သမ္မာကျမ်းစာ ရှုထောင့် | အရက်ယမကာ
အရက်ယမကာ
အရက်ယမကာ သောက်သုံးတာ မှားသလား
“စပျစ်ရည်သည် လူတို့ကို ရွှင်လန်းစေ၏။ ဆီအားဖြင့်လည်း သူတို့မျက်နှာကိုပြောင်စေတော်မူ၏။ မုန့်သည်လည်း သူတို့နှလုံးကို ထောက်မ၏။”—ဆာလံ ၁၀၄:၁၅။
လူတွေပြောဆိုရာ–
နေရာဒေသ တော်တော်များများမှာ အစားအစာသုံးဆောင်တဲ့အခါ အရက်ယမကာ မပါမဖြစ်ပါတယ်။ တချို့ဒေသတွေမှာတော့ အဲဒီလိုသောက်သုံးတာကို လုံးဝသဘောမတူကြဘူး။ ဘာကြောင့် အမြင်တွေကွဲပြားနေတာလဲ။ ယဉ်ကျေးမှု၊ ကျန်းမာရေးနဲ့ ဘာသာရေး စတဲ့အရာတွေရဲ့ လွှမ်းမိုးမှုတွေကြောင့် ကွဲပြားနေတာဖြစ်တယ်။
သမ္မာကျမ်းစာပြောဆိုရာ–
မူးယစ်တာနဲ့ သောက်ကြူးတာကို သမ္မာကျမ်းစာမှာ ပြစ်တင်ထားတယ်။ ဒါပေမဲ့ တော်ရုံတန်ရုံ သောက်သုံးတာကိုတော့ မကန့်ကွက်ပါဘူး။ (၁ ကောရိန္သု ၆:၉၊ ၁၀) ဒါ့အပြင် ဘုရားသခင်ကို ကိုးကွယ်တဲ့ ရှေးအချိန်က အမျိုးသား၊ အမျိုးသမီးတွေ ဝိုင်သောက်ခဲ့ကြတယ်ဆိုတဲ့ အကြောင်းကို သမ္မာကျမ်းစာမှာ အကြိမ်နှစ်ရာကျော် မှတ်တမ်းတင်ထားတယ်။ (ကမ္ဘာဦး ၂၇:၂၅) “ဝမ်းမြောက်သောစိတ်နှင့် အစာကိုစားလော့။ ရွှင်လန်းသောစိတ်နှင့် စပျစ်ရည်ကို သောက်လော့” လို့ ဒေသနာ ၉:၇ မှာ ဖော်ပြထားတယ်။ ဝိုင်က လူကို ရွှင်လန်းစေတယ်။ ဒါကြောင့် မင်္ဂလာဧည့်ခံပွဲလို ပွဲလမ်းသဘင်တွေမှာ တည်ခင်းဧည့်ခံလေ့ရှိတယ်။ အဲဒီလိုဧည့်ခံပွဲတစ်ခုမှာ ယေရှုခရစ်က ရေကနေ ကောင်းတဲ့ “စပျစ်ရည်” ဖြစ်အောင် လုပ်ပေးခဲ့တယ်။ အဲဒါက သူလုပ်ခဲ့တဲ့ ပထမဆုံး အံ့ဖွယ်အမှုဖြစ်တယ်။ (ယောဟန် ၂:၁-၁၁) စပျစ်ရည်ကို ဆေးဝါးအနေနဲ့လည်း အသုံးပြုကြတယ်။—လုကာ ၁၀:၃၄; ၁ တိမောသေ ၅:၂၃။
သမ္မာကျမ်းစာမှာ သောက်သုံးရမယ့် ပမာဏကို သတ်မှတ်ပေးထားသလား
“ဝိုင်၏ ကျေးကျွန် [မဖြစ်ပါနဲ့။]”—တိတု ၂:၃။
ဘာကြောင့် အရေးကြီးတာလဲ–
မိဘတစ်ယောက် ဒါမှမဟုတ် နှစ်ယောက်စလုံးက အရက်ကို အလွန်အကျွံသောက်တဲ့အတွက် မိသားစုများစွာ စိတ်ဆင်းရဲနေရတယ်။ အရက်အလွန်အကျွံသောက်လို့ ယာဉ်တိုက်မှု အပါအဝင် တခြားမတော်တဆမှု များစွာကိုလည်း ဖြစ်စေတယ်။ အရက်ကို အလွန်အကျွံသောက်တာ အချိန်ကြာလာရင် ဦးနှောက်၊ နှလုံး၊ အသည်းနဲ့ အစာအိမ်ကို ထိခိုက်ပျက်စီးစေနိုင်တယ်။
သမ္မာကျမ်းစာ ပြောဆိုရာ–
အလွန်အကျွံမစားဖို့၊ အလွန်အကျွံမသောက်ဖို့ ဘုရားသခင် တောင်းဆိုထားတယ်။ (သုတ္တံ ၂၃:၂၀; ၁ တိမောသေ ၃:၂၊ ၃၊ ၈) ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းမှုမရှိဘူးဆိုရင် ဘုရားသခင် နှစ်သက်မှာ မဟုတ်ဘူး။ သမ္မာကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “စပျစ်ရည်သည် လှည့်စားတတ်၏။ သေရည်သေရက်သည် ရုန်းရင်းခတ်ပြုခြင်းအမှုကို ဖြစ်စေတတ်၏။ ထိုသို့သောအားဖြင့် မှားယွင်းသောသူသည် ပညာမရှိ။”—သုတ္တံ ၂၀:၁။
ကိုယ်ကျင့်တရားစံနှုန်း ကျဆင်းသွားစေတဲ့ အကြောင်းရင်းတွေထဲမှာ အရက်လည်းပါတယ်။ ဟောရှေ ၄:၁၁ [ခမ] မှာ ဒီလိုပြောထားတယ်– “ငါ၏လူစုသည် စပျစ်ရည်သစ်၊ စပျစ်ရည်ဟောင်းတို့ကို သောက်စားယစ်မူးသဖြင့် အသိဉာဏ်ကင်းမဲ့လျက်ရှိ၏။” ဂျွန်ဆိုတဲ့အမျိုးသားတစ်ယောက်က အဆိုးတွေကြုံရပြီးမှ သင်ခန်းစာရခဲ့တယ်။ * သူ့အမျိုးသမီးနဲ့ စကားများပြီး ဟိုတယ်ကို ထွက်သွားခဲ့တယ်။ အရက်အလွန်အကျွံသောက်ပြီး လိင်အကျင့်ယိုယွင်းခဲ့တယ်။ အဲဒီလိုဖြစ်ပြီးတဲ့နောက် အကြီးအကျယ်နောင်တရပြီး နောက်ဘယ်တော့မှ ပြန်မလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အရက်ကို အလွန်အကျွံသောက်တာက ကာယပိုင်း၊ မှားမှန်ပိုင်းခြားနိုင်စွမ်းနဲ့ ဝတ်ပြုရေးပိုင်းကိုပါ ထိခိုက်စေနိုင်တယ်။ သောက်ကြူးသူက ထာဝရအသက်ရမှာ မဟုတ်ဘူးလို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။—၁ ကောရိန္သု ၆:၉၊ ၁၀။
ဘယ်အချိန်မှာ ရှောင်သင့်သလဲ
“စဉ်းစားဉာဏ်ရှိသူတို့သည် မိမိတို့ကြုံတွေ့ရမည့် ဒုက္ခကို ကြိုတင်တွေ့ မြင်၍ ရှောင်ရှားတတ်ကြ၏။ စဉ်းစားဉာဏ်မဲ့သူတို့မူကား ဒုက္ခနှင့်ထိပ်တိုက်ဝင်၍ တိုးပြီးခါမှ နောင်တရတတ်ကြလေသည်။”—သုတ္တံ ၂၂:၃၊ ခမ။
ဘာကြောင့်အရေးကြီးတာလဲ–
“အရက်က အစွမ်းထက်တဲ့မူးယစ်ဆေးပဲ” လို့ စွယ်စုံကျမ်းတစ်ကျမ်း (World Book Encyclopedia) မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် တချို့အခြေအနေ၊ အချိန်အခါတွေမှာ အရက်ကို တော်ရုံသင့်ရုံ သောက်သုံးမယ်ဆိုရင်တောင် ပညာမဲ့ရာကျနိုင်တယ်။
သမ္မာကျမ်းစာပြောဆိုရာ–
လူတွေက မသောက်သင့်တဲ့အချိန်မှာ သောက်တဲ့အတွက်ကြောင့် ဒုက္ခရောက်ရကြတယ်။ “ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏” ဆိုတဲ့ သမ္မာကျမ်းစာဖော်ပြချက်က အရက်မသောက်ရမယ့် အချိန်လည်းရှိတယ်ဆိုတာ ပြတယ်။ (ဒေသနာ ၃:၁) ဥပမာ၊ နိုင်ငံတချို့မှာဆိုရင် ဥပဒေအရ အသက်မပြည့်သေးတာဖြစ်မယ်။ အရက်ဖြတ်ထားတဲ့သူဆိုရင်လည်း မသောက်သင့်ဘူး။ အရက်နဲ့မတည့်တဲ့ ဆေးဝါးသုံးစွဲနေရင်လည်း ရှောင်ရမှာဖြစ်တယ်။ အလုပ်မသွားခင်၊ အလုပ်ချိန်၊ အထူးသဖြင့် အန္တရာယ်ရှိတဲ့ စက်ကိရိယာတွေ ကိုင်တွယ်တဲ့အချိန်တွေမှာ မသောက်သင့်ဘူး။ အသက်နဲ့ကျန်းမာရေးက ဘုရားသခင်ဆီက အဖိုးတန်ဆုဆိုတာ မမေ့ပါနဲ့။ (ဆာလံ ၃၆:၉) အရက်နဲ့ပတ်သက်တဲ့ ကျမ်းစာမူတွေကို လိုက်နာခြင်းအားဖြင့် အဲဒီဆုကို တန်ဖိုးထားကြောင်း တင်ပြနိုင်ပါတယ်။
^ အပိုဒ်၊ 11 နာမည်ပြောင်းထားပါတယ်။