ်ထားတွေက ဘုရားသခင် အရေးယူလုပ်ဆောင်မယ့်အချိန် အလျင်အမြန် ချဉ်းကပ်လာနေကြောင်း ဖော်ပြနေတယ်။— “ထိုအမှုအရာတို့သည် မည်သည့်အချိန်တွင် ဖြစ်ပျက်မည်နည်း” လေးထောင့်ကွက်ကို ကြည့်ပါ။
ယေဟောဝါဘုရားသခင်သာ လူ့ဆင်းရဲခက်ခဲမှုကို အဆုံးတိုင်စေနိုင်တယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။ ဆင်းရဲခက်ခဲမှုတွေ ဖြစ်ရတဲ့ အဓိကအကြောင်းရင်းတွေကို ဘုရားသခင်က မိမိသားတော်ကို သုံးပြီး ဖယ်ရှားပေးနိုင်ရုံမက ဖယ်ရှားဖို့ စီစဉ်ခဲ့ပုံကို သုံးသပ်ကြည့်ပါ။
မိမိကိုယ်တိုင်ရဲ့ ရွေးချယ်မှု။
ကျွန်တော်တို့ရဲ့ ဘိုးဘေးဖြစ်သူ အာဒံက ရွေးချယ်မှုတစ်ခုကို လုပ်ခဲ့ပြီး ဒါက လူသားမျိုးနွယ်တစ်ခုလုံးကို ဆိုးရွားတဲ့အကျိုးဆက် ရရှိစေခဲ့တယ်။ တမန်တော်ပေါလု ဒီလိုရေးခဲ့တယ်– “ဖန်ဆင်းခံအရာ ရှိသမျှသည် ယခုတိုင်အောင် တညီတညွတ်တည်း ညည်းတွား၍ ဝေဒနာခံစားနေရသည်။” (ရောမ ၈:၂၂) ဘုရားသခင့် ပြန်ကုစားပေးမှုက အရမ်းကို တရားမျှတပြီး တကယ့်ကို သနားကြင်နာမှုရှိကာ အလွန်ရိုးရှင်းလှတယ်။ ရောမ ၆:၂၃ က ဒီလိုရှင်းပြတယ်– “အပြစ်တရား၏အခကား သေခြင်းဖြစ်၏။ ဘုရားသခင်၏ ဆုကျေးဇူးတော်ကား ငါတို့၏သခင် ခရစ်တော်ယေရှုအားဖြင့် ထာဝရအသက် ဖြစ်သတည်း။”
စုံလင်သူ ယေရှုကျတော့ အပြစ်မဲ့တဲ့ဘဝနဲ့ အသက်ရှင်ခဲ့တယ်။ ညှဉ်းဆဲရာ သစ်တိုင်ပေါ် သေဆုံးခြင်းက နာခံမှုရှိတဲ့ လူသားတွေကို အပြစ်နဲ့သေခြင်းရဲ့ ချုပ်နှောင်မှုအောက်ကနေ လွတ်မြောက်ဖို့ လမ်းစဖွင့်ပေးခဲ့တယ်။ ပညာမဲ့ ရွေးချယ်မှုပြုစေတဲ့ အပြစ်ဘက် တိမ်းယိမ်းတတ်မှုတွေ ပပျောက်သွားမယ့် လောကမှာ ထာဝရအသက်ရှင်နိုင်တဲ့ အခွင့်အရေး အခု ကျွန်တော်တို့ဆီမှာ ရှိနေပြီ။ တခြားသူတွေ ဆင်းရဲခက်ခဲအောင် တမင်တကာ လုပ်တဲ့သူတွေအားလုံးလည်း ရှိမှာ မဟုတ်တော့ပါ၊ အကြောင်းက “ပြစ်မှားသောသူတို့သည် ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်။”—ဆာလံ ၃၇:၉။
ကြိုမသိနိုင်တဲ့ ဖြစ်ရပ်တွေနဲ့ မစုံလင်မှု။
ဘုရားသခင်ခန့်အပ်ထားတဲ့ဘုရင် ယေရှုခရစ်မှာ သဘာဝအင်အားစုတွေကို ထိန်းချုပ်နိုင်စွမ်း ရှိတယ်။ စီ.အီး ပထမရာစု၊ ယေရှုနဲ့ တမန်တော်တွေ ငါးဖမ်းလှေပေါ် ရှိနေကြချိန်မှာ “လေပြင်းမုန်တိုင်း ကျ၍ လှိုင်းများ ရိုက်ခတ်သဖြင့် လှေသည် နစ်လုမတတ်ဖြစ်” နေတယ်။ ယေရှုကို အကူအညီတောင်းတဲ့အခါ “ကိုယ်တော်သည် ထ၍ လေကိုဆုံးမလျက် ရေကို ‘တိတ်ဆိတ်ငြိမ်ဝပ်စွာနေ’ ဟုမိန့်တော်မူ၏။ ထိုအခါ လေမုန်တိုင်းစဲ၍ အလွန်ငြိမ်သက်လေ၏။” တမန်တော်တွေ အရမ်းအံ့သြသွားတယ်။ မာကု ၄:၃၇-၄၁။
“လေနှင့် ရေတို့ပင် သူ၏စကားကို နားထောင်ကြပါသည်” လို့ သူတို့ပြောကြတယ်။—ယေရှုရဲ့ အုပ်ချုပ်မှုအောက်မှာ နာခံမှုရှိတဲ့ လူသားတွေဟာ “လုံခြုံစွာနေ၍ ဘေးကိုမကြောက်ဘဲ ငြိမ်ဝပ်” နေပါလိမ့်မယ်။ (သု. ၁:၃၃) အဲဒီထဲမှာ သဘာဝဘေးတွေကို ကြောက်စရာ မလိုခြင်းလည်း ပါဝင်ပါတယ်။ ဒါ့အပြင် ကမ္ဘာမြေကို တလွဲစီမံ အသုံးပြုတာ၊ အဆောက်အဦတွေကို အရည်အသွေးမီမီ မဆောက်လုပ်တာနဲ့ သဘာဝအင်အားစုနဲ့ဆိုင်တဲ့ သတိပေးချက်တွေကို လျစ်လျူရှုတာတွေ ရှိမှာမဟုတ်တော့ဘူး။ မရှိသင့်တဲ့နေရာကို မရှိသင့်တဲ့အချိန်မှာ ရောက်နေလို့ ဆင်းရဲခက်ခဲမှု ကြုံရတာမျိုး ဘယ်သူမှဖြစ်မှာ မဟုတ်တော့ဘူး။
ယေရှုကမ္ဘာပေါ်ရှိစဉ်က သူ့အုပ်ချုပ်မှုရဲ့ နောက်အသွင်အပြင်တစ်ခုကို ဖော်ပြခဲ့တယ်။ အဲဒါက ကြိုတင်မမြင်နိုင်တဲ့ အဖြစ်အပျက်တွေကြောင့် လောလောဆယ် ကြုံနေရတဲ့ ဆင်းရဲခက်ခဲမှုကို ကုစားပေးနိုင်တယ်။ “ငါသည်ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်” တယ်လို့ ယေရှုဆိုခဲ့တယ်။ (ယောဟန် ၁၁:၂၅) မှန်ပါတယ်၊ သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးခဲ့ရတဲ့ သန်းနဲ့ချီတဲ့သူတွေကို ယေရှုက ပြန်အသက်ရှင်လာအောင် လုပ်နိုင်စွမ်းရှိတဲ့အပြင် လုပ်ပေးလိုတဲ့ဆန္ဒလည်း ရှိတယ်။ ဒါက မဖြစ်နိုင်တဲ့ ကတိတစ်ခုလား။ ကမ္ဘာမြေမှာရှိစဉ်က ရှင်ပြန်ထမြောက်အောင် လုပ်ပေးခဲ့ခြင်းဖြင့် သူ့အပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်စိတ်ချမှုကို ခိုင်ခံ့စေခဲ့တယ်။ ဖြစ်ရပ်သုံးခုကို ကျမ်းစာမှာ မှတ်တမ်းတင်ထားတယ်။—မာကု ၅:၃၈-၄၃; လုကာ ၇:၁၁-၁၅; ယောဟန် ၁၁:၃၈-၄၄။
“ဤလောကကို အစိုးရသောမင်း။”
‘သေခြင်းတရားကိုဖြစ်ပေါ်စေသူ စာတန်ကို ဖျက်ဆီး’ ဖို့ ခရစ်တော်ယေရှုကို ဘုရားသခင် ခန့်အပ်ခဲ့တယ်။ (ဟေဗြဲ ၂:၁၄) ယေရှု ဒီလိုကြေငြာခဲ့တယ်– “ဤလောကသည် ယခုပင် တရားစီရင်ခြင်းကို ခံနေရ၏။ ဤလောကကို အစိုးရသောမင်းသည်လည်း ယခုပင် ပြင်သို့ နှင်ထုတ်ခြင်း ခံရလိမ့်မည်။” (ယောဟန် ၁၂:၃၁) ဒီလောကရဲ့ အရေးကိစ္စတွေအပေါ် စာတန့်သြဇာလွှမ်းမိုးမှုကို ဖယ်ရှားခြင်းဖြင့် ကိုယ်တော်ဟာ ‘စာတန်ရဲ့ အမှုအရာတွေကို ချိုးဖျက်’ ပါလိမ့်မယ်။ (၁ ယောဟန် ၃:၈) စာတန့်စိတ်ဓာတ်ဖြစ်တဲ့ လောဘကြီးမှု၊ အကျင့်ပျက်ခြစားမှုနဲ့ ကိုယ်ကျိုးရှာစိတ်ဓာတ်တွေ မရှိတော့တဲ့အခါ လူ့အဖွဲ့အစည်းဟာ ဘယ်လောက် ကွာခြားသွားမလဲဆိုတာ မြင်ယောင်ကြည့်ပါ။