အတိတ်မှပုံရိပ်များ
ကမ္ဘာကြီးကို နှစ်ခြမ်းကွဲစေတဲ့ အမိန့်စာ
၁၄၉၃ ခုနှစ်မှာ ခရစ္စတိုဖာကိုလံဘတ်စ်ဟာ အမေရိကတိုက်ကိုသွားတဲ့ ရေကြောင်းခရီးစဉ်ကနေ ပြန်ရောက်လာတယ်။ အဲဒီအခါ နယ်မြေသစ်ရှာဖွေ ချဲ့ထွင်ရေးနဲ့ ကုန်သွယ်ရေးကို ဘယ်သူက ချုပ်ကိုင်သင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး စပိန် ဧကရာဇ်နဲ့ ပေါ်တူဂီ ဘုရင်တို့ဟာ သဘောထားကွဲလွဲနေကြတယ်။ စပိန် ဧကရာဇ်က အဲဒီအငြင်းပွားမှုကို ဖြေရှင်းပေးဖို့ ပုပ်ရဟန်းမင်း အလက်ဇန္ဒား ၆ ကို အကူအညီတောင်းလိုက်တယ်။
ကမ္ဘာ့တိုက်ကြီးတွေကို ခွဲခြမ်းလိုက်ကြတဲ့ ပုပ်ရဟန်းမင်းများနဲ့ ရှင်ဘုရင်များ
စပိန်၊ ပေါ်တူဂီနဲ့ ပုပ်ရဟန်းမင်းတို့ဟာ နယ်မြေသစ်ပိုင်ဆိုင်ရေးကို အသေအချာ သုံးသပ်ခဲ့ကြပြီးပြီ။ ၁၄၅၅ ခုနှစ်မှာ ပုပ်ရဟန်းမင်း နီကိုးလပ်စ် ၅ က ပေါ်တူဂီကို နယ်မြေရှာဖွေဖို့ အခွင့်ပေးခဲ့တယ်။ အာဖရိကတိုက်အနောက်ဘက် ကမ်းရိုးတန်းနဲ့ တွေ့သမျှကို ပေါ်တူဂီ ရသင့်တယ်လို့ ပြောဆိုခဲ့တယ်။ ၁၄၇၉ ခုနှစ်မှာ အယ်လ်ကာဆူဗာ့ရှ် ငြိမ်းချမ်းရေးသဘောတူစာချုပ်အရ စပိန်ဧကရာဇ် ဖာဒီနန် ၂ နဲ့ အဇ္ဇဗဲလားတို့ကို ကနေရီကျွန်းစုကို အုပ်ချုပ်ဖို့ အက်ဖ်ဖွန်ဆို ၅ နဲ့ သားဖြစ်သူ မင်းသား ဂျွန် ဟာ လွှဲပြောင်းပေးခဲ့တယ်။ ဒါနဲ့ ပေါ်တူဂီဟာ အာဖရိကတိုက်မှာ ကုန်သွယ်ခွင့်ရှိတယ်၊ အဇိုးရီးစ်၊ ကိပ် ဗားဒ်၊ မဒေးရား ကျွန်းစုတွေကို အုပ်ချုပ်ခွင့်ရှိတယ်ဆိုတာကို စပိန်က အသိအမှတ်ပြုတယ်။ နောက်နှစ်နှစ်ကြာတော့၊ ပုပ်ရဟန်းမင်း စစ်ခ်စတပ်စ် ၄ က အဲဒီစာချုပ်ကို ထပ်မံအတည်ပြုပေးခဲ့တယ်။ ကနေရီကျွန်းစုအရှေ့ဘက်နဲ့ တောင်ဘက်မှာတွေ့တဲ့ နယ်မြေသစ်တွေကို ပေါ်တူဂီ အပိုင်ရခဲ့တယ်။
ကိုလံဘတ်စ် ရှာဖွေတွေ့ရှိခဲ့တဲ့ နယ်မြေတွေကို ပေါ်တူဂီ ပိုင်တယ်လို့ ဂျွန် ၂ က ပြောခဲ့တယ်။ စပိန် ဧကရာဇ်တွေက အဲဒီစာချုပ်ကို လက်မခံကြဘူး။ ပြီးတော့ နယ်မြေချဲ့ထွင်ဖို့၊ ကိုလံဘတ်စ် ရှာတွေ့ခဲ့တဲ့ဒေသတွေမှာ ခရစ်ယာန်သာသနာပြုဖို့ အလက်ဇန္ဒား ၆ ဆီမှာ အယူခံဝင်ခဲ့ကြတယ်။
ပုပ်ရဟန်းမင်းက မြန်မြန်ဆန်ဆန် ဆုံးဖြတ်လိုက်ပြီး ကမ္ဘာကြီးကို နှစ်ခြမ်း ခွဲလိုက်တယ်
အလက်ဇန္ဒားက အမိန့် သုံးခု ထုတ်ပြန်ခဲ့တယ်။ ပထမ၊ နယ်မြေသစ်တွေကို စပိန်က ပိုင်ဆိုင်ရမယ်လို့ “အနန္တတန်ခိုးရှင် ဘုရားသခင့် အခွင့်အာဏာဖြင့်”
စီရင်ဆုံးဖြတ်တယ်။ ဒုတိယ၊ ကိပ် ဗားဒ်ကျွန်းစုရဲ့ အနောက်ဘက် မိုင် ၃၅၀ အကွာမှာ အရှေ့နဲ့အနောက်ကိုပိုင်းခြားတဲ့ နယ်ခြားမျဉ်း ထားရမယ်။ အဲဒီနယ်ခြားမျဉ်းရဲ့အနောက်ဘက်မှာ ရှာဖွေတွေ့ရှိတဲ့ ဒေသတွေကို စပိန်ကပဲ ပိုင်ဆိုင်ရမယ်။ ဒီလိုနည်းနဲ့ ပုပ်ရဟန်းမင်းက မြန်မြန်ဆန်ဆန် ဆုံးဖြတ်လိုက်ပြီး ကမ္ဘာကြီးကို နှစ်ခြမ်း ခွဲလိုက်တယ်။ တတိယမြောက်အမိန့်အရ အရှေ့ဘက် အိန္ဒိယအထိ စပိန်က လွှမ်းမိုးနိုင်ခွင့် ရပုံပေါက်တယ်။ ပေါ်တူဂီဟာ အာဖရိကတိုက်တောင်ဖက်ဆုံးအဖျားရှိ အငူကြီးကို ကွေ့ပတ်ပြီး အိန္ဒိယသမုဒ္ဒရာထဲအထိ ရောက်နှင့်နေပြီဖြစ်လို့ အဲဒီအမိန့်နဲ့ပတ်သက်ပြီး ဘုရင်ဖြစ်သူ ဂျွန် က မကျေမနပ်ဖြစ်ခဲ့တယ်။မြေပုံအပေါ်မှာ မျဉ်းအသစ် ရေးဆွဲခဲ့
အလက်ဇန္ဒား *ကို မကျေနပ်လို့ ပေါ်တူဂီဘုရင် ဂျွန် ၂ ဟာ စပိန်ဧကရာဇ် ဖာဒီနန် ၂ ၊ အဇ္ဇဗဲလားတို့နဲ့ တိုက်ရိုက် ဆွေးနွေးခဲ့တယ်။ “စပိန်ဧကရာဇ်တွေဟာ ရက်စက်ကြမ်းကြုတ်တဲ့ ပေါ်တူဂီကို ကြောက်တဲ့အပြင် ကမ္ဘာသစ်လို့ ခေါ်တဲ့ အမေရိကတိုက်ကိုလည်း သူတို့ လိုချင်နေတာကြောင့် စေ့စပ်ညှိနှိုင်းဖို့ အသင့်ရှိနေကြတယ်” လို့ စာရေးဆရာ ဝီလျံ ဘားန်စတိုင်န်က ရေးသားခဲ့တယ်။ ဒါကြောင့် ၁၄၉၄ ခုနှစ်၊ စပိန်နိုင်ငံ၊ တောဒီစလက်စ်မြို့မှာ တောဒီစလက်စ် စာချုပ်ကို လက်မှတ်ရေးထိုးကြတယ်။
တောဒီစလက်စ်စာချုပ်က အလက်ဇန္ဒားရေးဆွဲခဲ့တဲ့ အရှေ့နဲ့ အနောက်ကို ပိုင်းခြားတဲ့ တောင်-မြောက်မျဉ်းကို ဆက်လက်တည်ရှိစေခဲ့ပေမဲ့ အဲဒီမျဉ်းကို အနောက်ဘက် မိုင် ၉၂၀ ကို ရွှေ့လိုက်တယ်။ အာဖရိကတိုက်နဲ့ အာရှတိုက်ကို ပေါ်တူဂီက ပိုင်တယ်၊ အမေရိကတိုက်ကိုတော့ စပိန်ကပိုင်တယ်လို့ ပြောကြတယ်။ အဲဒီတောင်-မြောက်မျဉ်းကို အနောက်ဘက်ကို ရွှေ့လိုက်လို့ ဘရာဇီးနိုင်ငံဟာ ပေါ်တူဂီ ပိုင်ဖြစ်သွားတယ်။
စပိန်နဲ့ပေါ်တူဂီကို အခွင့်အာဏာရစေတဲ့ အမိန့်တွေကြောင့် သွေးချောင်းစီး တိုက်ပွဲတွေ ဖြစ်ပေါ်လာရတယ်။ ပုပ်ရဟန်းမင်းရဲ့ အဲဒီဆုံးဖြတ်ချက်တွေက ဒေသခံတိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို လျစ်လျူရှုရုံသာမက ပဋိပက္ခတွေကိုလည်း နှစ်ရာနဲ့ချီ ဖြစ်ပွားစေခဲ့တယ်။
^ စာပိုဒ်၊ 9 အလက်ဇန္ဒား ၆ အကြောင်းကို ထပ်မံသိလိုပါက ၂၀၀၃ ခုနစ်၊ ဇွန် ၁၅ ကင်းမျှော်စင် မဂ္ဂဇင်းရဲ့စာမျက်နှာ ၂၆-၂၉ [အင်္ဂလိပ်] မှာ ဖတ်ကြည့်ပါ။