ရုသဝတ္ထုမှ ပေါ်လွင်ချက်များ
ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏
ရုသဝတ္ထုမှ ပေါ်လွင်ချက်များ
အမျိုးသမီးနှစ်ဦး တစ်ဦးကိုတစ်ဦးချစ်ခင်တွယ်တာသည့် နှလုံးနွေးထွေးဖွယ် ဇာတ်လမ်းတစ်ပုဒ်ဖြစ်၏။ ယေဟောဝါဘုရားသခင်အား တန်ဖိုးထားလေးမြတ်ပြီး ကိုယ်တော့်အစီအစဉ်ကို ယုံကြည်အားထားသည့် မှတ်တမ်းတစ်ခုဖြစ်သည်။ မေရှိယ၏မျိုးဆက်ကို ယေဟောဝါ အလွန်စိတ်ဝင်စားတော်မူကြောင်း အလေးပေးဖော်ပြထားသည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်၏။ မိသားစုတစ်စု၏ကြည်နူးမှုများနှင့် ကြေကွဲမှုများအကြောင်း ရင်နင့်ဖွယ်အတ္ထုပ္ပတ္တိတစ်ခုဖြစ်၏။ ရုသဝတ္ထုသည် ထိုအကြောင်းအရာအားလုံးဖြစ်ရုံထက်မက ပိုစိတ်ဝင်စားစရာ ကောင်းပါသည်။
ရုသဝတ္ထုသည် ဣသရေလနိုင်ငံတွင် ‘တရားသူကြီးများအုပ်စိုးသော’ ၁၁ နှစ်ခန့်ကာလကို ခြုံငုံဖော်ပြထားသည်။ (ရုသ ၁:၁) ထိုတွင်မှတ်တမ်းတင်ထားသော အဖြစ်အပျက်များသည် တရားသူကြီးများလက်ထက်၏ အစောပိုင်းကာလမှဖြစ်ပေမည်၊ အကြောင်းမှာ ဤဖြစ်ရပ်မှန်ဇာတ်လမ်းထဲမှ ဇာတ်ကောင်တစ်ဦးဖြစ်သော မြေပိုင်ရှင်ဗောဇမှာ ယောရှုခေတ်က ရာခပ်၏သားဖြစ်သည်။ (ယောရှု ၂:၁၊ ၂; ရုသ ၂:၁; မဿဲ ၁:၅) ဤမှတ်တမ်းကို ဘီ.စီ.အီး. ၁၀၉၀ တွင် ပရောဖက်ရှမွေလ ရေးသားခဲ့ဟန်တူသည်။ သမ္မာကျမ်းစာထဲတွင် ဣသရေလလူမျိုးမဟုတ်သော အမျိုးသမီးတစ်ဦး၏အမည်ပါ တစ်ခုတည်းသောကျမ်းစောင်ဖြစ်၏။ ဤမှတ်တမ်းပါသတင်းတရားသည် ‘အသက်ရှင်၍ တန်ခိုးနှင့်ပြုပြင်’ တတ်၏။—ဟေဗြဲ ၄:၁၂။
“ကိုယ်တော်သွားလေရာရာသို့ ကျွန်မလိုက်ပါမည်”
နောမိနှင့်ရုသတို့သည် ဗက်လင်မြို့သို့ ရောက်လာကြသည့်အခါ လူအများ အာရုံစိုက်စရာဖြစ်လာခဲ့သည်။ မြို့ထဲမှ အမျိုးသမီးများက သူတို့နှစ်ဦးအနက် အသက်ကြီးသူကိုရည်ညွှန်းကာ “ဤသူကား နောမိဟုတ်သလော” ဟုမေးကြသည်။ ထိုအခါ နောမိ ဤသို့တုံ့ပြန်၏– ‘နောမိဟူ၍မခေါ်ပါနှင့်။ မာရဟူ၍ခေါ်ပါ။ အတိုင်းအဆမဲ့တန်ခိုးရှင်သည် ငါ့အား အလွန်ခါးသောအရာကို ပေးတော်မူပြီ။ ငါသည် ပြည့်ဝလျက် ထွက်သွား၏။ ယခုမူကား ဆင်းရဲလျက် ထာဝရဘုရားသခင်ပြန်ပို့တော်မူပြီ။’—ရုသ ၁:၁၉-၂၁၊ သမ္မာ။
ဣသရေလနိုင်ငံတွင် အစာခေါင်းပါးသည့်အခါ နောမိ၏မိသားစုသည် ဗက်လင်မြို့မှ မောဘပြည်သို့ ပြောင်းရွှေ့သွားချိန်က သူသည် ခင်ပွန်းနှင့်သားနှစ်ဦးတို့ဖြင့် “ပြည့်ဝ” ခဲ့သည်။ မောဘပြည်တွင်အခြေချရာ အတန်ကြာသည့်နောက် ခင်ပွန်းဖြစ်သူဧလိမလက် သေဆုံးသွားရှာသည်။ နောက်ပိုင်း သားနှစ်ဦးသည် မောဘအမျိုးသမီးများဖြစ်သော ဩရပ၊ ရုသတို့နှင့် လက်ထပ်ခဲ့ကြသည်။ ဆယ်နှစ်ခန့်ကြာပြီးနောက် သားနှစ်ဦးလည်း သားသမီးမထွန်းကားဘဲ သေဆုံးသွားကာ အမျိုးသမီးသုံးယောက်သာ ကျန်ရစ်လေတော့သည်။ ယောက္ခမဖြစ်သူနောမိသည် ယုဒပြည်သို့ပြန်သွားရန် ဆုံးဖြတ်သည့်အခါ သားတို့၏ဇနီးမုဆိုးမများလည်း သူနှင့်အတူလိုက်လာလိုကြသည်။ လမ်းခရီးတွင် နောမိသည် ချွေးမများကို မောဘပြည်သို့ပြန်ပြီး ၎င်းတို့လူမျိုးထဲမှသူတို့နှင့် အိမ်ထောင်ပြုရန် တိုက်တွန်းခဲ့သည်။ ဩရပမှာ သဘောတူလိုက်သည်။ သို့သော် ရုသ ဤသို့ပြောခဲ့၏– ‘ကိုယ်တော်သွားလေရာရာသို့ ကျွန်မလိုက်ပါမည်။ ကိုယ်တော်အိပ်လေရာရာ၌ ကျွန်မအိပ်ပါမည်။ ကိုယ်တော်အမျိုးသည် ကျွန်မအမျိုး၊ ကိုယ်တော်ဘုရားသခင်သည် ကျွန်မဘုရားသခင်ဖြစ်ပါစေ။’—ရုသ ၁:၁၆။
မုဆိုးမနှစ်ဦးဖြစ်သော နောမိနှင့်ရုသတို့သည် မုယောစပါးစတင်ရိတ်သိမ်းချိန်တွင် ဗက်လင်မြို့သို့ ပြန်ရောက်လာကြသည်။ ဘုရားသခင့်ပညတ်တော်အစီအစဉ်ကြောင့် ရုသသည် ဧလိမလက်၏ဆွေမျိုး၊ ဂျူးအသက်ကြီးသူ ဗောဇပိုင်သောလယ်တွင် ကောက်သင်းစကောက်ခဲ့သည်။ ရုသသည် ဗောဇ၏နှစ်သက်မှုရရှိခဲ့ပြီး သူ၏လယ်တွင် “မုယောစပါး၊ ဂျုံစပါးရိတ်ခြင်းအမှု ပြီးသည်တိုင်အောင်” ဆက်၍ကောက်သင်းကောက်ခဲ့သည်။—ရုသ ၂:၂၃။
ကျမ်းစာမေးခွန်းများ အဖြေ–
၁:၈—နောမိသည် မိမိချွေးမများအား ကိုယ့်အဖအိမ်သို့ပြန်သွားကြဟု ပြောမည့်အစား “ကိုယ်အမိအိမ်သို့ပြန်သွားကြ” ဟု အဘယ့်ကြောင့်ပြောခဲ့သနည်း။ ထိုအချိန်က ဩရပ၏ဖခင်ရှိမရှိ မဖော်ပြထားချေ။ သို့သော် ရုသ၏ဖခင်မူ အသက်ရှင်နေသေးသည်။ (ရုသ ၂:၁၁) သို့တိုင် နောမိက အမိအိမ်ဟုဆိုရခြင်းမှာ သူတို့၏မိခင်များဟု ရည်ညွှန်းပြောဆိုလျှင် မိခင်မေတ္တာ၊ မိခင်၏နှစ်သိမ့်မှုတို့ကို သူတို့သတိရလိမ့်မည်ဟု တွေးမိခြင်းဖြစ်ပေမည်။ ယင်းက ထိုသမီးများချစ်ခင်သော ယောက္ခမနှင့်ခွဲခွာသွား၍ ဝမ်းနည်းရခြင်းမရှိ အလွန်နှစ်သိမ့်မှု ရရှိစေနိုင်မည်ဖြစ်သည်။ ထို့ပြင် ရုသနှင့်သြရပတို့၏မိခင်များသည် နောမိနှင့်မတူဘဲ ဖူဖူလုံလုံ ရှိကောင်းရှိကြမည်ဖြစ်ကြောင်း ထိုစကားများက ဖော်ပြပုံရသည်။
၁:၁၃၊ ၂၁ [ကဘ]—ဘုရားသခင်သည် နောမိ၏ဘဝကို ခါးသီးစေပြီး ဘေးဆိုးသက်ရောက်စေခဲ့သလော။ မဟုတ်ပါ။ နောမိသည် ဘုရားသခင်ကို အဘယ်အပြစ်မျှမတင်ခဲ့ပါ။ သို့သော် သူကြုံတွေ့ခဲ့ရာများကြောင့် ယေဟောဝါ၏မျက်နှာသာမရဟု ယူဆခဲ့ပုံရှိသည်။ ထို့ကြောင့် ယူကျုံးမရ၊ စိတ်ပျက်လျက်နေသည်။ ထို့ပြင် ထိုအချိန်က သားသမီးမွေးဖွားခြင်းကို ဘုရားသခင့်ကောင်းချီး၊ မြုံနေခြင်းကို ကျိန်ခြင်းအဖြစ် ယူဆကြသည်။ မြေးမရှိဘဲ သားနှစ်ဦး သေဆုံးသွားရာ ယေဟောဝါသည် မိမိအားနှိမ့်ချလေပြီဟု တွေးထင်မိစရာပင်။
၂:၁၂—ရုသသည် ယေဟောဝါထံမှ အဘယ် “စုံလင်သောဆု” ကိုရခဲ့သနည်း။ ရုသသည် သားတစ်ဦးဖွားမြင်ပြီး သမိုင်းတွင် အရေးတကာ့အရေးကြီးဆုံး ယေရှုခရစ်၏မျိုးနွယ်နှင့် ဆက်နွှယ်ခွင့်ရခဲ့သည်။—ရုသ ၄:၁၃-၁၇; မဿဲ ၁:၅၊ ၁၆။
ကျွန်ုပ်တို့အတွက် သင်ခန်းစာ–
၁:၈; ၂:၂၀။ နောမိသည် အဖြစ်ဆိုးများကြုံတွေ့ခဲ့ရသော်လည်း ယေဟောဝါ၏ချစ်ခင်ကြင်နာမှုကို ယုံကြည်စိတ်ချနေဆဲဖြစ်သည်။ ကျွန်ုပ်တို့လည်း အထူးသဖြင့် ပြင်းထန်သောစမ်းသပ်မှုများခံရသည့်အခါ အလားတူပြုမူသင့်သည်။
၁:၉။ အိမ်ဟူသည် မိသားစု စားရန်၊ အိပ်ရန် နေရာတစ်ခုမျှ မဖြစ်သင့်ပေ။ မိမိနေအိမ်သည် အနားယူရာ၊ သက်သောင့်သက်သာရှိသောနေရာ ဖြစ်သင့်သည်။
၁:၁၄-၁၆။ ဩရပသည် ‘အမျိုးသားရင်း၊ ဘုရားသခင်ရင်းတို့ထံသို့ပြန်သွား’ လေသည်။ ရုသမူ ပြန်မသွားခဲ့ချေ။ နေရင်းပြည်၏ သက်သောင့်သက်သာရှိမှု၊ လုံခြုံမှုတို့ကို စွန့်လွှတ်ပြီး ယေဟောဝါအပေါ် ဆက်လက်တည်ကြည်ခဲ့သည်။ ဘုရားသခင်အပေါ် တည်ကြည်သည့်မေတ္တာကို ပြုစုပျိုးထောင်ခြင်းနှင့် ကိုယ်ကျိုးစွန့်စိတ်တင်ပြခြင်းသည် အတ္တသဘောနှင့် ‘ပျက်စီးခြင်းသို့ရောက်စေသော ရွေ့လျော့’ သွားခြင်းမှ ကာကွယ်ပေးပါလိမ့်မည်။—ဟေဗြဲ ၁၀:၃၉။
၂:၂။ ရုသသည် လူမျိုးခြားနှင့် ဆင်းရဲသားတို့၏အကျိုးအတွက် ပြုလုပ်ထားသည့် ကောက်သင်းကောက်အစီအစဉ်မှ အကျိုးရယူလိုခဲ့သည်။ သူသည် စိတ်နှိမ့်ချသူဖြစ်၏။ အကူအညီလိုအပ်နေသူ ခရစ်ယာန်တစ်ဦးသည် ယုံကြည်သူချင်းများ၏မေတ္တာပါအကူအညီ သို့မဟုတ် အစိုးရအထောက်အပံ့တစ်ခုခုကို မာနမကြီးဘဲ လက်ခံသင့်ပေသည်။
၂:၇။ ရုသသည် ကောက်သင်းကောက်ခွင့်ရှိသော်လည်း ထိုသို့မကောက်မီ အခွင့်တောင်းခဲ့သည်။ (ဝတ်ပြုရာ ၁၉: ၉၊ ၁၀) ယင်းက သူ၏စိတ်နှိမ့်ချမှုလက္ခဏာဖြစ်သည်။ “စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော်ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြ” မည်ဖြစ်ရာ ကျွန်ုပ်တို့လည်း “စိတ်နှိမ့်ချခြင်းကိုရှာ” လျှင် ပညာရှိရာရောက်ပေမည်။—ဇေဖနိ ၂:၃; ဆာလံ ၃၇:၁၁။
၂:၁၁။ ရုသသည် နောမိအတွက် ဆွေမျိုးတစ်ဦးထက်မကကြောင်း ထင်ရှားသည်။ သူသည် မိတ်ဆွေစစ်လည်းဖြစ်၏။ (သု. ၁၇:၁၇) သူတို့၏ခင်မင်ရင်းနှီးမှုသည် မေတ္တာ၊ တည်ကြည်မှု၊ စာနာထောက်ထားမှု၊ ကြင်နာမှုနှင့် ကိုယ်ကျိုးစွန့်စိတ်ထားစသော အရည်အသွေးများအပေါ်အခြေပြုသောကြောင့် ခိုင်မြဲရခြင်းဖြစ်သည်။ ထိုထက်ကား သူတို့၏ဝိညာဉ်ရေးစိတ်ဓာတ်ဖြစ်သည့် ယေဟောဝါအားဝတ်ပြုကိုးကွယ်လိုစိတ်နှင့် ကိုယ်တော်ကို ဝတ်ပြုကိုးကွယ်သူများဖြစ်လိုစိတ်အပေါ်အခြေပြုသည်။ ကျွန်ုပ်တို့လည်း စစ်မှန်သောဝတ်ပြုသူချင်းများနှင့် မိတ်စစ်ဆွေစစ်ဖွဲ့ရန် အခွင့်ကောင်းများရရှိထားကြသည်။
၂:၁၅-၁၇။ ဗောဇသည် ရုသ,မပင်ပန်းစေရန် ပြုလုပ်ပေးသည့်တိုင် ရုသသည် “ထိုလယ်၌ ညဦးတိုင်အောင် စပါးကျန်ကိုကောက်” ခဲ့သည်။ ရုသသည် အလုပ်ကြိုးစားသူဖြစ်၏။ ခရစ်ယာန်တစ်ဦးသည် ဝီရိယရှိသူဟူသော နာမည်ကောင်းရှိသင့်သည်။
၂:၁၉-၂၂။ နောမိနှင့်ရုသတို့သည် ညနေခင်းတွင် စကားစမြည်ပြောဆိုလေ့ရှိကြသည်၊ အသက်ကြီးသူက ငယ်ရွယ်သူ၏လုပ်ဆောင်မှုများကိုစိတ်ဝင်စားပြီး နှစ်ဦးသား ပွင့်ပွင့်လင်းလင်းရင်ဖွင့်ပြောဆိုကြသည်။ ခရစ်ယာန်မိသားစုတစ်ခုတွင်လည်း အလားတူဖြစ်သင့်သည်။
၂:၂၂၊ ၂၃။ ရုသသည် ယာကုပ်၏သမီး ဒိနနှင့်မတူဘဲ ယေဟောဝါအား ဝတ်ပြုသူများနှင့်သာ ပေါင်းသင်းခဲ့သည်။ ကျွန်ုပ်တို့အတွက် အလွန်ကောင်းသောပုံသက်သေဖြစ်၏!—ကမ္ဘာဦး ၃၄:၁၊ ၂; ၁ ကောရိန္သု ၁၅:၃၃။
နောမိသည် “ပြည့်ဝ” လာ
နောမိသည် သားဖွားရန် အရွယ်လွန်နေပြီဖြစ်၏။ ထို့ကြောင့် မိမိကိုယ်စား ရုသအား မရီးမတ်ယူရန် ညွှန်ကြားခဲ့သည်။ ထိုအခါ ရုသသည် နောမိ၏ညွှန်ကြားချက်ကိုလိုက်နာကာ ဗောဇအား ရွေးပိုင်သောအမျိုးသားတစ်ဦးအဖြစ် လုပ်ဆောင်ရန်ပြောဆိုလေသည်။ ဗောဇသည်လည်း ထိုသို့ပြုရန် အသင့်ရှိခဲ့သည်။ သို့သော် သူ့ထက်အရင် အခွင့်အရေးရသင့်သူ ဆွေမျိုးရင်းချာတစ်ဦးရှိနေ၏။
ဗောဇသည် ယင်းကိစ္စကို ချက်ချင်းလုပ်ဆောင်ခဲ့၏။ နောက်နေ့နံနက်တွင် ဗက်လင်မြို့ရှိ အသက်ကြီးသူဆယ်ဦးကို ထိုဆွေမျိုးရှေ့တွင်စုဝေးစေကာ ပြန်ရွေးလိုစိတ်ရှိမရှိ ထိုသူကိုမေးမြန်းလေသည်။ ထိုအမျိုးသားက ပြန်မရွေးလိုချေ။ သို့ဖြစ်၍ ဗောဇသည် ရွေးပိုင်သောအမျိုးသားချင်းအဖြစ်လုပ်ဆောင်ပြီး ရုသကို လက်ထပ်လိုက်လေသည်။ သူတို့အိမ်ထောင်မှ ဘုရင်ဒါဝိဒ်၏အဘိုးဖြစ်မည့်သူ သားသြဗက် ဖွားမြင်ခဲ့သည်။ ယခုတွင် ဗက်လင်မြို့ရှိအမျိုးသမီးများက နောမိအား ဤသို့ပြောကြ၏– ‘ထာဝရဘုရားသခင်သည် မင်္ဂလာရှိတော်မူပါစေသော။ . . . သူသည် သင်၏အသက်ကိုပြုပြင်သောသူ၊ သင်အသက်ကြီးသောအခါ သင့်ကိုကောင်းမွန်စွာပြုစုသောသူ ဖြစ်ပါစေသော။ သင့်ကိုချစ်၍ သားခုနစ်ယောက်ထက် သင့်အဖို့သာ၍ကောင်းသော သင်၏ချွေးမသည် သားယောက်ျားကိုဖွားမြင်ပြီ။’ (ရုသ ၄:၁၄၊ ၁၅) ဗက်လင်မြို့သို့ “ဆင်းရဲလျက်တစ်ကိုယ်တည်း” ပြန်လာခဲ့သောအမျိုးသမီးသည် “ပြည့်ဝ” ပြန်လေပြီ!—ရုသ ၁:၂၁။
ကျမ်းစာမေးခွန်းများ အဖြေ–
၃:၁၁—အဘယ်အရာက ရုသအား “ကောင်းမြတ်သောအမျိုးသမီး” ဟူသည့် နာမည်ကောင်းရစေခဲ့သနည်း။ ရုသအား ချီးမွမ်းစရာဖြစ်စေသည်မှာ “အပြင်တန်ဆာဆင်ခြင်း” သို့မဟုတ် “ရွှေဆင်ခြင်း၊ အဝတ်ဝတ်ခြင်း” တို့ကြောင့်မဟုတ်ပါ။ ယင်းအစား “စိတ်နှလုံး၏အတွင်းလူ” ဖြစ်သော တည်ကြည်ခြင်း၊ မေတ္တာ၊ နှိမ့်ချခြင်းနှင့် နူးညံ့သိမ်မွေ့ခြင်း၊ ဇွဲရှိခြင်း၊ ကိုယ်ကျိုးစွန့်စိတ်ထားတို့ကြောင့်ဖြစ်သည်။ ရုသကဲ့သို့ နာမည်ကောင်းရလိုသူ ဘုရားသခင်ကိုကြောက်ရွံ့သောအမျိုးသမီးတိုင်း ဤအရည်အသွေးများကို ကြိုးစားမွေးမြူရမည်။—၁ ပေတရု ၃:၃၊ ၄; သု. ၃၁:၂၈-၃၁။
၃:၁၄—ဗောဇနှင့် ရုသတို့သည် မိုးမသောက်မီ အဘယ်ကြောင့် အိပ်ရာထခဲ့ကြသနည်း။ ညအချိန်အတွင်း အကျင့်ယိုယွင်းခဲ့ခြင်းကြောင့် ယင်းကို သူတို့လျှို့ဝှက်ထားလို၍မဟုတ်ပါ။ ထိုညက ရုသ၏အပြုအမူသည် မရီးမတ်ယူခွင့်ကိုရှာကြံသူ အမျိုးသမီးတစ်ဦးပြုမူရမည့်ထုံးစံနှင့် ကိုက်ညီပုံရသည်။ သူသည် နောမိ၏ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ရုသပြုမူခဲ့ရာတွင် မသင့်လျော်ရာတစ်ခုခုကို ဗောဇမတွေ့ခဲ့ကြောင်း သူ၏တုံ့ပြန်ပုံက ဖော်ပြနေသည်။ (ရုသ ၃:၂-၁၃) ရှင်းနေသည်မှာ ရုသနှင့်ဗောဇတို့ စောစောထခဲ့ရခြင်းသည် မည်သူကမျှ အခြေအမြစ်မရှိ ကောလာဟလ သတင်းမလွှင့်စေနိုင်ရန်ဖြစ်သည်။
၃:၁၅—ဗောဇသည် ရုသအား မုယောစပါးခြောက်သြမဲပေးခြင်းက အဘယ်အဓိပ္ပာယ်ရှိသနည်း။ ယင်းသို့ပြုခြင်းက ခြောက်ရက်အလုပ်လုပ်ပြီးနောက် အနားယူရာနေ့ရက်ရောက်လာသည့် အထိမ်းအမှတ်ဖြစ်ပုံရသည်၊ သို့ဖြင့် ရုသ၏အနားယူရာနေ့ရက် နီးကပ်လာနေပြီဖြစ်၏။ ဗောဇသည် ရုသအား မိမိ၏လင်အိမ်၌ “ချမ်းသာစွာနေ” စေမည်ဖြစ်သည်။ (ရုသ ၁:၉; ရုသ ၃:၁) မုယောစပါးခြောက်သြမဲကိုသာ ရုသ ရွက်နိုင်ခြင်းကြောင့်လည်းဖြစ်နိုင်၏။
၃:၁၆၊ [ကဘ]—နောမိသည် ရုသအား “အဘယ်သူနည်း” ဟု အဘယ့်ကြောင့်မေးမြန်းရသနည်း။ ချွေးမကို သူ,မမှတ်မိခြင်းလော။ ရုသသည် နောမိထံပြန်လာချိန်တွင် မှောင်နေသေးသောကြောင့် ထိုသို့ဖြစ်နိုင်ပေသည်။ သို့သော် ရွေးပိုင်ခြင်းနှင့်ဆက်စပ်နေသည့် ရုသ၏အလားအလာသစ်ကို စုံစမ်းမေးမြန်းခြင်းဖြစ်နိုင်ပေသည်။
၄:၆—ရွေးပိုင်သောအမျိုးသားချင်းတစ်ဦးသည် ရွေးခြင်းဖြင့် ကိုယ်အမွေဥစ္စာကို အဘယ်နည်းဖြင့် “ဖျက်” ရာရောက်သနည်း။ ဦးဆုံးအနေနှင့် လူတစ်ဦးသည် ဆင်းရဲ၍ မိမိအမွေမြေကိုရောင်းချခဲ့လျှင် ရွေးပိုင်သူသည် နောင်ယုဘိလနှစ်အထိ ကျန်ရှိသေးသည့်နှစ်များအရ မြေတန်ဖိုးကိုတွက်ချက်ပြီး ငွေချေရမည်ဖြစ်သည်။ (ဝတ်ပြုရာ ၂၅:၂၅-၂၇) ထိုသို့ပြုခြင်းဖြင့် မိမိကိုယ်ပိုင်မြေ၏တန်ဖိုးကို လျော့နည်းစေနိုင်သည်။ ထို့ပြင် ရုသသည် သားဖွားမြင်မည်ဆိုလျှင် ဝယ်ယူထားသည့်မြေကို ရွေးပိုင်သူ၏ဆွေမျိုးများအစား ထိုသားက အမွေရလိမ့်မည်ဖြစ်သည်။
ကျွန်ုပ်တို့အတွက် သင်ခန်းစာ–
၃:၁၂; ၄:၁-၆။ ဗောဇသည် ယေဟောဝါ၏အစီအစဉ်ကို တစ်သဝေမတိမ်းလိုက်နာခဲ့၏။ ကျွန်ုပ်တို့လည်း သီအိုကရက်တစ်အစီအစဉ်များကို တစ်သဝေမတိမ်းလိုက်နာနေကြသလော။—၁ ကောရိန္သု ၁၄:၄၀။
၃:၁၈။ ဗောဇကို နောမိ ယုံကြည်စိတ်ချခဲ့သည်။ ကျွန်ုပ်တို့လည်း တည်ကြည်မှုရှိယုံကြည်သူချင်းများကို အလားတူယုံကြည်စိတ်ချသင့်သည်မဟုတ်လော။ ရုသသည် ကျမ်းစာထဲတွင် နာမည်ဖော်ပြမထားသော၊ သူလုံးဝမသိသော အမျိုးသားတစ်ဦးနှင့် မရီးမတ်ယူသည့်အစီအစဉ်ကိုလက်ခံရန် အသင့်ရှိခဲ့သည်။ (ရုသ ၄:၁) အဘယ်ကြောင့်နည်း။ ဘုရားသခင့်အစီအစဉ်ကို သူယုံကြည်စိတ်ချသောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့လည်း အလားတူယုံကြည်စိတ်ချမှုမျိုးရှိသလော။ ဥပမာ၊ အိမ်ထောင်ဖက်ရှာသည့်အခါ “သခင်ဘုရား၌သာ” လက်ထပ်ကြရန်အကြံပြုချက်ကို ကျွန်ုပ်တို့လိုက်နာသလော။—၁ ကောရိန္သု ၇:၃၉။
၄:၁၃-၁၆။ ရုသသည် မောဘအမျိုးသမီးဖြစ်ပြီး ယခင်က ခေမုရှဘုရားကို ကိုးကွယ်သူဖြစ်ခဲ့သော်လည်း အခွင့်ထူးလိုက်လေခြင်း။ ယင်းက “လိုချင်သောသူသည် တတ်နိုင်သည်မဟုတ်။ ပြေးသောသူသည်လည်း တတ်နိုင်သည်မဟုတ်။ ကျေးဇူးပြုတော်မူသော ဘုရားသခင်သာလျှင် တတ်နိုင်တော်မူ၏” ဟူသောမူသည် မှန်ကန်ကြောင်း ဖော်ပြသည်။—ရောမ ၉:၁၆။
ဘုရားသခင်သည် ‘ကာလအချိန်တန်လျှင် သင်တို့ကို ချီးမြှောက်တော်မူမည်’
ယေဟောဝါသည် မိမိအပေါ်တည်ကြည်သူကျေးကျွန်များကို ချစ်ခင်ကြင်နာသောဘုရားသခင်ဖြစ်ကြောင်း ရုသဝတ္ထုက ဖော်ပြသည်။ (၂ ရာဇဝင်ချုပ် ၁၆:၉) ရုသကောင်းချီးခံစားရပုံကို သုံးသပ်သည့်အခါ ဘုရားသခင်အား ပုံအပ်ယုံကြည်ကိုးစားခြင်း၏တန်ဖိုးကို ကျွန်ုပ်တို့တွေ့ရှိရပြီး “ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူသည်ကို” အပြည့်အဝယုံကြည်စိတ်ချနိုင်ကြသည်။—ဟေဗြဲ ၁၁:၆။
ရုသ၊ နောမိနှင့် ဗောဇတို့သည် ယေဟောဝါ၏အစီအစဉ်ကို အကြွင်းမဲ့ယုံကြည်ကိုးစားကြရာ နှစ်လို့ဖွယ် အကျိုးကျေးဇူးများခံစားခဲ့ကြရသည်။ အလားတူ “ဘုရားသခင်ကိုချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်းပြုစုကြသည်” ဖြစ်၏။ (ရောမ ၈:၂၈) သို့ဖြစ်၍ “တန်ခိုးကြီးသောလက်တော်အောက်၌ ကိုယ်ကိုကိုယ် နှိမ့်ချကြလော့။ သင်တို့ကို သတိနှင့်ကြည့်ရှုတော်မူသောကြောင့် သင်တို့၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌အပ်နှံကြလော့” ဟူသည့် တမန်တော်ပေတရု၏အကြံပေးချက်ကို နှလုံးသွင်းကြစို့လေ။—၁ ပေတရု ၅:၆၊ ၇။
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
ရုသသည် နောမိကို အဘယ့်ကြောင့်မစွန့်ခွာခဲ့ကြောင်း သင်သိသလော
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
အဘယ်အရာက ရုသအား “ကောင်းမြတ်သောမိန်းမ” ဟု နာမည်ကောင်းရစေခဲ့သနည်း
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
ရုသသည် ယေဟောဝါထံတော်မှ အဘယ် “စုံလင်သောဆု” ရရှိခဲ့သနည်း