မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုအတွက် အကူအညီ | အိမ်ထောင်ရေး

အကြိုက် မတူတာလေးတွေကို ရင်ဆိုင်ဖြေရှင်းခြင်း

အကြိုက် မတူတာလေးတွေကို ရင်ဆိုင်ဖြေရှင်းခြင်း

အခက်အခဲ

ကိုယ်က အားကစား ဝါသနာပါတယ်၊ အိမ်ထောင်ဖက်ကတော့ စာဖတ်ဝါသနာပါတယ်။ ကိုယ်က စေ့စပ်သေချာပေမဲ့ အိမ်ထောင်ဖက်က ပြီးစလွယ်နိုင်တယ်။ ကိုယ်က အပေါင်းအသင်း ခုံမင်ပြီး အိမ်ထောင်ဖက်က အေးအေးဆေးဆေး နေချင်တယ်။

‘ငါတို့က လိုက်ဖက်မညီပါလား။ ရည်းစားဘဝတုန်းက ဘာဖြစ်လို့ သတိမထားခဲ့မိပါလိမ့်’ လို့ ကိုယ့်ကိုယ်ကိုယ် ပြောမိတယ်။

တကယ်တော့ အတော်အတန် သတိထားမိခဲ့မှာပဲ။ ဒါပေမဲ့ အဲဒီတုန်းကတော့ အလွယ်တကူ နားလည်ပေးခဲ့ကြတယ်။ အိမ်ထောင်ပြုပြီးနောက်မှာလည်း အဲဒီအရည်အသွေး တင်ပြဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးက အဲဒီလိုလုပ်ဆောင်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ အရင်ဆုံး မလိုက်ဖက်ဘူးလို့ ထင်ရတဲ့ အချက်တချို့ကို သုံးသပ်ကြည့်ရအောင်။

သိသင့်သိထိုက်ရာ

တချို့မတူညီချက်တွေက အလေးအနက်ထားရမယ့်အရာတွေ ဖြစ်တယ်။ ကိုယ်နဲ့သူ အဆင်ပြေမပြေဆိုတာကို ရည်းစားဘဝကတည်းက သိခဲ့ရမှာ။ ဘယ်လိုမှ လက်မခံနိုင်တဲ့အချက်တွေကို ရည်းစားဘဝမှာ တွေ့လာရပြီဆိုရင် အဆင်မပြေဖြစ်နေမယ့် အိမ်ထောင်ရေးကို တည်ဆောက်မယ့်အစား တချို့က လမ်းခွဲလိုက်ကြတယ်။ ဒါပေမဲ့ ဘယ်အိမ်ထောင်မှာမဆို အကြိုက်မတူတာလေးတွေတော့ ရှိမှာပဲ။ အဲဒီအခါ ဘာလုပ်နိုင်မလဲ။

လူနှစ်ယောက်က တစ်ပုံစံတည်း မတူနိုင်ဘူး။ ဒါကြောင့် အောက်ပါ အခြေအနေတွေမှာ အိမ်ထောင်ဖက်နဲ့ အကြိုက်မတူတာတွေ ရှိနိုင်ပါတယ်။

စိတ်ဝင်စားရာ။ “အိမ်ပြင်ထွက် အားကစားလုပ်ရတဲ့ ဘယ်အရာကိုမဆို ကျွန်မစိတ်မဝင်စားဘူး။ ဒါပေမဲ့ ကျွန်မယောက်ျားက ငယ်ငယ်ကတည်းက နှင်းတောင်တက်၊ တောတွင်းရက်ပေါင်းများစွာ ခြေကျင်ခရီးသွားရတာကို ဝါသနာပါတဲ့သူ” လို့ အန်နာ * ပြောတယ်။

အလေ့အထ။ “ကျွန်တော့်မိန်းမက ညဥ့်နက်မှအိပ်ပြီး မနက်ဆိုရင်လည်း ၅ နာရီမှာ ထနိုင်တယ်။ ကျွန်တော်ကတော့ ၇ နာရီ၊ ၈ နာရီလောက် မအိပ်ရဘူးဆိုရင် စိတ်မကြည်မလင်ဖြစ်ပြီး ဒေါသထွက်နေတတ်တယ်” လို့ ဘရိုင်ယန် ပြောတယ်။

ပင်ကိုစရိုက်။ အိမ်ထောင်ဖက်က ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ပြောတတ်သူဖြစ်ပြီး ကိုယ်ကတော့ မြုံစိစိသမားဖြစ်နိုင်တယ်။ “ကျွန်တော်က ကိုယ်ရေးကိုယ်တာ ပြဿနာတွေကို ထုတ်မပြောတတ်ဘူး။ ကျွန်တော့်မိန်းမကတော့ ဘာမဆို ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ မိသားစုနောက်ခံကလာတယ်” ဆိုပြီး ဒေးဗစ် ပြောတယ်။

အကြိုက်မတူပေမဲ့လည်း အကျိုးရှိနိုင်တယ်။ “ကျွန်မနည်းလမ်းက ကောင်းနိုင်တယ်။ ဒါပေမဲ့ အဲဒီနည်းနဲ့ပဲ လုပ်နိုင်တယ်ဆိုတာတော့ မဟုတ်ဘူး” လို့ ဟယ်လင်းနာ ဆိုတဲ့ ဇနီးတစ်ယောက် ပြောတယ်။

လုပ်ဆောင်နိုင်ရာ

လိုက်လျောပေးပါ။ အာဒံ ဒီလိုပြောတယ်– “ကျွန်တော့်မိန်းမ ကယ်ရန်က အားကစားဆိုရင် လုံးဝစိတ်မဝင်စားဘူး။ ဒါပေမဲ့ ကျွန်တော်နဲ့အတူ အားကစားပွဲတွေ လိုက်ကြည့်ပြီး အားပေးတယ်။ ကယ်ရန်ကျတော့ ပန်းချီပြခန်းသွားရတာကို ဝါသနာပါတယ်။ သူနဲ့အတူလိုက်သွားပေးပြီး သူကြိုက်သလောက် နေပေးတယ်။ ပန်းချီက သူ့အတွက်အရေးပါတော့ ကျွန်တော့်ဘက်က အတတ်နိုင်ဆုံး စိတ်ဝင်စားကြောင်းပြတယ်။”—ကျမ်းစာအကြံပြုချက်၁ ကောရိန္သု ၁၀:၂၄

အမြင်ကျယ်ပါ။ ကိုယ်နဲ့အမြင်မတူလို့ အိမ်ထောင်ဖက်ရဲ့ ရှုမြင်ပုံမှားနေတာမဟုတ်ဘူး။ အဲဒါကို အဲလက်စ်ဆိုတဲ့ ခင်ပွန်းသည်တစ်ယောက် သိရှိလာခဲ့တယ်။ “ကိစ္စရပ်တစ်ခုအတွက် အကောင်းဆုံး ဖြေရှင်းနည်း တစ်ခုပဲရှိတယ်လို့ ကျွန်တော် အမြဲလက်ခံထားခဲ့တယ်” လို့ သူပြောတယ်။ “ဒါပေမဲ့ အိမ်ထောင်ကျပြီးနောက် ကိစ္စရပ်တစ်ခုအတွက် လုပ်နိုင်တဲ့နည်းတွေအများကြီး ရှိတယ်၊ နည်းလမ်းတိုင်းက သူ့ဟာနဲ့သူ ထိရောက်မှုရှိမှန်း သိလာတယ်။”—ကျမ်းစာအကြံပြုချက်၁ ပေတရု ၅:၅

လက်တွေ့ကျပါ။ လိုက်ဖက်ညီတယ်ဆိုတာက ချွတ်စွပ်တူရမယ်လို့ ပြောနေတာမဟုတ်ဘူး။ အကြိုက်မတူတာတွေ တွေ့လာရလို့ အိမ်ထောင်ရေးကို အမှားကြီးတစ်ခုလို့ လွယ်လွယ် ကောက်ချက်မချသင့်ဘူး။ “‘အချစ်စိတ်မွှန်နေလို့ ဒါတွေမမြင်ခဲ့တာ’ ဆိုပြီး လူအတော်များများက ဆင်ခြေပေးကြတယ်” လို့ စာအုပ်တစ်အုပ်မှာ (The Case Against Divorce) ဖော်ပြထားတယ်။ ဒါပေမဲ့ “နေ့တိုင်း နှစ်ယောက်အတူ ပျော်ရွှင်တဲ့ အချိန်တွေရှိတယ် ဆိုကတည်းက ပင်ကိုစရိုက်မတူကြပေမဲ့လည်း တစ်ယောက်နဲ့တစ်ယောက် ချစ်နိုင်ကြတယ်ဆိုတာ ဖော်ပြနေတယ်” ဆိုပြီး အဲဒီစာအုပ်မှာ ဆက်ပြောထားတယ်။ “တစ်ဦးနှင့်တစ်ဦး မကျေနပ်စရာအကြောင်းရှိလျှင် အချင်းချင်း ဆက်၍သည်းခံလျက် အကြွင်းမဲ့ခွင့်လွှတ်” နိုင်ဖို့ ကြိုးစားပါ။—ကောလောသဲ ၃:၁၃

ဒီအချက်ကို ကြိုးစားကြည့်ပါ– ကိုယ့်အကြိုက်တွေကို ချရေးပါ၊ အိမ်ထောင်ဖက်နဲ့ အကြိုက်တူသလားဆိုတာ ဆန်းစစ်ကြည့်ပါ။ ပြီးတဲ့နောက် အကြိုက်မတူတာတွေကို ချရေးပါ။ မတူညီချက်တွေက ကိုယ်ထင်ထားသလောက် မဆိုးဘူးဆိုတာကို တွေ့လာရနိုင်တယ်။ ကိုယ့်ဘက်က ဘာတွေလိုက်လျောပေးနိုင်သလဲ၊ နားလည်ပေးနိုင်သလဲ ဆိုတာတွေကိုလည်း တွေ့မြင်လာတယ်။ “ကျွန်တော့်မိန်းမက ကျွန်တော့်အကြိုက် လိုက်လုပ်ပေးတဲ့အခါ ကြည်နူးရသလို၊ သူ့အကြိုက် လိုက်လုပ်ပေးတဲ့အခါ သူလည်းပျော်မယ်ဆိုတာ ကျွန်တော်သိတယ်” လို့ ကဲနက် ပြောတယ်။ “ကျွန်တော့်ဘက်က အနစ်နာခံရတယ်ဆိုရင်တောင် သူပျော်နေတာမြင်ရတဲ့အခါ ကျွန်တော်လည်း ပျော်တယ်။”—ကျမ်းစာအကြံပြုချက်– ဖိလိပ္ပိ ၄:၅

^ စာပိုဒ်၊ 10 ဒီဆောင်းပါးမှာ နာမည်တချို့ကို ပြောင်းထားပါတယ်။