မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးအကြောင်းအရာ

စိတ်ဖိစီးမှု—ဖြေရှင်းနိုင်တဲ့နည်းလမ်းများ

စိတ်ဖိစီးမှု—ဖြေရှင်းနိုင်တဲ့နည်းလမ်းများ

“ဘီးလုံးထဲမှာ ပြေးနေရတဲ့ ကြွက်တစ်ကောင်လိုပဲ ကျွန်တော် ခံစားနေရတယ်၊ ဘယ်ကိုမှလည်း ခရီးမပေါက်ဘူး။ တစ်နေ့ကို ၁၆ နာရီလောက် အလုပ်လုပ်ရတယ်၊ ပိတ်ရက်လည်း မရှိသလောက်ပဲ။ သမီးလေးအိပ်ပျော်ပြီးနောက်မှ အိမ်ပြန်ရောက်ရတော့ စိတ်မကောင်းဘူး။ စိတ်ဖိစီးမှုကြောင့် ကျွန်တော် ဖျားတော့တာပဲ။”—ကာရီ၊ ဖင်လန်နိုင်ငံ။

ကာရီရဲ့အဖြစ်က အဆန်းတော့ မဟုတ်ပါဘူး။ အင်္ဂလန်နိုင်ငံ စိတ်ကျန်းမာရေးအဖွဲ့တစ်ဖွဲ့ရဲ့အဆိုအရ စိတ်ဖိစီးမှုကြောင့် ဗြိတိသျှအလုပ်သမား ၅ ယောက်မှာ ၁ ယောက်က အလုပ်မှာ နေမကောင်းဖြစ်တယ်၊ မဖြေရှင်းနိုင်တဲ့ဖိအားတွေကြောင့် ၄ ယောက်မှာ ၁ ယောက်က အလုပ်မှာငိုတယ်လို့ ပြောကြတယ်။ မကြာသေးမီကဖြစ်ခဲ့တဲ့ စီးပွားရေးကပ်ဆိုက်တဲ့ တစ်နှစ်အတွင်းမှာ စိတ်ကျဝေဒနာ သက်သာဆေးဝယ်သူတွေ အဆမတန် တိုးများလာခဲ့တာ တွေ့ရပါတယ်။

သင့်ကို ဘာက စိတ်ဖိစီးမှုဖြစ်စေတာလဲ

  • ငွေကြေး ဒါမှမဟုတ် တခြားအရာအတွက်—စိုးရိမ်သောကရောက်မှုများ

  • မဖြစ်မနေလုပ်ရမယ့် အလုပ်တာဝန်များ

  • လူမှုဆက်ဆံရေး မပြေလည်မှုများ

  • စိတ်ဒဏ်ရာစွဲကျန်ခဲ့တဲ့ ဘဝအတွေ့အကြုံ

စိတ်ဖိစီးမှုက သင့်ကို ဘယ်လိုထိခိုက်သလဲ

  • ကျန်းမာရေးချို့တဲ့ခြင်း

  • စိတ်မောလူမောဖြစ်ခြင်း

  • အိပ်မပျော်ခြင်း

  • စိတ်ကျဝေဒနာခံစားရခြင်း

  • လူတွေနဲ့ပေါင်းသင်းချင်စိတ် မရှိခြင်း

စိတ်ဖိစီးတဲ့အခါ ခန္ဓာကိုယ်က အံ့ဩစရာကောင်းလောက်အောင် အရေးပေါ် တုံ့ပြန်လုပ်ဆောင်ပါတယ်။ ဟော်မုန်းတွေထွက်လာတဲ့အတွက် အသက်ရှူမြန်၊ နှလုံးခုန်နှုန်းမြန်လာပြီး သွေးဖိအားတိုးလာတယ်။ အရန်သိုမှီးထားတဲ့ သွေးဆဲလ်တွေ၊ ဂလူးကို့စ်တွေ သွေးကြောထဲစီးဝင်သွားတယ်။ အဲဒီလိုအဖက်ဖက်ကနေ တုံ့ပြန်လုပ်ဆောင်မှုတွေက စိတ်ဖိစီးမှုဖြစ်ပေါ်စေတဲ့အရာကို ကိုင်တွယ်ဖြေရှင်းဖို့ ပြင်ဆင်ပေးတာဖြစ်တယ်။ စိတ်ဖိစီးမှုပြေသွားတဲ့အခါ ခန္ဓာကိုယ်ဟာ ပုံမှန်ပြန်ဖြစ်လာတယ်။ ဆက်ပြီးစိတ်ဖိစီးနေမယ်ဆိုရင်တော့ တစ်ချိန်လုံးဖွင့်ထားတဲ့ စက်တစ်ခုလိုပဲ အကြာကြီးစိတ်အနှောင့်အယှက်ဖြစ်မယ်၊ နေမထိထိုင်မသာဖြစ်လာနိုင်တယ်။ ဒါကြောင့် စိတ်ဖိစီးမှု ဖြေရှင်းနိုင်ပုံကို သိထားခြင်းက ကိုယ်ရောစိတ်ပါကျန်းမာအောင် အထောက်အကူပြုတယ်။

စိတ်ဖိစီးမှုကို ဖြေရှင်းနည်း

စိတ်ဖိစီးမှုကိုယ်နှိုက်က တကယ်တမ်း အန္တရာယ်မဖြစ်စေပါဘူး။ အမေရိကန်စိတ္တဗေဒအဖွဲ့က ဒီလိုဆိုပါတယ်– “စိတ်ဖိစီးမှုဆိုတာ လူတစ်ယောက်ရဲ့ စိတ်အခြေအနေကို သိစေတဲ့အရာပါ။ တယောကြိုးလိုပါပဲ၊ ကြိုးလျော့နေမယ်ဆိုရင် အသံထူထူနဲ့ ပျင်းစရာကောင်းမှာဖြစ်သလို ကြိုးတင်းနေမယ်ဆိုရင်လည်း အသံစူးပြီး ကြိုးတောင်ပြတ်သွားနိုင်ပါတယ်။ အလားတူပဲ၊ စိတ်ဖိစီးမှုများရင် အသက်အန္တရာယ်ရှိနိုင်သလို စိတ်ဖိစီးမှုအသင့်အတင့်ရှိတာက ဘဝကို ပိုစိတ်ဝင်စားစရာဖြစ်စေပါတယ်။ အဓိက,က ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ သိဖို့ပါပဲ။”

စိတ်ဖိစီးမှုနဲ့ပတ်သက်ပြီး ထည့်စဉ်းစားသင့်တာက လူတွေဟာ ပင်ကိုစရိုက်ချင်း၊ သက်လုံကောင်းမှုချင်း မတူကြဘူး ဆိုတဲ့အချက်ပါပဲ။ လူတစ်ယောက်ကို ဖိစီးမှုဖြစ်စေတဲ့အရာက တခြားတစ်ယောက်အတွက် ဖိစီးမှု ဖြစ်ချင်မှဖြစ်မယ်။ ဒီအချက်အရ သင်ဟာ လုပ်နေကျအလုပ်ကို လုပ်နေတာဖြစ်ပေမဲ့ အနားယူမှုမရှိတာ၊ အရေးပေါ်မှပဲ ဖြေရှင်းတတ်တာတွေကြောင့် မခံမရပ်နိုင်အောင် စိတ်ဖိစီးနေတာ ဖြစ်နိုင်တယ်။

ကြာရှည်ခံစားနေရတဲ့ စိတ်ဖိစီးမှုကိုဖြေဖို့ဆိုပြီး တချို့က အရက်သောက်တယ်၊ မူးယစ်ဆေးသုံးတယ်၊ ဆေးလိပ်သောက်၊ ဆေးငုံတာတွေ လုပ်ကြတယ်။ တချို့ကျတော့ စားသောက်ပုံတွေ မူမမှန်တော့တာ၊ တီဗွီရှေ့၊ ကွန်ပျူတာ ရှေ့မှာ မထတမ်းထိုင်တာ စတဲ့ ပြဿနာပြေလည်သွားမယ့်အရာတွေမဟုတ်ဘဲ ပိုဆိုးစေမယ့်အရာတွေကို လုပ်ကြတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို ထိထိရောက်ရောက် ဘယ်လိုဖြေရှင်းနိုင်သလဲ။

လူများစွာကတော့ သမ္မာကျမ်းစာမှာတွေ့ရတဲ့ လက်တွေ့ကျအကြံဉာဏ်တွေကို ကျင့်သုံးပြီး ဘဝရဲ့ဖိစီးမှုတွေကို ဖြေရှင်းကြတယ်။ အဲဒီ လက်တွေ့အသုံးချနိုင်တဲ့ ကျမ်းစာအကြံပေးချက်တွေက သင့်ကိုလည်း အကူအညီပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုဖြစ်စေတတ်တဲ့ အကြောင်းရင်းလေးခုကို သုံးသပ်ကြည့်ပါ။

၁ စိုးရိမ်သောက

လူတိုင်း စိုးရိမ်သောက မကင်းကြပါဘူး။ အကြောင်းကတော့ သမ္မာကျမ်းစာပြောသလို “အားလုံးက မမျှော်လင့်ထားတဲ့အချိန်မှာ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေကို ကြုံရတတ်” လို့ပါ။ (ဒေသနာ ၉:၁၁ကဘ) စိုးရိမ်သောကရောက်နေတယ်ဆိုရင် ဘယ်လိုဖြေရှင်းနိုင်မလဲ။ ဒီအကြံပြုချက်တွေကို စမ်းကြည့်ပါ။

  • မိသားစုထဲက ယုံကြည်စိတ်ချရသူတစ်ယောက်၊ မိတ်ဆွေတစ်ယောက်နဲ့ တိုင်ပင်ပါ။ ကိုယ်ချစ်ရတဲ့သူတွေက ကိုယ့်ကိုထောက်မပေးတယ်ဆိုရင် အများအားဖြင့် စိတ်ဖိစီးမှုဒဏ်ကို လျော့နည်းစေတယ်ဆိုပြီး လေ့လာမှုတွေက ဖော်ပြတယ်။ “အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ်၏။ ညီအစ်ကိုသည် ဒုက္ခကာလအဖို့ မွေးဖွားလျက်ရှိ၏” ဆိုတာအမှန်ပါပဲ။—သုတ္တံ ၁၇:၁၇

  • အခြေအနေ အဆိုးဆုံးကိုပဲ တစ်ချိန်လုံး တွေးမနေပါနဲ့။ အဲဒီလိုတွေးနေတာက စိတ်ဓာတ်ခွန်အားတွေကို ဆုတ်ယုတ်စေပါတယ်။ ကိုယ်စိုးရိမ်တဲ့အတိုင်းလည်း ဖြစ်ချင်မှဖြစ်တာပါ။ “နက်ဖြန်နေ့အဖို့ ဘယ်သောအခါမျှ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိစိုးရိမ်စရာနှင့်မိမိ ရှိလိမ့်မည်” လို့ သမ္မာကျမ်းစာမှာပြောတာက တကယ်မှန်ပါတယ်။—မဿဲ ၆:၃၄

  • ဆုတောင်းခြင်းကနေရတဲ့ အစွမ်းခွန်အားကိုလည်း လျှော့မတွက်ပါနဲ့။ ဘုရားသခင်ဟာ “သင်တို့ကို ဂရုစိုက်တော်မူသောကြောင့် စိုးရိမ်စရာရှိသမျှကို ကိုယ်တော့်ထံ ပုံအပ်ထားလော့” ဆိုပြီး ၁ ပေတရု ၅:၇ ကပြောတယ်။ အကူအညီလိုအပ်နေချိန်မှာ နှစ်သိမ့်မှုနဲ့ ထောက်မမှုပေးဖို့ ဘုရားသခင်ထံ စိတ်ရင်းမှန်နဲ့ တောင်းလျှောက်သူတွေကို ကိုယ်တော် ‘ပစ်မထား’ ဘူးလို့ အာမခံထားတယ်။ စိတ်ငြိမ်သက်မှုကိုလည်း ပေးတယ်။—ဟေဗြဲ ၁၃:၅; ဖိလိပ္ပိ ၄:၆၊ ၇

၂ မဖြစ်မနေလုပ်ရမယ့် အလုပ်တာဝန်များ

အိမ်ကနေ အလုပ်သွား၊ အလုပ်လုပ်၊ လေ့လာသင်ယူ၊ ကလေး တွေနဲ့ အိုမင်းနေတဲ့မိဘတွေကို စောင့်ရှောက်ခြင်း စတဲ့ မဖြစ်မနေလုပ်ရမယ့်အလုပ်တွေကို မနားတမ်းလုပ်ရတဲ့အခါ စိတ်ဖိစီးမှု တိုးလာနိုင်ပါတယ်။ ဒီအလုပ်တွေကို မလုပ်ဘဲ ရပ်ထားလို့ကလည်းမဖြစ်ပြန်ဘူး။ (၁ တိမောသေ ၅:၈) ဒါဆိုရင် ဘယ်လိုဖြေရှင်းနိုင်မလဲ။

  • နားဖို့အချိန်သတ်မှတ်ပြီး လုံလုံလောက်လောက်အနားယူပါ။ “လက်တစ်ဆုပ်စာအနားယူရတာက လက်နှစ်ဆုပ်စာ ပင်ပင်ပန်းပန်းလုပ်ဆောင်ပြီး လေကိုလိုက်ဖမ်းရတာထက် ပိုကောင်းတယ်” ဆိုပြီး သမ္မာကျမ်းစာကပြောတယ်။ —ဒေသနာ ၄:၆ကဘ။

  • ဦးစားထားလုပ်ရမယ့်အရာတွေကို သတ်မှတ်ပါ၊ ဘဝကို ရိုးရိုးရှင်းရှင်းထားပါ။ (ဖိလိပ္ပိ ၁:၁၀) အသုံးစရိတ်လျှော့ချနိုင်မလား ဒါမှမဟုတ် အလုပ်ချိန်လျှော့ချနိုင်မလားဆိုတာ သုံးသပ်ပါ။—လုကာ ၂၁:၃၄၊ ၃၅

အစပိုင်းမှာဖော်ပြခဲ့တဲ့ ကာရီဟာ သူ့ရဲ့အသက်တာကို ပြန်ဆန်းစစ်ကြည့်ခဲ့တယ်။ “တစ်ကိုယ်ကောင်းဆန်နေတယ်ဆိုတာ တွေ့လိုက်ရတယ်” လို့ သူပြောတယ်။ သူ့ရဲ့စီးပွားရေးလုပ်ငန်းကို ရောင်းလိုက်ပြီး မိသားစုအတွက် အချိန်ပိုပေးနိုင်တဲ့အလုပ်ကို ရွေးခဲ့တယ်။ သူဒီလိုပြောတယ်– “အရင်တုန်းကလိုတော့ မသုံးနိုင်တော့ဘူးပေါ့။ ဒါပေမဲ့ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးမှာ စိတ်ဖိစီးမှုနည်းလာတယ်။ မိသားစု၊ မိတ်ဆွေတွေကို အချိန်ပေးလာနိုင်ပြီ။ ဒါကြောင့် ဘယ်လောက်အကျိုးအမြတ်ရှိတဲ့ အလုပ်ပဲဖြစ်ပါစေ ကျွန်တော့်ရဲ့ စိတ်ချမ်းသာမှုနဲ့ မလဲနိုင်တော့ဘူး။”

၃ လူမှုဆက်ဆံရေး မပြေလည်မှုများ

တခြားသူတွေနဲ့၊ အထူးသဖြင့် အလုပ်မှာရှိတဲ့သူတွေနဲ့ မပြေလည်ရင် စိတ်အရမ်းဖိစီးမှာဖြစ်တယ်။ အဲဒီလိုပြဿနာနဲ့ ကြုံနေရတယ်ဆိုရင် အကူအညီဖြစ်စေတဲ့အရာ တော်တော် များများရှိပါတယ်။

  • တစ်ယောက်ယောက်က သင့်ကိုစိတ်ဆိုးအောင် လုပ်တယ်ဆိုရင် စိတ်တည်တည်ငြိမ်ငြိမ် ထားပါ။ မီးလောင်ရာ လေပင့်ဖြစ်သွားစေတဲ့ အပြုအမူမျိုး မလုပ်ပါနဲ့။ “ဖြည်းညင်းသောစကားသည် စိတ်ကိုဖြေတတ်၏။ ကြမ်းတမ်းသောစကားမူကား အမျက်ကို နှိုးဆော်တတ်၏” ဆိုပြီး သုတ္တံ ၁၅:၁ မှာ ဖော်ပြထားပါတယ်။

  • သဘောထားကွဲလွဲမှုတွေကို နှစ်ယောက်သား အေးအေးဆေးဆေး ဖြေရှင်းပါ။ အဲဒီလိုလုပ်တာက တစ်ဖက်သားကို လေးစားရာရောက်ပါတယ်။—မဿဲ ၅:၂၃-၂၅

  • တစ်ဖက်သားရဲ့ခံစားချက်၊ ရှုမြင်ချက်ကို ထိုးထွင်းသိမြင်အောင် ကြိုးစားကြည့်ပါ။ အဲဒီလိုလုပ်တာက တစ်ဖက်သားရဲ့အခြေအနေကို နားလည်သဘောပေါက်စေတဲ့အတွက် “ဒေါသကို ချုပ်တည်း” နိုင်စေပါတယ်။ (သုတ္တံ ၁၉:၁၁) တခြားသူတွေ ကိုယ့်ကို ဘယ်လိုမြင်နေသလဲဆိုတာကိုလည်း တွေ့မြင်လာစေတယ်။

  • ခွင့်လွှတ်တတ်အောင် ကြိုးစားပါ။ ခွင့်လွှတ်တယ်ဆိုတာ အရည်အသွေးကောင်းတစ်ခုလောက်ပဲ မဟုတ်ပါဘူး။ ဆေးစွမ်းကောင်းတစ်လက်လည်း ဖြစ်တယ်။ ၂၀၀၁ ခုနှစ် လေ့လာမှုတစ်ခုအရ “ခွင့်မလွှတ်ဘဲ တေးမှတ်ထားတာက သွေးတိုးတက်လာစေတဲ့အပြင် နှလုံးခုန်နှုန်းပိုမြန်လာ” စေပြီး ခွင့်လွှတ်တတ်တဲ့သဘောထားက စိတ်ဖိစီးမှုကို လျော့ကျစေတာကို တွေ့ရပါတယ်။—ကောလောသဲ ၃:၁၃

၄ စိတ်ဒဏ်ရာစွဲကျန်ခဲ့တဲ့ ဘဝအတွေ့အကြုံ

ကမ္ဘောဒီးယားနိုင်ငံက နီအန်းဟာ ဒုက္ခတစ်သီတစ်တန်းကြီး ကြုံခဲ့ရတယ်။ ၁၉၇၄ ခုနှစ်၊ လေယာဉ်ကွင်းမှာ ဗုံးပေါက်ကွဲတဲ့အခါ သူ ထိခိုက်ဒဏ်ရာရခဲ့တယ်။ နောက်နှစ်မှာ သူ့ကလေးနှစ်ယောက်၊ အမေနဲ့ ခင်ပွန်း အားလုံးသေဆုံးသွားကြတယ်။ ၂၀၀၀ ပြည့်နှစ်မှာ သူ့ရဲ့အိမ်နဲ့ ပိုင်ဆိုင်သမျှပစ္စည်းအားလုံး မီးလောင်သွားပြီး သုံးနှစ်ကြာပြီးနောက် သူ့ရဲ့ဒုတိယခင်ပွန်းပါ သေဆုံးသွားတယ်။ ဒီတစ်ကြိမ်မှာတော့ သူ အသက်မရှင်ချင်တော့ဘူး။

‘လက်တစ်ဆုပ်စာအနားယူရတာက လက်နှစ်ဆုပ်စာ ပင်ပင်ပန်းပန်း လုပ်ဆောင်ရတာထက် ပိုကောင်းတယ်’

ဒါပေမဲ့ နီအန်းဟာ ဖြေရှင်းနည်းကို တွေ့ရှိခဲ့တယ်။ ကာရီလိုပဲ သူလည်း သမ္မာကျမ်းစာကို လေ့လာခဲ့ပြီး သိရှိတာတွေကနေ အကျိုးများစွာရခဲ့တယ်။ တခြားသူတွေကိုလည်း အဲဒီအကျိုး ခံစားစေချင်တဲ့အတွက် အချိန်ပေးပြောပြနေပါတယ်။ သူ့ရဲ့အဖြစ်က ၂၀၀၈ ခုနှစ်မှာ ဗြိတိသျှပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်ကို သတိရစေတယ်။ “စိတ်ဖိစီးမှုကို ခံနိုင်ရည်ရှိစေတဲ့” နည်းလမ်းတစ်ခုကတော့ “တခြားသူတွေကို တစ်နည်းနည်းနဲ့ ကူညီပေးခြင်း” ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ တကယ်တော့ အဲဒီအချက်ကို သမ္မာကျမ်းစာထဲမှာ ဖော်ပြထားတာ ကြာပါပြီ။—တမန်တော် ၂၀:၃၅

နီအန်းမှာ စိတ်ချယုံကြည်ရတဲ့ အနာဂတ်မျှော်လင့်ချက်လည်း ရှိနေပါပြီ။ အဲဒါကတော့ လူတွေကို ဒုက္ခပေးနေတဲ့ ပြဿနာအားလုံး ကွယ်ပျောက်သွားပြီး ကမ္ဘာတစ်ခုလုံးဟာ ငြိမ်းချမ်းသာယာလာမယ်ဆိုတဲ့ အချက်ပါပဲ။—ဆာလံ ၇၂:၇၊ ၈

ဘဝမှာကြုံနေရတဲ့ စိတ်ဖိစီးမှုအမျိုးမျိုးကို ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ စစ်မှန်တဲ့မျှော်လင့်ချက်နဲ့ အကြံဉာဏ်တွေရှိပါတယ်။ တန်ဖိုးမဖြတ်နိုင်တဲ့ အဲဒီမျှော်လင့်ချက်နဲ့ အကြံဉာဏ်တွေ သမ္မာကျမ်းစာမှာ ပါရှိတယ်။ ကမ္ဘာတစ်ဝန်းက သန်းနဲ့ချီတဲ့သူတွေဟာ ထူးခြားကောင်းမွန်ပြီး အဖိုးထိုက်လှတဲ့ သမ္မာကျမ်းစာကနေ အကျိုးရရှိနေကြပါတယ်။ သင်လည်း အကျိုးရနိုင်ပါတယ်။