ဒါက သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား
အာတိတ်ဒေသမှ မြေပြင်နေ ရှဉ့်ငယ်လေးရဲ့ ဒဏ်ခံနိုင်တဲ့ဦးနှောက်
ဆောင်းခိုနေတဲ့ ဒီရှဉ့်ငယ်လေး စတင်အိပ်စက်တဲ့အခါ သူ့ရဲ့ ကိုယ်ခန္ဓာအပူချိန်လည်း ကျဆင်းလာတယ်။ ကိုယ်ခန္ဓာအပူချိန် ဘယ်လောက်အထိ ကျသွားသလဲ။ အာတိတ်ဒေသမြေပြင်နေ ရှဉ့်လေးတွေဟာ အပူချိန် အနုတ် ၂.၉˚C အထိ ကျခဲ့တဲ့မှတ်တမ်းရှိတယ်။ အဲဒီအပူချိန်မှာ သူတို့ရဲ့ဦးနှောက် အေးခဲသွားမှာပဲလို့ ယူဆနိုင်တယ်။ ဒါပေမဲ့ သူတို့ ဆက်အသက်ရှင်နေနိုင်တာ ဘာကြောင့်လဲ။
သုံးသပ်ကြည့်ပါ– ဆောင်းခိုနေချိန်အတွင်း နှစ်ပတ်တစ်ခါ၊ သုံးပတ်တစ်ခါလောက် ကိုယ်ခန္ဓာကို လှုပ်ခါပြီး သူ့ရဲ့ သာမန်ကိုယ်အပူချိန်ဖြစ်တဲ့ ၃၆.၄˚C ရောက်အောင် မြင့်တင်တယ်။ အဲဒီအပူချိန်က ၁၂ နာရီကနေ ၁၅ နာရီလောက် ခံတယ်။ အဲဒီလို အပူချိန်ပြန်မြင့်တက်လာအောင် အချိန်အနည်းငယ်လှုပ်ခါလိုက်တာက ဦးနှောက်အေးခဲမသွားအောင် အရေးပါတဲ့အခန်းကဏ္ဍကနေ ထောက်ကူပေးတယ်လို့ သုတေသီတွေ ဆိုကြတယ်။ အဲဒီအပြင် ဆောင်းခိုနေချိန်တစ်လျှောက် အာတိတ်ဒေသမြေပြင်နေရှဉ့်ရဲ့ ဦးခေါင်းအပူချိန်ဟာ ကိုယ်ခန္ဓာအပူချိန်ထက် အနည်းငယ် မြင့်တက်နေပုံရတယ်။ စမ်းသပ်ခန်းအတွင်း စမ်းသပ်နေစဉ် ရှဉ့်ရဲ့လည်ပင်းအပူချိန်က ၀.၇˚C အောက် ဘယ်တော့မှမကျတာကို တွေ့ခဲ့တယ်။
ရှဉ့်လေး ဆောင်းခိုပြီး ပြန်ထွက်လာတဲ့အခါ သူ့ဦးနှောက်က နှစ်နာရီလောက်အတွင်း ပုံမှန်လုပ်ဆောင်မှုတွေကို ပြန်လုပ်ဆောင်နိုင်တယ်။ လေ့လာမှုတစ်ခုအရ ရှဉ့်ဦးနှောက်ဟာ ဆောင်းခိုပြီးနောက်ပိုင်း ပိုလို့တောင် ကောင်းကောင်းအလုပ်လုပ်လာတယ်။ ဒီလိုပြန်ကောင်းလာနိုင်စွမ်းကို ပညာရှင်တွေ အံ့ဩနေကြတယ်။ အဲဒီအဖြစ်အပျက်ကို မီးလောင်သွားတဲ့မြေပြင်မှာ ရက်ပိုင်းအတွင်း အပင်ပေါက်လေးတွေ ပြန်ပေါက်လာတာနဲ့ သူတို့ နှိုင်းယှဉ်ကြတယ်။
အာတိတ်ဒေသက ရှဉ့်လေးတွေကို လေ့လာခြင်းက လူ့ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းအကြောင်း ပိုသိစေလိမ့်မယ်လို့ သုတေသီတွေ မျှော်လင့်ကြတယ်။ သူတို့ရဲ့ပန်းတိုင်ကတော့ အယ်လ်ဇိုင်းမားရောဂါအပါအဝင် ဦးနှောက်ရောဂါတွေကြောင့် ဦးနှောက်ဆဲလ်တွေ မပျက်စီးသွားအောင်ကာကွယ်နိုင်ပုံ၊ ပျက်စီးသွားတဲ့ ဆဲလ်တွေကိုတောင် ပြန်ကောင်းအောင် ကုစားနိုင်ပုံကို သိဖို့ဖြစ်တယ်။
သင် ဘယ်လိုထင်ပါသလဲ။ အာတိတ်ဒေသမှ မြေပြင်နေ ရှဉ့်ငယ်လေးရဲ့ ဒဏ်ခံနိုင်တဲ့ဦးနှောက်က သူ့အလိုလိုဖြစ်လာနိုင်သလား။ ဒါမှမဟုတ် စနစ်တကျ ပုံစံရေးဆွဲခံထားရတာလား။