ဒါက သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား
ငါးအုပ်
နှစ်စဉ်နှစ်တိုင်း မတော်တဆ ယာဉ်တိုက်မှုကြောင့် လူတစ်သန်းကျော် သေဆုံးပြီး သန်း ၅၀ နီးပါး ထိခိုက်ဒဏ်ရာ ရကြတယ်။ ဒါပေမဲ့ ငါးအုပ်တစ်အုပ်မှာ သန်းနဲ့ချီရှိတဲ့ ငါးတွေဟာ အတူကူးခတ်ကြပြီး တစ်ကောင်နဲ့တစ်ကောင် တိုက်မိခြင်း မရှိသလောက်ပဲ။ ဘယ်လိုလုပ် အဲဒီလို ကူးခတ်နိုင်ကြတာလဲ။ ကားမတော်တဆဖြစ်မှု လျော့နည်းအောင် သူတို့ဆီကနေ ဘာသင်ယူနိုင်သလဲ။
သုံးသပ်ကြည့်ပါ– ငါးအုပ်ထဲကငါးတွေဟာ သူတို့ရဲ့ ဘေးပတ်ဝန်းကျင်ကို မျက်စိနဲ့သိမြင်နိုင်သလို အထူးအာရုံခံအင်္ဂါဖြစ်တဲ့ ဘေးဘက်အစင်းအားဖြင့်လည်း သိမြင်နိုင်ကြတယ်။ သူတို့ဝန်းကျင်မှာရှိတဲ့ ငါးတွေရဲ့ တည်နေရာကို သိဖို့ ဒီအာရုံတွေကို သုံးကြပြီး သင့်တော်သလို တုံ့ပြန်ကြတယ်–
-
၁– ဘေးချင်းယှဉ် သွားလာကြတယ်။ ငါးအချင်းချင်း သွားတဲ့အရှိန် တူအောင်၊ တစ်ကောင်နဲ့တစ်ကောင် အကွာအဝေး တူအောင် ထိန်းထားကြတယ်။
-
၂– ချဉ်းကပ်ကြတယ်။ အဝေးရောက်သွားတဲ့ ငါးတွေနားကို ချဉ်းကပ်သွားကြတယ်။
-
၃– တိုက်မိခြင်းမရှိအောင် ရှောင်ရှားကြတယ်။ တခြားငါးတွေနဲ့ မတိုက်မိစေဖို့ သူတို့ရဲ့ ဦးတည်ရာလမ်းကြောင်းကို ပြောင်းကြတယ်။
ဂျပန်ကားထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုက ငါးအုပ်ရဲ့ သွားလာပုံကို အခြေခံထားတဲ့ စက်ရုပ်ကားငယ် များစွာကို တီထွင်ပြီး တစ်ခုနဲ့တစ်ခု မတိုက်မိဘဲ သွားနိုင်အောင် ဒီဇိုင်းထုတ်ခဲ့ကြတယ်။ မျက်စိအစား ဆက်သွယ်ရေးနည်းပညာတွေကို သုံးပြီး ဘေးဘက်အစင်းအစား လေဆာကို သုံးထားတယ်။ ဒီနည်းပညာက “ယာဉ်တိုက်မှုမရှိတဲ့” ကားတွေကို ထုတ်လုပ်နိုင်ဖို့ အကူအညီဖြစ်စေမှာ ဖြစ်ပြီး “ပတ်ဝန်းကျင် ထိခိုက်မှုမရှိ၊ ယာဉ်ကြောပိတ်ဆို့ မှု မရှိတဲ့ အခြေအနေ” ဖြစ်ဖို့ အကူအညီဖြစ်စေမယ်လို့ ကုမ္ပဏီက ယုံကြည်ထားတယ်။
“ခေတ်သစ်နည်းပညာတွေကို အသုံးပြုပြီး ငါးတွေရဲ့ အုပ်ဖွဲ့သွားလာမှုပုံစံကို ကျွန်တော်တို့ တုပခဲ့ကြတယ်” လို့ စက်ရုပ်ကား တီထွင်သူတွေထဲမှာ ပါတဲ့ အင်ဂျင်နီယာချုပ် တိုရှီယူကီ အန်ဒိုက ပြောတယ်။ “ကားကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ခေတ်မှာ ငါးအုပ်တွေရဲ့ သွားလာမှုပုံစံကနေ သင်ယူစရာတွေ အများကြီး ရှိနေတယ်။”
သင် ဘယ်လိုထင်ပါသလဲ။ ငါးအုပ်ဟာ အသိဉာဏ်မရှိတဲ့ ဖြစ်စဉ်တစ်ခုကြောင့် ဖြစ်ပေါ်လာတာလား။ ဒါမှမဟုတ် စနစ်တကျ ပုံစံရေးဆွဲပြီး ပြုလုပ်ခံထားရ တာလား။