မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာပျက်မယ့်နေ့ လူအများထင်ထားသလို ဖြစ်မှာမဟုတ်

ကမ္ဘာပျက်မယ့်နေ့ လူအများထင်ထားသလို ဖြစ်မှာမဟုတ်

ရှေ့စာမျက်နှာမှာ ဖော်ပြထားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွေ အားလုံးက လုံးဝအားရစရာ မရှိတဲ့အပြင် တူညီချက်သုံးခု ရှိတယ်။ ပထမ၊ အဲဒါတွေက လူ့ထင်မြင်ချက်အပေါ်အခြေပြုတယ်။ အနာဂတ်နဲ့ပတ်သက်ပြီး လူတွေရဲ့ မှန်းဆချက်တွေက အများအားဖြင့် မှန်လေ့မရှိဘူး။ ဒုတိယ၊ လူတွေက မတော်တဆကြောင့်သာ အသက်ရှင်ကျန်ရစ်မှာ ဖြစ်တယ်။ တတိယ၊ ကမ္ဘာပျက်တဲ့အချိန်မှာ လွတ်မြောက်သွားရင်တောင် အသက်ဆက်ရှင်ဖို့ တကယ့်ကို ခက်ခဲမယ်။

အနာဂတ်နဲ့ပတ်သက်ပြီး သမ္မာကျမ်းစာ ပြောဆိုချက်ကတော့ အဲဒီအမြင်တွေနဲ့ မတူဘဲ အကျိုးသင့်အကြောင်းသင့် ရှိပြီး လက်တွေ့ကျတယ်။ သမ္မာကျမ်းစာအရ ထူးခြားတဲ့ပြောင်းလဲမှုကြီး ဖြစ်မှာ သေချာတယ်။ ဒါပေမဲ့ ဘုရားသခင့်အလိုတော် ဆောင်သူတွေအားလုံး အသက်ရှင် လွတ်မြောက်မယ်လို့ အာမခံထားတယ်။ သမ္မာကျမ်းစာမှာ ကမ္ဘာကြီးက ပေါက်ကွဲပြီး ပြာကျသွားမယ် ဒါမှမဟုတ် ရေခဲတုံးဖြစ်သွားမယ်ဆိုပြီး မဖော်ပြထားပါဘူး။ ကမ္ဘာကြီးကို ကမ္ဘာချီပရဒိသုအဖြစ် ပြောင်းလဲတော့မယ်လို့ပဲ ပြောထားတယ်။

လူတော်တော်များများက အဲ့ဒီကျမ်းစာဖော်ပြချက်ကို လက်ခံဖို့ အခက်တွေ့ကြတယ်။ သမ္မာကျမ်းစာကို မယုံကြည်သူတွေက ကြီးစွာသောဒုက္ခ၊ အာမဂေဒုန်၊ အနှစ်တစ်ထောင်နဲ့ အေးချမ်းသာယာတဲ့ ကမ္ဘာမြေအကြောင်း ကျမ်းစာသွန်သင်ချက်တွေက စိတ်ကူးယဉ်သက်သက်ပါလို့ ပြောကြတယ်။ ကျမ်းပညာရှင်တွေက ဒီအကြောင်းအရာတွေကို ဆွေးနွေးငြင်းခုံနေကြတာ ပြီးကို မပြီးတော့ဘူး။ ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး သူတို့ရဲ့သီအိုရီတွေက တစ်ခုနဲ့တစ်ခု မတူညီကြဘူး။ ကမ္ဘာပျက်မယ့်အချိန်နဲ့ပတ်သက်ပြီး စာရေးဆရာ ဘရုစ် အေ. ရော်ဘင်ဆင်က ဒီလိုပြောတယ်– “ဒီအကြောင်းအရာနဲ့ ပတ်သက်တဲ့ ရေးသားချက်တွေက ခရစ်ယာန်ဘောင် ယုံကြည်ချက်တွေနဲ့ပတ်သက်ပြီး မရှင်းမလင်း ရေးထားခဲ့သမျှထဲမှာ မရှင်းလင်းဆုံးဘဲ။” ရလဒ်ကတော့ ရှုပ်ထွေးမှုပါပဲ။

ဒါပေမဲ့ ကျမ်းစာက နားလည်ဖို့ မခက်ပါဘူး။ သမ္မာကျမ်းစာက ဘုရားသခင်ဆီကလာတဲ့ သတင်းစကားဖြစ်တယ်။ အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာနဲ့ပတ်သက်ပြီး ဘုရားသခင်က ကျွန်ုပ်တို့ကို ရှင်းရှင်းလင်းလင်း သိထားစေချင်တယ်။ အနာဂတ်နဲ့ပတ်သက်ပြီး မကြာခဏမေးတတ်တဲ့ မေးခွန်းတွေနဲ့ ကျမ်းစာပြောဆိုချက်ကို သုံးသပ်ကြရအောင်။ တကယ်လို့ ဒါထက် ပိုသိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း ဆိုတဲ့စာအုပ်ကို တောင်းယူနိုင်ပါတယ်။

ကမ္ဘာမြေကြီးနဲ့ လူသားမျိုးနွယ်တွေ ပျက်စီးသွားမလား။

“ဖြောင့်မတ်သောသူတို့သည် ပြည်တော် [“မြေကြီး၊” ကဘ] ကိုအမွေခံ၍ အစဉ်အမြဲ နေရကြလိမ့်မည်။” —ဆာလံ ၃၇:၂၉

လူတစ်ယောက်မကျန် သေဆုံးသွားမှာလား။

“စိတ်ရိုးဖြောင့်သူတွေက မြေကြီးပေါ် နေထိုင်ရပြီး အပြစ်ကင်းသူတွေက မြေကြီးပေါ် ကျန်ရစ်နေမှာ ဖြစ်တယ်။ လူဆိုးတွေကတော့ မြေကြီးပေါ်ကနေ ပယ်ရှင်းခံရပြီး သစ္စာမဲ့သူတွေက မြေကြီးပေါ်ကနေ ဆွဲနုတ်ခံရလိမ့်မယ်။”—သု. ၂:၂၁၊ ၂၂ကဘ။

ဘုရားသခင်ဟာ အရင်က လူဆိုးတွေကို အပြစ်ပေးခဲ့သလား။

ဘုရားသခင်ဟာ ‘ရှေးခေတ် လောကကိုလည်း အပြစ်မပေးဘဲ နေတော်မမူ။ ဘာသာတရားမဲ့နေသော လောကကို ရေလွှမ်းမိုးချိန်က ဖြောင့်မတ်ခြင်းတရား ဟောပြောသူ နောဧနှင့် လူခုနစ်ဦးတို့ကို ကယ်တင်တော်မူ၏။ သောဒုံမြို့နှင့် ဂေါမောရမြို့တို့ကို ပြာကျစေခြင်းအားဖြင့် ပြစ်ဒဏ်စီရင်တော်မူ၏။ သို့ဖြင့် ဘုရားတရားမဲ့သူတို့၌ ဖြစ်ရမည့်အရာများ၏ ပုံနမူနာဖြစ်၏။’—၂ ပေတရု ၂:၅၊ ၆

ဘုရားသခင် တရားစီရင်မယ့်နေ့ကို သိနိုင်မလား။

‘ထိုနေ့ရက်နှင့် အချိန်နာရီကိုကား မည်သူမျှမသိ။ ကောင်းကင်တမန်တို့လည်း မသိ။ သားတော်လည်း မသိ။ ခမည်းတော်သာ သိတော်မူ၏။ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ လူသားရောက်ရှိနေချိန်တွင် ဖြစ်လိမ့်မည်။ အကြောင်းမူကား ရေမလွှမ်းမိုးမီ နောဧ သင်္ဘောထဲသို့ ဝင်သည့်နေ့အထိ လူတို့သည် စားသောက်လျက်၊ ထိမ်းမြားပေးစားလျက် နေကြ၏။ ရေလွှမ်းမိုးဘေးရောက်၍ လူအပေါင်းတို့ကို သုတ်သင်ပယ်ရှင်းသည်တိုင်အောင် သတိမဲ့နေကြသည့်နည်းတူ လူသားရောက်ရှိနေချိန်တွင် ဖြစ်လိမ့်မည်။’—မဿဲ ၂၄:၃၆-၃၉

မကြာခင် အဆုံးလာတော့မယ်ဆိုတာကို သိနိုင်တဲ့ အမှတ်လက္ခဏာ ရှိသလား။

“နောက်ဆုံးသောနေ့ရက်များသည် ခက်ခဲကျပ်တည်းသောကာလ ဖြစ်မည်ကို သိမှတ်လော့။ အကြောင်းမူကား လူတို့သည် ကိုယ့်ကိုယ်ကိုယ်ချစ်သူ၊ ငွေကိုတပ်မက်သူ၊ ဘဝင်မြင့်သူ၊ မောက်မာသူ၊ စော်ကားသူ၊ မိဘစကားနားမထောင်သူ၊ ကျေးဇူးကန်းသူ၊ သစ္စာမရှိသူ၊ မိသားစု ချစ်ခင်စုံမက်ခြင်းမရှိသူ၊ ဖီလာဆန့်ကျင်တတ်သူ၊ အသရေဖျက်သူ၊ ချုပ်တည်းခြင်းမရှိသူ၊ ကြမ်းကြုတ်သူ၊ ကောင်းမြတ်ခြင်းကို မနှစ်သက်သူ၊ သစ္စာဖောက်သူ၊ ခေါင်းမာသူ၊ မာနထောင်လွှားသူ၊ ဘုရားသခင်ကို ချစ်သည်ထက် အပျော်အပါးကို သာ၍နှစ်သက်သူ၊ ဘုရားတရား ဆည်းကပ်ဟန်ရှိသော်လည်း ထိုသို့ဆည်းကပ်ခြင်း၏ အကျိုးကို ငြင်းပယ်သူ ဖြစ်ကြလိမ့်မည်။”—၂ တိမောသေ ၃:၁-၅

လူသားတွေအတွက် မြေကြီးအနာဂတ်က ဘယ်လိုလဲ။

ဘုရားသခင်သည် “သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်း ရှိတော့မည်မဟုတ်။ ငိုကြွေး မြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။ ယခင်အရာများသည် ကွယ်ပျောက်လေပြီ။”—ဗျာ. ၂၁:၄

ဘုရားသခင်သည် “သူတို့၏ မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်”

အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ သမ္မာကျမ်းစာမှာ အကုန်လုံး မဖော်ပြထားပါဘူး။ ဒါပေမဲ့ ကျွန်ုပ်တို့အတွက် မျှော်လင့်ချက်ရှိတယ် ဆိုတာကိုတော့ စိတ်ချစေတယ်။ အနာဂတ်က ကျွန်ုပ်တို့ စဉ်းစားမိနိုင်တာထက် တကယ့်ကို ပိုကောင်းမွန်တဲ့အခြေအနေ ဖြစ်ပါလိမ့်မယ်။ ယေဟောဝါဘုရားသခင်က ကတိပေးထားတဲ့ အရာမှန်သမျှကို ဖြစ်လာစေဖို့ တတ်နိုင်တယ်ဆိုတာကို ယုံကြည်စိတ်ချပါ။