မျက်နှာဖုံးအကြောင်းအရာ
ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်စေတဲ့ သော့ချက်များ
“အိမ်ထောင်ပြုပြီး သားသမီးတွေရှိလာပြီဆိုရင် ငါ့ဘဝတော့ ပျော်ရွှင်ပြီ။”
“ကိုယ်ပိုင်အိမ်တစ်လုံးရပြီဆိုရင် ပျော်ပြီ။”
“ပျော်ရွှင်တဲ့ဘ၀ပိုင်ဆိုင်ဖို့ ငါ့မှာ အလုပ်ကောင်းကောင်းရှိဖို့ပဲ လိုတယ်။”
“ငါ့ဘဝ ပျော်ရွှင်ဖို့ကတော့ . . .”
သင်ကော အဲဒီလိုပဲ ခံစားရသလား။ ကိုယ့်ရည်မှန်းချက် ပြည့်သွားတဲ့အခါ၊ လိုချင်နေတာကို ရလိုက်တဲ့အခါ ဘယ်လောက်ကြာကြာ ပျော်ရွှင်မှု ခံစားရသလဲ။ ခဏလေးနဲ့ ပျောက်သွားသလား။ ရည်မှန်းချက်ပြည့်သွားတာ၊ လိုချင်တာရလိုက်တာက တကယ်ပဲ ပျော်ရွှင်စေပါတယ်။ ဒါပေမဲ့ အဲဒီပျော်ရွှင်မှုက ခဏလေးနဲ့ ပျောက်သွားနိုင်တယ်။ ကြာရှည်ခံတဲ့ပျော်ရွှင်မှုက အောင်မြင်မှု၊ ပိုင်ဆိုင်မှုတွေအပေါ်ပဲ မမူတည်ဘူး။ ကျန်းမာရေးကောင်းဖို့ အချက်များစွာပေါ်မူတည်သလို စစ်မှန်တဲ့ပျော်ရွှင်မှု ခံစားရဖို့လည်း အလားတူပါပဲ။
လူတစ်ယောက်၊ အကြိုက်တစ်မျိုးစီ ရှိကြတယ်။ ကိုယ့်ကို ပျော်ရွှင်စေတဲ့အရာက နောက်တစ်ယောက်အတွက် ပျော်ရွှင်စရာ ဖြစ်ချင်မှဖြစ်မယ်။ အသက်ကြီးလာတာနဲ့အမျှ အကြိုက်တွေလည်း ပြောင်းလဲလာနိုင်တယ်။ ဒါပေမဲ့ အထောက်အထားတွေအရ ရေရှည်တည်မြဲတဲ့ပျော်ရွှင်မှုနဲ့ ဆက်နွှယ် နေတဲ့အရာတွေ ရှိတယ်။ ဥပမာ၊ ရောင့်ရဲတဲ့စိတ်ရှိအောင်၊ မနာလိုစိတ်မရှိအောင်၊ တခြားသူတွေအပေါ် မေတ္တာထားတတ်အောင်၊ စိတ်ဓာတ်ကြံ့ခိုင်အောင် ကြိုးစားတာက စစ်မှန်တဲ့ပျော်ရွှင်မှု ခံစားရစေတယ်။ ဘယ်လို ဆက်စပ်နေသလဲဆိုတာ လေ့လာကြည့်ပါ။
၁။ ရောင့်ရဲတဲ့စိတ်ရှိအောင် ကြိုးစားပါ
ပညာရှိတစ်ဦးက ‘ငွေသည် ကွယ်ကာတတ်၏’ ဆိုပြီး ရေးခဲ့တယ်။ ဒါပေမဲ့ သူဒီလိုလည်း ရေးခဲ့တယ်– “ငွေကိုတပ်မက်သောသူသည် ငွေနှင့်အလိုဆန္ဒမပြေနိုင်။ စည်းစိမ်ကိုတပ်မက်သောသူသည် စည်းစိမ်တိုးပွားသော်လည်း မရောင့်ရဲနိုင်။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။” (ဒေသနာ ၅:၁၀; ၇:၁၂) ဘာကိုပြောချင်တာလဲ။ အသက်ရှင်နေထိုင်ဖို့ ငွေလိုတာမှန်ပေမဲ့ မရောင့်ရဲမတင်းတိမ် လောဘတကြီး ရှာဖွေခြင်းကိုတော့ ရှောင်သင့်ပါတယ်။ ကျမ်းရေးသူလည်းဖြစ်၊ ရှေးခေတ်အစ္စရေးဘုရင်လည်းဖြစ်သူ ရှောလမုန်က စည်းစိမ်ဥစ္စာတွေနဲ့ ဇိမ်ကျကျနေထိုင်တာက စစ်မှန်တဲ့ပျော်ရွှင်မှုကို ဖြစ်စေသလားဆိုတာသိဖို့ လက်တွေ့စမ်းသပ်ခဲ့တယ်။ “ငါ့မျက်စိတပ်မက် လိုချင်သောအရာ တစ်စုံတစ်ခုကိုမျှငါမငြင်း၊ ငါ့စိတ်ရွှင်လန်း စရာ တစ်စုံတစ်ခုကိုမျှမပယ်” ဆိုပြီး သူရေးခဲ့တယ်။ —ဒေသနာ ၁:၁၃; ၂:၁၀။
ရှောလမုန်ဟာ အလွန်ချမ်းသာကြွယ်ဝတဲ့ဘုရင်ဖြစ်တဲ့အတွက် ခမ်းနားတဲ့အိမ်ကြီးတွေ၊ လှပတဲ့ဥယျာဉ်တွေ၊ ရေကန်တွေ တည်ဆောက်တယ်၊ ကျေးကျွန်တွေလည်း အများကြီးရှိတယ်။ သူလိုချင်တာမှန်သမျှကို ပိုင်ဆိုင်ခဲ့တယ်။ ဒါပေမဲ့ ဘာကို သူသိလာခဲ့သလဲ။ အဲဒါတွေက သူ့ကို အတော်အတန် ပျော်ရွှင်စေခဲ့တာတော့ မှန်ပါတယ်။ ဒါပေမဲ့ ရေရှည်မတည်မြဲခဲ့ဘူး။ ‘အဲဒါတွေအားလုံးဟာ အလကားပဲ။ စစ်မှန်တဲ့ တန်ဖိုးရှိတဲ့အရာဆိုလို့ ဘာမှမရှိဘူး’ လို့ သူရေးခဲ့တယ်။ အသက်ရှင်ရတာကိုတောင် သူငြီးငွေ့လာခဲ့တယ်။ (ဒေသနာ ၂:၁၁၊ ၁၇၊ ၁၈၊ ကဘ) ကိုယ့်အလိုဆန္ဒအတိုင်း စိတ်ကြိုက်နေထိုင်တဲ့ဘဝက စိတ်ကျေနပ်မှုမရှိ၊ ပျော်ရွှင်မှုမရှိဘူးဆိုတာကို ရှောလမုန် သိရှိလာခဲ့တယ်။ *
အဲဒီရှေးပညာရှိစကားက ဒီနေ့ခေတ်နဲ့ ကိုက်ညီသေးရဲ့လား။ ဂျာနယ်တစ်စောင် (Journal of Happiness Studies) မှာပါတဲ့ ဆောင်းပါးတစ်ခုမှာ ဒီလိုဖော်ပြထားတယ်– “လူတစ်ယောက်အတွက် အခြေခံလိုအပ်ရာ ရှိပြီဆိုရင် ငွေပိုရှိနေရင်လည်း ပိုပျော်ရွှင်သွားမှာ မဟုတ်ဘူး။” လေ့လာချက်တွေအရ ဝတ်ပြုရေးနဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေကို လျစ်လျူရှုပြီး ငွေကို အကြိုက်သုံးနေတဲ့သူတွေဟာ ပျော်ရွှင်မှုနည်းတာ တွေ့ရတယ်။
သမ္မာကျမ်းစာ အကြံပြုချက်– “သင်တို့၏ဘဝပုံစံတွင် ငွေတပ်မက်ခြင်းကင်း၍ ရှိသမျှနှင့် ရောင့်ရဲလော့။”—ဟေဗြဲ ၁၃:၅။
၂။ မနာလိုစိတ်မရှိအောင် ကြိုးစားပါ
မနာလိုစိတ်ဆိုတာ “သူတစ်ပါးကောင်းစားသည်ကို မကြားလို၊ မလိုလားတာဖြစ်ပြီး သူများမှာရှိတဲ့အရာကို ပိုင်ဆိုင်လိုတဲ့ စိတ်ဓာတ်” ဖြစ်တယ်။ လူတစ်ယောက်မှာ မနာလိုစိတ်ဝင်နေပြီဆိုရင် ပျော်ရွှင်မှာ မဟုတ်ဘူး။ မနာလိုစိတ် ဘယ်လိုစပြီး အမြစ်တွယ်လာနိုင်သလဲ။ အဲဒီစိတ် ဝင်နေ၊ မနေ ဘယ်လို သိနိုင်သလဲ။ အဲဒီစိတ်ကို ဘယ်လို ဖျောက်ဖျက်နိုင်သလဲ။
လူတွေဟာ ကိုယ်နဲ့သက်တူရွယ်တူ၊ နောက်ခံချင်း၊ အတွေ့အကြုံချင်းတူတဲ့သူတွေအပေါ် မနာလိုစိတ်ဝင်တတ်ကြတယ်ဆိုပြီး စွယ်စုံကျမ်း (Encyclopedia of Social Psychology) တစ်စောင်မှာ ဖော်ပြထားတယ်။ ဥပမာ၊ အရောင်းစာရေးတစ်ယောက်ဟာ နာမည်ကြီးရုပ်ရှင်သရုပ်ဆောင် တစ်ယောက်ကို မနာလိုစိတ်ဝင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်ထက်ပိုသာနေတဲ့ တခြားအရောင်းစာရေးတစ်ဦးကို မနာလိုဖြစ်နေနိုင်တယ်။
ဥပမာ၊ ရှေးခေတ်ပါးရှားနိုင်ငံမှာရှိတဲ့ မင်းအရာရှိတချို့ဟာ ဘုရင်ကို မနာလိုစိတ်မဝင်ဘဲ သူတို့ထက် ပိုထင်ပေါ်နေတဲ့ မင်းအရာရှိချင်းဖြစ်တဲ့ ဒံယေလကို မနာလိုဖြစ်ခဲ့ကြတယ်။ အဲဒီအတွက် သူတို့တွေ စိတ်မပျော်ခဲ့ကြဘူး၊ ဒံယေလကိုသတ်ဖို့အထိ ကြံစည်ခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့အကြံအစည် မအောင်မြင်ခဲ့ဘူး။ (ဒံယေလ ၆:၁-၂၄) ဖော်ပြခဲ့တဲ့ စွယ်စုံကျမ်းမှာ ဒီလိုလည်းဆိုထားပါတယ်– “မနာလိုစိတ်က တခြားသူဒုက္ခရောက်အောင် လုပ်တတ်တယ်ဆိုတာကို အသိအမှတ်ပြုဖို့ အရေးကြီးတယ်။ သမိုင်းတစ်လျှောက်မှာ အဲဒီလို မနာလိုစိတ်တွေကြောင့် အကြမ်းဖက်လုပ်ရပ်များစွာ ဖြစ်ခဲ့တယ်။” *
မနာလိုစိတ်ကြောင့် ကိုယ့်မှာ ရှိနေတဲ့ ကောင်းတာတွေကို တန်ဖိုးထားရမှန်း မသိတော့ဘူး
မနာလိုစိတ်ဝင်နေ၊ မနေ ဘယ်လိုသိနိုင်သလဲ။ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘သက်တူရွယ်တူတစ်ယောက် အောင်မြင်သွားတဲ့အခါ ငါဝမ်းသာသလား ဒါမှမဟုတ် မကျေမနပ်ဖြစ်သလား။ မောင်နှမတစ်ဦး၊ စာတော်တဲ့ အတန်းဖော်တစ်ဦး၊ အလုပ်ဖော်တစ်ဦး ၡုံးနိမ့်သွားတဲ့အခါ ငါဝမ်းနည်းသလား ဒါမှမဟုတ် ကျိတ်ပျော်နေသလား။ “မကျေမနပ်ဖြစ်တယ်၊” “ကျိတ်ပျော်နေတယ်” လို့ဖြေတယ် ဆိုရင်တော့ မနာလိုစိတ်ဝင်နေပါပြီ။ (ကမ္ဘာဦး ၂၆:၁၂-၁၄) ဖော်ပြခဲ့တဲ့ စွယ်စုံကျမ်းမှာ ဒီလိုလည်း ဆိုထားပါတယ်– “မနာလိုစိတ်ကြောင့် ဝမ်းသာရမယ့်ကိစ္စမှာ ဝမ်းသာရမှန်း မသိတော့ဘူး၊ ကိုယ့်မှာ ရှိနေတဲ့ ကောင်းတာတွေကို တန်ဖိုးထားရမှန်းလည်း မသိတော့ဘူး။ . . . အဲဒီအတွက်ကြောင့် ပျော်ရွှင်မှုမခံစားရတော့ဘူး။”
နှိမ့်ချတဲ့စိတ်၊ ကျိုးနွံတဲ့စိတ်ဟာ တခြားသူတွေရဲ့ အောင်မြင်မှုတွေ၊ အရည်အသွေးကောင်းတွေကို တန်ဖိုးထားလေးမြတ်စေနိုင်တဲ့အတွက် အဲဒီစိတ်တွေရှိအောင် ကြိုးစားမယ်ဆိုရင် မနာလိုစိတ်ကို ဖျောက်ဖျက်နိုင်ပါတယ်။ “ဂုဏ်ပြိုင်လိုသောစိတ်ဖြင့်လည်းကောင်း၊ အတ္တစိတ်ဖြင့်လည်းကောင်း မည်သည့်အမှုကိုမျှ မပြုကြနှင့်။ သူတစ်ပါးသည် မိမိထက် သာလွန်သည်ဟု နှိမ့်ချသောစိတ်နှင့် ယူမှတ်ကြလော့” ဆိုပြီး သမ္မာကျမ်းစာက ဆိုတယ်။—ဖိလိပ္ပိ ၂:၃။
သမ္မာကျမ်းစာ အကြံပြုချက်– “အတ္တဆန်ခြင်း၊ အချင်းချင်းပြိုင်ဆိုင်ခြင်း၊ အချင်းချင်းငြူစူခြင်း မပြုဘဲ နေကြစို့။”—ဂလာတိ ၅:၂၆။
၃။ လူတွေအပေါ် မေတ္တာထားတတ်အောင် ကြိုးစားပါ
“လူတွေကို အဓိကစိတ်ကျေနပ်မှုပေးတာက အချင်းချင်း ကြားမှာ ဆက်ဆံရေးကောင်းရှိတာဖြစ်ပြီး အလုပ်၊ ဝင်ငွေ၊ အသိုင်းအဝိုင်း၊ ကျန်းမာရေးကြောင့် ခံစားရတဲ့ စိတ်ကျေနပ်မှုထက် ပိုသာတယ်” လို့ ဖော်ပြခဲ့တဲ့စွယ်စုံကျမ်းမှာ ပြောထားတယ်။ ရိုးရိုးလေးပြောရရင် ပျော်ရွှင်တဲ့ဘဝပိုင်ဆိုင်ဖို့ မေတ္တာပြဖို့လိုသလို မေတ္တာရဖို့လည်းလိုတယ်။ “ချစ်ခြင်းမေတ္တာ မရှိလျှင် အချည်းနှီးဖြစ်၏” ဆိုပြီး ကျမ်းရေးသူတစ်ဦး ရေးခဲ့တယ်။—၂ ကောရိန္သု ၁၃:၂။
မေတ္တာထားတတ်အောင် ကြိုးစားဖို့ နောက်ကျသွားပြီ ဆိုတာ မရှိပါဘူး။ ဥပမာ၊ ဗက်နက်ဆာရဲ့အဖြစ်ကို ကြည့်ရအောင်။ သူ့အဖေက ရက်စက်ယုတ်မာတဲ့ အရက်သမား တစ်ယောက် ဖြစ်တယ်။ ဗက်နက်ဆာ ၁၄ နှစ်အရွယ်မှာ အိမ်ကထွက်ပြေးပြီး အိုးမဲ့အိမ်မဲ့တွေအတွက် ဂေဟာတွေမှာ နေထိုင်ခဲ့တယ်။ ဂေဟာတစ်ခုမှာနေတုန်း ဘုရားသခင်ဆီ ဆုတောင်းခဲ့တာကို သူမှတ်မိသေးတယ်။ “မေတ္တာသည် စိတ်ရှည်တတ်၏၊ ကြင်နာတတ်၏” ဆိုတဲ့ ကျမ်းစာလမ်းညွှန်ချက်အတိုင်းနေထိုင်တဲ့ မိသားစုနဲ့အတူ နေထိုင်ခွင့်ရခဲ့လို့ သူ့ဆုတောင်းချက်ကို ဘုရားအဖြေပေးခဲ့တာဖြစ်မယ်။ (၂ ကောရိန္သု ၁၃:၄) အဲဒီလို၀န်းကျင်မှာ နေခွင့်ရတဲ့အပြင် ကိုယ်တိုင်ကလည်း သမ္မာကျမ်းစာလေ့လာပြီး သိရှိလာတာတွေကြောင့် ဗက်နာဆာရဲ့ စိတ်ဒဏ်ရာဒဏ်ချက်တွေ တဖြည်းဖြည်း သက်သာလာတယ်။ ဒါ့အပြင် “ကျောင်းမှာလည်း တဖြည်းဖြည်းနဲ့ အဆင့်ကောင်းလာတယ်” လို့ သူပြောပြတယ်။
ဗက်နက်ဆာမှာ စိတ်ဒဏ်ရာဒဏ်ချက်တွေတော့ ရှိနေဆဲပဲ။ ဒါပေမဲ့ အခုဆိုရင် သမီးနှစ်ယောက်ရှိတဲ့ ပျော်ရွှင်တဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပါပြီ။
သမ္မာကျမ်းစာ အကြံပြုချက်– ‘ချစ်ခြင်းမေတ္တာကို ဝတ်ဆင်ကြလော့။ ချစ်ခြင်းမေတ္တာသည် စည်းလုံးခြင်းအတွက် ခိုင်မြဲသော နှောင်ကြိုးဖြစ်၏။’—ကောလောသဲ ၃:၁၄။
၄။ စိတ်ဓာတ်ကြံ့ခိုင်အောင် ကြိုးစားပါ
ပြဿနာကင်းတဲ့သူဆိုလို့ ဘယ်သူမှ မရှိပါဘူး။ “ငိုရသောအချိန်၊” “ညည်းတွားရသောအချိန်” ရှိတယ်ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားပါတယ်။ (ဒေသနာ ၃:၄) စိတ်ဓာတ်ကြံ့ခိုင်မယ်ဆိုရင် အခက်အခဲတွေကြားမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဆက်ရှင်သန်သွားနိုင်မှာဖြစ်တယ်။ ကာရယ်လ်နဲ့ မေးဒရက်ရဲ့အဖြစ်ကို သုံးသပ်ကြည့်ပါ။
ကာရယ်လ်မှာ ဆီးချို၊ ကျောရိုးတဖြည်းဖြည်းပျက်စီးလာတဲ့ ရောဂါ၊ အိပ်ပျော်နေစဉ် အသက်ရှူကျပ်တဲ့ရောဂါ၊ ကြွက်သားတွေ တဖြည်းဖြည်းပျက်စီးလာတဲ့ရောဂါတွေအပြင် ဘယ်ဘက်မျက်စိပါ ကွယ်နေတယ်။ ဒါတောင် သူဒီလိုပြောတယ်– “အကြာကြီး စိတ်ဓာတ်ကျမနေအောင် ကြိုးစားတယ်။ ကိုယ့်ရဲ့သနားစရာအဖြစ်ကိုတော့ လက်ခံတယ်။ ဒါပေမဲ့ အဲဒီသနားစရာအဖြစ်ကိုပဲ တွေးမနေဘူး။ ကျွန်မလုပ်နိုင်တာတွေ၊ အထူးသဖြင့် တခြားသူတွေအတွက် ကျွန်မလုပ်နိုင်တာတွေ ရှိသေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်တယ်။”
မေးဒရက်မှာလည်း လေးဖက်နာ၊ ရင်သားကင်ဆာ၊ ဆီးချိုရောဂါရှိပြီး နေထိုင်မကောင်းဖြစ်နေတာ များတယ်။ ကာရယ်လ်လိုပဲ သူလည်း သူ့ရဲ့ရောဂါတွေကိုပဲ အာရုံစိုက်မနေဘူး။ “လူတွေကို မေတ္တာပြတတ်အောင်၊ ဖျားနာနေတဲ့သူတွေကို နှစ်သိမ့်ပေးတတ်အောင် သင်ယူခဲ့တယ်။ အဲဒါက ကျွန်မ အတွက်လည်း အထောက်အကူဖြစ်တယ်။ တခြားသူတွေကို နှစ်သိမ့်ပေးနေတဲ့အခါ ကိုယ့်အကြောင်း သိပ်မစဉ်းစားဖြစ်တော့ဘူး” လို့သူပြောပြတယ်။
သူတို့နှစ်ယောက်လုံးဟာ ဆေးကုသမှု ခံယူနေကြပါတယ်။ ဒါပေမဲ့ သူတို့က ကိုယ့်ကျန်းမာရေးအခြေအနေအပေါ်မဟုတ်ဘဲ ဘယ်လိုစိတ်သဘောထား ထားမလဲ၊ အချိန်ဘယ်လို သုံးမလဲ ဆိုတဲ့အပေါ် အဓိကအာရုံစိုက်တယ်။ အဲဒါကြောင့်လည်း တခြားဘယ်သူ့ကြောင့်မှ ပျောက်ပျက်မသွားနိုင်တဲ့ စိတ်ရွှင်လန်းမှုကို သူတို့ခံစားနေရတယ်။ သူတို့ကိုချစ်ခင်တဲ့သူတွေ များတဲ့အပြင် ဒုက္ခတွေကြုံလာရတဲ့သူတွေကလည်း သူတို့ကိုကြည့်ပြီး အားယူကြတယ်။
သမ္မာကျမ်းစာ အကြံပြုချက်– “စမ်းသပ်မှုကို ဆက်၍ခံရပ်သူသည် ပျော်ရွှင်၏။ အကြောင်းမူကား ထိုသူသည် နှစ်သက်တော်မူခြင်း ခံရသောကြောင့် . . . ကတိပြုထားသည့် အသက်သရဖူကို ရလိမ့်မည်။”—ယာကုပ် ၁:၁၂။
သမ္မာကျမ်းစာမှာပါတဲ့ ပညာရှိစကားတွေကို လက်တွေ့ ကျင့်သုံးသူနဲ့ပတ်သက်ပြီး ကျမ်းစာက ဒီလိုပြောတယ်– “ပညာကိုကိုင်ဆွဲသောသူသည် အသက်ပင်ကိုရပြီ။ လက်မလွှတ်သောသူသည် မင်္ဂလာရှိ [ပျော်ရွှင်၊ ကဘ] ၏။” (သုတ္တံ ၃:၁၃-၁၈) ဒါကြောင့် သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ထားတဲ့ ပညာရှိစကားတွေကို လေ့လာဆန်းစစ်ကြည့်ဖို့ အားပေးပါတယ်။ သမ္မာကျမ်းစာရဲ့ အာဘော်ရှင်က “ပျော်ရွှင်သောဘုရားသခင်” ဖြစ်ပြီး သင့်ကို ပျော်ရွှင်စေချင်ပါတယ်။—၁ တိမောသေ ၁:၁၁။
^ စာပိုဒ်၊ 11 ရှောလမုန်ရဲ့ လက်တွေ့စမ်းသပ်မှုမှတ်တမ်းကို ဒေသနာ ၂:၁-၁၁ မှာတွေ့နိုင်ပါတယ်။
^ စာပိုဒ်၊ 17 ထင်ရှားတဲ့ သမိုင်းမှတ်တမ်းထဲမှာ ယေရှုခရစ်ရဲ့ ဖြစ်ရပ်လည်း ပါဝင်တယ်။ “ယဇ်ပုရောဟိတ်အကြီးတို့သည် မနာလိုသောစိတ်” ကြောင့် ယေရှုကိုသတ်ဖို့ အပ်နှံလိုက်တယ်လို့ မာကု ၁၅:၁၀ [သမ္မာကျမ်း] မှာ ဖော်ပြထားတယ်။