မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးအကြောင်းအရာ

လူတွေ ဘုရားကို မေးချင်တဲ့မေးခွန်းသုံးခု

လူတွေ ဘုရားကို မေးချင်တဲ့မေးခွန်းသုံးခု

ဆူစန် ခုနစ်နှစ်အရွယ်မှာ သူငယ်ချင်းဖြစ်သူ အယ်လ်၊ အသက်ကိုးနှစ်ဟာ ပိုလီယိုဖြစ်လို့ ဆေးရုံတက်ရပြီး သံအဆုတ်ထဲမှာပဲ နေရတော့တယ်၊ အဲဒီအချိန်ကစပြီး ဆူစန်မှာ ဘုရားသခင်ကို မေးစရာမေးခွန်းတွေ ပေါ်လာခဲ့တယ်။ သူ့ဘဝဇာတ်ကြောင်းကို ဇန်နဝါရီ ၆၊ ၂၀၁၃၊ နယူးယောက်တိုင်းမ် မဂ္ဂဇင်းမှာ ဖော်ပြခဲ့တယ်။

ဆေးရုံတက်နေတဲ့ အယ်လ် ကို သွားကြည့်ပြီးနောက် ဆူစန်က သူ့အမေကို “ဘုရားသခင်က ကလေးတစ်ယောက်ကို ဘာဖြစ်လို့ အဲဒီလို လုပ်ရတာလဲ” လို့ မေးခဲ့တယ်။

“ဓမ္မဆရာတွေက ဘုရားသခင်မှာ အကြောင်းရှိလို့ လို့ပြောတယ်၊ ဘာအကြောင်းလဲဆိုတာတော့ အမေလည်း မသိဘူး” ဆိုပြီး ပြန်ဖြေတယ်။

နှစ်နှစ်ကြာသွားပြီးနောက် ၁၉၅၄ ခုနှစ်မှာ ဂျိုနက်စ် စော့ခ် က ပိုလီယို ကာကွယ်ဆေး ထုတ်လုပ်ခဲ့တဲ့အတွက် ဘုရားသခင်ဟာ အဲဒီသုတေသနပြုမှုကို လမ်းညွှန်ခဲ့တာဖြစ်ရမယ်လို့ ဆူစန်အမေက ပြောတယ်။

“ဘုရားသခင်က ဟိုအရင်ကတည်းက လမ်းညွှန်ခဲ့ပါလား၊ ဒါမှ အယ်လ် သံအဆုတ်ထဲမှာ မနေရမှာ” လို့ ဆူစန် ပြန်ပြောခဲ့တယ်။

ဆူစန်က သူ့ရဲ့ကလေးဘဝအတွေ့အကြုံကို ဒီလို နိဂုံးချုပ်ထားတယ်– “နောက်ရှစ်နှစ်ကြာတော့ [အယ်လ်] ဆုံးသွားတယ်၊ ကျွန်မကတော့ ဘုရားမဲ့ဝါဒီတစ်ယောက် ဖြစ်သွားပြီ။”

ဆူစန်လိုပဲ လူများစွာဟာ ဝမ်းနည်းစရာတွေ ကြုံရ၊ တွေ့ရတဲ့အခါ ဘုရားသခင်နဲ့ပတ်သက်ပြီး မေးခွန်းတွေ ပေါ်လာပေမဲ့ ကျေနပ်လောက်တဲ့အဖြေ မရကြဘူး။ တချို့က ဘုရားမဲ့ဝါဒီတွေ ဖြစ်သွားတယ်။ တခြားသူတွေကတော့ ဘုရားသခင်မရှိဘူးလို့ လုံးလုံးမသတ်မှတ်ကြပေမဲ့ ဘုရားအပေါ် အယုံအကြည် မရှိကြတော့ဘူး။

ဘုရားမဲ့ဝါဒီတွေနဲ့ ဘုရားကို မယုံကြည်တဲ့သူတွေဟာ ဘာသာရေးနဲ့ လုံးလုံးမပတ်သက်ခဲ့ကြသူတွေတော့ မဟုတ်ဘူး။ ဘာသာရေးနဲ့ပတ်သက်ပြီး သူတို့ရဲ့အတွေ့အကြုံကြောင့် ဘုရားအပေါ် ယုံကြည်မှုပျောက်သွားတာဖြစ်တယ်။ ဘာသာရေးအဖွဲ့အစည်းတွေဟာ ဘဝနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ မေးခွန်းတွေကို မဖြေပေးနိုင်ဘူးလို့ သူတို့ယူဆကြတယ်။ ဘယ်မေးခွန်းတွေများလဲ။ ဖြစ်ချင်တော့ သူတို့မေးတဲ့မေးခွန်းတွေဟာ ဘုရားသခင်ကို ယုံကြည်ပါတယ်လို့ ပြောကြတဲ့သူတွေလည်း သိချင်နေကြတဲ့ မေးခွန်းတွေ ဖြစ်နေတယ်။ ဘုရားသခင်ကို လူတွေမေးချင်ကြတဲ့ မေးခွန်း သုံးခုကို သုံးသပ်ကြည့်ပါ၊ သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့ အဖြေတွေကိုလည်း လေ့လာကြည့်ပါ။

၁ “ဘာကြောင့် ဆင်းရဲဒုက္ခတွေကို ဘုရားသခင် ခွင့်ပြုထားတာလဲ”

ဒီမေးခွန်းကို ဘာကြောင့်မေးကြတာလဲ

‘ဘုရားသခင်ဟာ မေတ္တာရှင်ဘုရားသခင် ဖြစ်မယ်ဆိုရင် လူတွေ ဒုက္ခမရောက်အောင် ကာကွယ်ပေးရမှာပေါ့’ လို့ လူအတော်များများ ဖြေကြတယ်။

စဉ်းစားကြည့်ပါ– ကိုယ်နဲ့ ယဉ်ကျေးမှုမတူတဲ့သူတစ်ယောက်ရဲ့ လုပ်ရပ်တွေ၊ ဓလေ့ထုံးစံတွေဟာ ကိုယ့်အတွက် အထူးအဆန်းဖြစ်နေတတ်ပြီး တစ်ခါတစ်ခါ ထိတ်လန့်စရာတောင် ဖြစ်နေနိုင်တယ်။ အဲဒါကြောင့် သူတို့ရဲ့လုပ်ရပ်တွေကို အလွယ်တကူ အဓိပ္ပာယ်ကောက်မှားနိုင်တယ်။ ဥပမာ၊ ယဉ်ကျေးမှုတစ်ခုမှာ မျက်လုံးချင်းဆိုင်ပြီး စကားပြောတာက ရိုးသားတဲ့အပြုအမူ ဖြစ်ပေမဲ့ နောက်ယဉ်ကျေးမှုအရ မလေးစားတဲ့အပြုအမူ ဖြစ်နေနိုင်တယ်။ အဲဒီကိစ္စမှာ ဘယ်ဘက်ကိုမှ မှားတယ်လို့ မဆိုနိုင်ဘူး။ သူတို့အကြောင်း ပိုသိအောင်လုပ်ပြီး နားလည်ပေးဖို့ပဲ ကြိုးစားရမှာဖြစ်တယ်။

ဘုရားသခင်ရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီးတော့လည်း အဲဒီလို ဖြစ်နေနိုင်တယ်။ ဆင်းရဲဒုက္ခတွေရှိနေတာက ဘုရားမရှိတဲ့ အထောက်အထားပဲလို့ လူများစွာက ယုံကြည်ကြတယ်။ တခြားသူတွေကျပြန်တော့ ဆင်းရဲဒုက္ခတွေကို ဘုရားသခင် ခွင့်ပြုထားရတဲ့ အကြောင်းရင်းကို သဘောပေါက်လာတဲ့အခါ ဘုရားသခင်ရှိတယ်ဆိုတာကို ယုံကြည်စိတ်ချလာကြတယ်။

သမ္မာကျမ်းစာပြောဆိုရာ– ဘုရားသခင်ရဲ့ အကြံအစည်နဲ့ နည်းလမ်းတွေဟာ လူ့အကြံအစည်၊ နည်းလမ်းတွေနဲ့ မတူဘူး။ (ဟေရှာယ ၅၅:၈၊ ၉) ဒါကြောင့် ဘုရားသခင်ရဲ့ လုပ်ဆောင်မှုတွေ၊ လုပ်ရပ်တစ်ခုမလုပ်ခင် စောင့်ဆိုင်းရတဲ့ အကြောင်းရင်းတွေဟာ လူသားတွေအတွက် အထူးအဆန်း ဖြစ်နေနိုင်ပါတယ်။

ဒါပေမဲ့ “ဘုရားသခင်ဟာ နားမလည်နိုင်တဲ့ နည်းတွေနဲ့ လုပ်ဆောင်တယ်” ဆိုတဲ့ စကားတွေတော့ ကျမ်းစာမှာ မပါဘူး။ အဲဒီအစား ဘုရားသခင် တစ်ခုခုကိုလုပ်တဲ့အခါ ဘာကြောင့် လုပ်တယ်၊ ဘယ်အချိန်မှာလုပ်တယ်ဆိုတာကို သဘောပေါက်အောင် ကျမ်းစာက ကူညီပေးတဲ့အတွက် ဘုရားသခင်အကြောင်း ပိုသိအောင် လေ့လာဖို့ အားပေးထားပါတယ်။ * ဘုရားသခင်နဲ့တောင် ရင်းနှီးကျွမ်းဝင်လာနိုင်ပါတယ်။ —ယာကုပ် ၄:၈

၂ “ဘာကြောင့် ဘာသာရေး အရေခြုံ ဟန်ဆောင်မှုတွေ များနေတာလဲ”

ဒီမေးခွန်းကို ဘာကြောင့်မေးကြတာလဲ

‘ဘုရားသခင်ဟာ ရိုးသားဖြောင့်မတ်တာကို နှစ်သက်တယ်ဆိုရင် ဘုရားကို ဝတ်ပြုကိုးကွယ်တဲ့သူတွေကြားမှာ အရေခြုံဟန်ဆောင်မှုတွေ ရှိနေမှာမဟုတ်ဘူး’ လို့တချို့ ဆင်ခြင်ကြတယ်။

စဉ်းစားကြည့်ပါ– ဖခင်ဖြစ်သူရဲ့ သွန်သင်ဆုံးမမှုကို လက်မခံဘဲ အိမ်ကနေဆင်းသွားတဲ့ သားဟာ နောက်ပိုင်း အကျင့်ပျက်ဘဝ ရောက်သွားတယ်လို့ မြင်ယောင်ကြည့်ပါ။ သားဖြစ်သူရဲ့ လုပ်ရပ်ကို ဖခင်က မကြိုက်ပေမဲ့လည်း သားဖြစ်သူ ကိုယ့်လမ်းကိုယ်ရွေးသွားတာကို ခွင့်ပြုလိုက်တယ်။ အဲဒီနောက်ပိုင်း သားဖြစ်သူကိုတွေ့တဲ့သူတွေက အဖေဖြစ်သူဟာ မကောင်းတဲ့အဖေပဲ ဒါမှမဟုတ် သူ့မှာ အဖေမရှိတာပဲဖြစ်ရမယ်လို့ ပြောကြတယ်ဆိုရင် မှန်ပါ့မလား။ လုံးဝမမှန်ပါဘူး။ အဲဒီလိုပါပဲ၊ ဘာသာရေး အရေခြုံဟန်ဆောင်မှုတွေ ရှိနေတာဟာ အဲဒီလူတွေ ကိုယ့်လမ်းကိုယ်လျှောက်ဖို့ ရွေးချယ်တာကို ဘုရားသခင် ခွင့်ပြုပေးထားတာဖြစ်ပါတယ်။

သမ္မာကျမ်းစာပြောဆိုရာ– ဘာသာရေးအရေခြုံမှုတွေကို ဘုရားသခင် ရွံမုန်းပါတယ်။ (ယေရမိ ၇:၂၉-၃၁; ၃၂:၃၅) ဘုရားသခင်က လူတွေကို လွတ်လပ်စွာလုပ်ပိုင်ခွင့် ပေးထားပါတယ်။ ဘုရားကို ယုံပါတယ်လို့ ပြောကြတဲ့လူများစွာဟာ လူတွေထွင်ထားတဲ့ ဘာသာရေးယုံကြည်ချက်တွေအတိုင်း၊ ကိုယ်တိုင်ချမှတ်ထားတဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေအတိုင်း နေထိုင်နေကြတာဖြစ်တယ်။—မဿဲ ၁၅:၇-၉

ဘုရားနှစ်သက်လက်ခံတဲ့ ဘာသာတရားမှာတော့ အရေခြုံမှု မရှိဘူး။ * “သင်တို့အချင်းချင်းချစ်ကြလျှင် ထိုချစ်ခြင်းမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်များဖြစ်ကြောင်း လူအပေါင်းတို့ သိရကြလိမ့်မည်” ဆိုပြီး ယေရှုပြောခဲ့တယ်။ (ယောဟန် ၁၃:၃၅) အဲဒီမေတ္တာဟာ “ဟန်ဆောင်မှုကင်း” ရမယ်။ (ရောမ ၁၂:၉) ဘာသာတရားအများစုဟာ အဲဒီစံနှုန်းအတိုင်းမနေကြဘူး။ ဥပမာ၊ ၁၉၉၄ ခုနှစ်အတွင်း ရဝမ်ဒါနိုင်ငံမှာ ဖြစ်ခဲ့တဲ့ မျိုးဖြုတ်သတ်ဖြတ်မှုမှာ သောင်းနဲ့ချီတဲ့သူတွေဟာ လူမျိုးမတူတာနဲ့ပဲ ဘာသာတူအသင်းသားအချင်းချင်း သတ်ဖြတ်ခဲ့ကြတယ်။ ဒါပေမဲ့ ယေဟောဝါသက်သေ ခရစ်ယာန်တွေကတော့ သတ်ဖြတ်သူတွေထဲမှာ မပါဝင်ကြဘူး၊ ယုံကြည်သူချင်းတွေနဲ့ တခြားသူတွေကို အသက်စွန့်စား ကာကွယ်ပေးခဲ့ကြတယ်။ အဲဒီလို ကိုယ်ကျိုးမရှာတဲ့ လုပ်ရပ်က အရေခြုံမှုကင်းတဲ့ ဘာသာတရားရှိတယ်ဆိုတဲ့ အထောက်အထားပါပဲ။

၃ “ဘာကြောင့် လူတွေ ကမ္ဘာမြေပေါ်မှာ အသက်ရှင်နေကြတာလဲ”

ဒီမေးခွန်းကို ဘာကြောင့်မေးကြတာလဲ

‘လူတွေဟာ အသက် ၈၀၊ ၉၀ အသက်ရှင်ပြီး ဘာကြောင့် သေဆုံးသွားကြတာလဲ။ သက်တမ်းတိုလေးပဲ အသက်ရှင်ကြရတာ ဘာကြောင့်လဲ’ ဆိုတာကို တချို့ သိချင်ကြတယ်။

စဉ်းစားကြည့်ပါ– ဘုရားသခင်ကို မယုံကြည်သူ များစွာဟာ သဘာဝလောကကြီးရဲ့ နက်နဲသိမ်မွေ့မှု၊ အစီအစဉ်တကျ ဖြစ်တည်နေမှုတွေဟာ အကြောင်းရင်း ရှိရမယ်လို့ အသိအမှတ်ပြုကြတယ်။ ကမ္ဘာ၊ လနဲ့ ဂြိုဟ်တွေဟာ ကမ္ဘာပေါ်မှာ သက်ရှိတွေ ဆက်ပြီးနေထိုင်ကျက်စားနိုင်အောင် အနေအထားအတိအကျဖြစ်နေတာကို သူတို့ တွေ့ရှိကြတယ်။ စကြဝဠာကို ထိန်းချုပ်ထားတဲ့ သဘာဝတရားဟာ အပြစ်ဆိုစရာမရှိ၊ ကွက်တိစည်းစနစ်ကျနေတယ်၊ အနည်းငယ်လောက်သာ ပြောင်းလဲမယ် ဆိုရင်တောင် ကမ္ဘာပေါ်မှာ သက်ရှိတွေ ရှင်သန်နိုင်မှာမဟုတ်ဘူးလို့လည်း သူတို့ပြောကြတယ်။

သမ္မာကျမ်းစာပြောဆိုရာ– လူများစွာက လူ့သက်တမ်း တိုတာကိုကြည့်ပြီး ဘုရားသခင် မရှိဘူးလို့ ပြောကြပေမဲ့ သဘာဝလောကကြီးက ဖန်ဆင်းရှင်ရှိကြောင်း လုံလောက်တဲ့ သက်သေအထောက်အထား ဖြစ်ပါတယ်။ (ရောမ ၁:၂၀) ဘုရားသခင်မှာ အဲဒါတွေကို ဖန်ဆင်း ရတဲ့ ရည်ရွယ်ချက်ရှိတယ်၊ လူတွေ အသက်ရှင်နေရတဲ့ အကြောင်းရင်းကလည်း ဘုရားသခင့်ရည်ရွယ်ချက်နဲ့ ချိတ်ဆက်နေပါတယ်။ ကမ္ဘာပေါ်မှာ လူတွေ ထာဝစဉ်အသက်ရှင်ဖို့ ဘုရားသခင် ဖန်ဆင်းခဲ့တာဖြစ်တယ်၊ အဲဒီရည်ရွယ်ချက်ကို ဘုရားသခင် အကောင်အထည် ဖော်ပါလိမ့်မယ်။—ဆာလံ ၃၇:၁၁၊ ၂၉; ဟေရှာယ ၅၅:၁၁

သဘာဝလောကကြီးကိုကြည့်ရင် ဖန်ဆင်းရှင်ရှိကြောင်း သိနိုင်ပြီး ကိုယ်တော့်အရည်အသွေး တချို့ကိုတောင် သိနိုင်ပေမဲ့ ဘုရားသခင့်ရည်ရွယ်ချက်ကိုတော့ မသိနိုင်ဘူး။ ဘုရားသခင့်ရည်ရွယ်ချက်နဲ့ လူတွေအသက်ရှင်နေရတဲ့ ရည်ရွယ်ချက်ကို ဘုရားသခင် ပြောပြထားပေးပါတယ်။ အဲဒီအကြောင်းတွေကို ရိုးရှင်းပြီး၊ တိုက်ရိုက်ကျတဲ့ အသုံးအနှုန်းတွေနဲ့ သမ္မာကျမ်းစာမှာ ဖော်ပြပေးထားတယ်။ * ကျမ်းစာထဲမှာပါတဲ့ အဖြေတွေကို သုံးသပ်ကြည့်ဖို့ ယေဟောဝါသက်သေတွေက သင့်ကို ဖိတ်ခေါ်ပါတယ်။

^ စာပိုဒ်၊ 17 ဆင်းရဲဒုက္ခတွေကို ဘုရားသခင် ခွင့်ပြုထားရတဲ့ အကြောင်းရင်းကို သိနိုင်ဖို့ ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ် အခန်း ၁၁ ကိုကြည့်ပါ။ www.mt1130.com/mya မှာလည်း ကြည့်နိုင်တယ်။

^ စာပိုဒ်၊ 23 ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ် အခန်း ၁၅ ကိုကြည့်ပါ။ www.mt1130.com/mya မှာလည်း ကြည့်နိုင်တယ်။

^ စာပိုဒ်၊ 29 ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ် အခန်း ၃ ကိုကြည့်ပါ။ www.mt1130.com/mya မှာလည်း ကြည့်နိုင်တယ်။