သမ္မာကျမ်းစာရှုထောင့်
တွေးတောဆင်ခြင်ခြင်း
တွေးတောဆင်ခြင်ခြင်းဆိုတာ ဘာလဲ
“ပြုတော်မူသမျှတို့ကိုဆင်ခြင်၍ စီရင်တော်မူသောအရာတို့ကို မြွက်ဆိုပါမည်။”—ဆာလံ ၇၇:၁၂။
လူတွေပြောဆိုရာ–
ပုံစံအမျိုးမျိုးနဲ့ တွေးတောဆင်ခြင်ကြတယ်။ တချို့က တရားထိုင်တယ်လို့လည်း ခေါ်ကြပါတယ်။ ပုံစံအတော်များများကတော့ ကမ္ဘာ့အရှေ့ဘက်ခြမ်း ဘာသာတရားတွေကနေ မြစ်ဖျားခံတယ်။ စာရေးဆရာတစ်ယောက်က တရားထိုင်တယ်ဆိုတာ “စိတ်ထဲမှာ ဘာမှမရှိအောင် ရှင်းထုတ်ပစ်လိုက်တာ” လို့ပြောတယ်။ သူ့စကားအရ စကားလုံးတချို့ ဒါမှမဟုတ် ပုံရိပ်တစ်ခုကိုအာရုံပြုပြီး စိတ်ထဲဘာမှမရှိအောင် ရှင်းထုတ်လိုက်တာက စိတ်တည်ငြိမ်စေတယ်၊ စိတ်ကြည်လင်စေတယ်၊ တရားပေါက်စေတယ်ဆိုတဲ့ ရှုမြင်ချက် ထင်ဟပ်နေပါတယ်။
သမ္မာကျမ်းစာပြောဆိုရာ–
သမ္မာကျမ်းစာက တွေးတောဆင်ခြင်ခြင်းကြောင့်ရတဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြထားပါတယ်။ (၁ တိမောသေ ၄:၁၅) ဒါပေမဲ့ ကျမ်းစာကအားပေးတဲ့ တွေးတောဆင်ခြင်ခြင်းက တရားထိုင်သလိုမျိုး စိတ်ထဲမှာ ဘာမှမရှိအောင် ရှင်းထုတ်တာ၊ တရားစာ ဒါမှမဟုတ် စကားလုံးတချို့ကို အထပ်ထပ်ရွတ်ဆိုတာ မဟုတ်ပါဘူး။ ဘုရားသခင်ရဲ့ ဂုဏ်ရည်တော်တွေ၊ စံနှုန်းတွေ၊ ဘုရားသခင့်လက်ရာတွေစတဲ့ အကျိုးဖြစ်စေတဲ့ အကြောင်းအရာကို အဓိပ္ပာယ်ရှိရှိ စဉ်းစားတွေးတောခြင်းကို ဆိုလိုပါတယ်။ “အလုံးစုံသောအမှုတော်တို့ကိုလည်းကောင်း၊ လက်တော်နှင့်ပြုပြင်သော အရာများကိုလည်းကောင်း ဆင်ခြင်ပါ၏” ဆိုပြီး ဘုရားအပေါ်သစ္စာရှိသူ အမျိုးသားတစ်ဦး ဆုတောင်းခဲ့တယ်။ (ဆာလံ ၁၄၃:၅) “ကျွန်တော်မျိုးသည် အိပ်ရာပေါ်တွင် လဲလျောင်းလျက်နေစဉ် ကိုယ်တော်ရှင်အား အောက်မေ့သတိရ ပါ၏။ တစ်ညလုံး ကိုယ်တော်ရှင်၏အကြောင်းကို စဉ်းစားဆင်ခြင်လျက်နေပါ၏” လို့လည်း သူပြောခဲ့တယ်။—ဆာလံ ၆၃:၆၊ ခမ။
တွေးတောဆင်ခြင်ခြင်းကနေ ဘာအကျိုးရနိုင်သလဲ
“ဖြောင့်မတ်သောသူသည် အဘယ်သို့ပြန်ပြောရမည်ကို စိတ်နှလုံးထဲမှာဆင်ခြင်တတ်၏။” —သုတ္တံ ၁၅:၂၈။
သမ္မာကျမ်းစာပြောဆိုရာ–
ကျမ်းစာအားပေးတဲ့ တွေးတောဆင်ခြင်မှုက စိတ်သဘောထား ကောင်းလာစေတယ်၊ ချုပ်တည်းတတ်လာစေတယ်၊ ကောင်းတဲ့ကိုယ်ကျင့်တရားကို ကိုင်စွဲစေတယ်၊ အဲဒါတွေကို အပြောနဲ့အလုပ်မှာ တွေ့လာရတယ်။ (သုတ္တံ ၁၆:၂၃) ဒါကြောင့် ကျမ်းစာ အားပေးတဲ့အတိုင်း တွေးတောဆင်ခြင်တာက ပျော်ရွှင်သာယာတဲ့ဘဝဖြစ်ဖို့ ထောက်ကူပေးတယ်။ ဘုရားတရားနဲ့ဆိုင်တဲ့အကြောင်းကို ပုံမှန်တွေးတောဆင်ခြင်တဲ့သူဟာ “မြစ်နားမှာစိုက်လျက် မိမိအချိန်တန်မှအသီးကိုသီး၍ အရွက်မညှိုးနွမ်းတတ်သော အပင်နှင့်တူ၏။ ပြုလေသမျှတို့၌ အောင်လိမ့်မည်” ဆိုပြီး ဆာလံ ၁:၃ မှာ ပြောထားပါတယ်။
တွေးတောဆင်ခြင်ခြင်းက သဘောပေါက်နားလည်နိုင်စွမ်းနဲ့ မှတ်ဉာဏ်ကိုလည်း တိုးတက်စေပါတယ်။ ဥပမာ၊ ဘုရားပြုလုပ်ထားတဲ့ လက်ရာတစ်ခု ဒါမှမဟုတ် ကျမ်းစာပါ အကြောင်းအရာတစ်ခုကို လေ့လာတဲ့အခါ စိတ်ဝင်စားစရာ အချက်အလက်အများကြီး သိလာရတယ်။ အဲဒီအချက်အလက်တွေကို တွေးတောဆင်ခြင်တဲ့အခါ အဲဒီအချက်အလက်တွေဟာ တစ်ခုနဲ့တစ်ခု ဘယ်လိုဆက်စပ်နေတယ်၊ အရင်သိထားတဲ့အချက်တွေနဲ့လည်း ဘယ်လိုဆက်စပ်နေတယ်ဆိုတာကို သိလာရတယ်။ လက်သမားတစ်ဦးဟာ သစ်ပုံကြီးကနေ လှပတဲ့အိမ်တစ်ဆောင်ဖြစ်အောင် ဆောက်လိုက်သလိုပါပဲ တွေးတောဆင်ခြင်တာက သိရှိထားတဲ့အချက်အလက်တွေကို အချိတ်အဆက်မိမိ “ပေါင်းစပ်” ပြီး မှန်မှန်ကန်ကန် နားလည်သဘောပေါက်လာစေတယ်။
ဘယ်အရာကို တွေးတောဆင်ခြင် နိုင်သလဲ
“စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသောသဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း။” —ယေရမိ ၁၇:၉။
သမ္မာကျမ်းစာပြောဆိုရာ–
“လူအတွင်းရှိ စိတ်နှလုံးထဲမှထွက်လာသည့် မကောင်းသောအကြံအစည်များမှာ မတရားမေထုန်ပြုခြင်း၊ ခိုးခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်း၊ သူ့ဥစ္စာကိုတပ်မက်ခြင်း၊ ဆိုးသွမ်းခြင်း၊ လှည့်စားခြင်း၊ အကျင့်ပျက်ခြင်း၊ မနာလိုမျက်စိရှိခြင်း . . . မိုက်မဲခြင်းတို့ဖြစ်၏။” (မာကု ၇:၂၁၊ ၂၂) ဒါကြောင့် ဘယ်အရာကို တွေးတောဆင်ခြင်မယ်ဆိုတာကို ထိန်းချုပ်ဖို့လိုတယ်။ မတော်လျော်တဲ့အတွေးတွေ ဝင်လာရင် အကျိုးယုတ်စေတဲ့ဆန္ဒတွေကို ဖြစ်ပေါ်လာနိုင်တယ်။ အဲဒီအခါ စိတ်မထိန်းနိုင်ဘဲ မကောင်းမှုတွေ လုပ်မိသွားနိုင်တယ်။—ယာကုပ် ၁:၁၄၊ ၁၅။
ဒါကြောင့် သမ္မာကျမ်းစာက ‘မှန်ကန်သောအရာ၊ ဖြောင့်မတ်သောအရာ၊ စင်ကြယ်သောအရာ၊ ချစ်ဖွယ်သောအရာ၊ အသရေရှိသောအရာ၊ မွန်မြတ်သောအရာ၊ ချီးမွမ်းဖွယ်သောအရာရှိသမျှတို့ကို ဆက်၍ဆင်ခြင်သုံးသပ်ကြလော့’ လို့အားပေးထားခြင်းဖြစ်ပါတယ်။ (ဖိလိပ္ပိ ၄:၈၊ ၉) အဲဒီလိုကောင်းတဲ့အရာတွေကို စိတ်နှလုံးထဲ ထည့်ထားမယ်ဆိုရင် စကားပြောရည်မွန်လာပြီး တခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်တဲ့ အရည်အသွေးကောင်းတွေ ပိုင်ဆိုင်လာပါလိမ့်မယ်။—ကောလောသဲ ၄:၆။