မိမိတို့ကိုယ်ကို တလိုတလား ပေးဆက်ကြသူများ ဘရာဇီးနိုင်ငံ
လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက အခု အသက် ၃၀ ရှိနေပြီဖြစ်တဲ့ ရူဗျော (၁) ဟာ ဘရာဇီးတောင်ပိုင်းက အသင်းတော်ငယ်လေးမှာ ရှေ့ဆောင်လုပ်နေတဲ့ စန်ဒရာ (၂) ဆီ အလည်သွားခဲ့တယ်။ သူအလည်ရောက်နေစဉ်မှာ မြင်တွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုက သူ့စိတ်ကို အရမ်းထိမိခဲ့ပြီး သူ့ဘဝကို ပြောင်းလဲစေခဲ့တယ်။ ဘာများပါလိမ့်။ ရူဗျော ဘာပြောသလဲ ကြည့်ရအောင်။
“ကိုယ့်နားကိုတောင် ကိုယ်မယုံနိုင်ဘူး”
“စန်ဒရာက သူကျမ်းစာသင်ပေးနေတဲ့ အမျိုးသမီးတစ်ယောက်ဆီ ကျွန်မကို ခေါ်သွားတယ်။ ကျမ်းစာသင်နေတုန်းမှာ အဲဒီအမျိုးသမီးက အမှတ်တမဲ့ ဒီလိုပြောလိုက်တယ်– ‘စန်ဒရာ၊ ကျွန်မအလုပ်ထဲက မိန်းကလေးသုံးယောက်က ကျမ်းစာသင်ချင်နေတယ်၊ ဒါပေမဲ့ ခဏစောင့်ရမယ်လို့ ကျွန်မ သူတို့ကို ပြန်ပြောခဲ့တယ်။ ကြိုတင်စာရင်းပေးထားတာတွေ ဒီနှစ်အတွက် ပြည့်သွားပြီဆိုတာ ကျွန်မသိတယ်။’ ကျွန်မ ကိုယ့်နားကိုတောင် ကိုယ်မယုံနိုင်ဘူး။ ယေဟောဝါ
အကြောင်းသိချင်တဲ့သူတွေက စာရင်းပေးပြီး စောင့်နေရတယ်ဆိုပါလား။ ကျွန်မရဲ့အသင်းတော်မှာဆိုရင် ကျမ်းစာသင်အံမှုတစ်ခုရဖို့တောင် ခက်တယ်။ အဲဒီအိမ်မှာရှိနေတုန်းမှာပဲ ကျွန်မဟာ ဒီမြို့ငယ်လေးမှာရှိတဲ့သူတွေကို ကူညီပေးချင်တဲ့ဆန္ဒ တဖွားဖွားပေါ်လာတယ်။ သိပ်မကြာခင်မှာပဲ ကျွန်မဟာ မြို့ကြီးကိုစွန့်ခွာပြီး စန်ဒရာ ရှေ့ဆောင်လုပ်နေတဲ့မြို့ကို ပြောင်းရွှေ့ခဲ့တယ်။”ရူဗျော ဘယ်လိုဖြစ်ခဲ့သလဲ။ သူဒီလိုပြောပြတယ်– “အဲဒီကိုရောက်ပြီး နှစ်လအတွင်းမှာပဲ ကျမ်းစာသင်အံမှု ၁၅ ခုရှိလာတယ်။” သိပ်မကြာခင်မှာပဲ ရူဗျောမှာလည်း စန်ဒရာလို ကျမ်းစာသင်ဖို့စာရင်းပေးပြီး စောင့်နေသူတွေရဲ့စာရင်းတစ်ခု ရှိလာတယ်။
သူ့ရဲ့အမှုဆောင်လုပ်ငန်းကို ပြန်ဆန်းစစ်ဖို့ လှုံ့ဆော်ခံရ
အခု အသက် ၂၀ ကျော်စသာရှိသေးတဲ့ ဂျေဂို (၃) ဟာ ဘရာဇီးတောင်ပိုင်းမှာရှိတဲ့ ပရူတန်ထောပူလီစ် မြို့ငယ်လေးမှာ အမှုဆောင်နေတဲ့ ရှေ့ဆောင်ညီအစ်ကိုတွေဆီ အလည်အပတ်သွားခဲ့တယ်။ အဲဒီအလည်အပတ်ခရီးက သူ့ရဲ့အမှုဆောင်လုပ်ငန်းကို ပြန်ဆန်းစစ်စေခဲ့တယ်။ သူ ဒီလိုပြောပြတယ်– “ကျွန်တော်က လစဉ် ဟောပြောခြင်းလုပ်ငန်းမှာ နာရီအနည်းအကျဉ်းပါဝင်ရင်း အသင်းတော်မှာ အီးရောအီးရော လုပ်နေတယ်။ ဒါပေမဲ့ အဲဒီရှေ့ဆောင်တွေဆီ သွားလည်ပြီး သူတို့ရဲ့တွေ့ကြုံမှုတွေကို နားထောင်ပြီးတဲ့နောက်မှာ အမှုဆောင်လုပ်ငန်းအပေါ် အလေးအနက်မထားတဲ့ ကျွန်တော့်ရဲ့စိတ်ဓာတ်နဲ့ သူတို့ရဲ့ အားရရွှင်လန်းတဲ့စိတ်ဓာတ်ကို မနှိုင်းယှဉ်ဘဲ မနေနိုင်ခဲ့ဘူး။ သူတို့တွေ ဘယ်လောက်ပျော်ရွှင်နေပြီး တက်ကြွနေတယ်ဆိုတာကို မြင်ရတဲ့အခါ ကျွန်တော့်ဘဝကိုလည်း သူတို့ဘဝလိုပဲ အဓိပ္ပာယ်ရှိစေချင်လာတယ်။” အဲဒီကိုအလည်သွားပြီးတဲ့နောက်မှာ ဂျေဂိုတစ်ယောက် ရှေ့ဆောင်စလုပ်တော့တယ်။
သင်လည်း ဂျေဂိုလို လူငယ်တစ်ယောက်လား၊ ဟောပြောခြင်းလုပ်ငန်းမှာပါဝင်တာ၊ အစည်းအဝေးတွေတက်တာက ခံစားချက်မပါဘဲ ဝတ္တရားအရသာဖြစ်နေသလား။ အဲဒီလိုဖြစ်နေတယ်ဆိုရင် ဟောပြောသူတွေ လိုအပ်နေတဲ့နေရာမှာ အမှုဆောင်ခြင်းကြောင့် ခံစားရမယ့်ရွှင်လန်းမှုကို မြည်းစမ်းကြည့်ဖို့ သင့်ဘဝကို ပြုပြင်ပြောင်းလဲနိုင်မလား။ သက်သောင့်သက်တာဘဝမျိုးကို စွန့်လွှတ်ရမယ်ဆိုတဲ့အတွေးကြောင့် သင်စိုးရိမ်မယ်ဆိုတာ သဘာဝကျပါတယ်။ ဒါပေမဲ့ လူငယ်များစွာက အဲဒီလိုလုပ်ဖို့ ရွေးချယ်ခဲ့ကြတယ်။ ယေဟောဝါရဲ့အမှုတော်မှာ တိုးချဲ့ပါဝင်ဖို့ သူတို့ရဲ့ပန်းတိုင်တွေနဲ့ ဆန္ဒတွေကို သတ္တိရှိရှိ ပြုပြင်ပြောင်းလဲခဲ့ကြတယ်။ နောက်နမူနာတစ်ခုဖြစ်တဲ့ ဘရူနိုကို သုံးသပ်ကြည့်ပါ။
နာမည်ကြီးဂီတမှူးလား၊ အမှုဆောင်သူလား
အခု အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ဘရူနို (၄) ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက နာမည်ကြီးတေးဂီတကျောင်းမှာ ပညာဆည်းပူးခဲ့တယ်၊ သူ့ရဲ့ပန်းတိုင်က သံစုံတီးဝိုင်းမှာ ဂီတမှူးဖြစ်ဖို့ပဲ။ သူဟာ တကယ်လည်း
တိုးတက်ခဲ့ပြီး သံစုံတီးဝိုင်းတစ်ခုမှာ ဦးဆောင်ဖို့ မကြာခဏ ဖိတ်ခေါ်ခံခဲ့ရတယ်။ အောင်မြင်တဲ့ဂီတမှူးဖြစ်ဖို့ လမ်းစပွင့်နေပြီ။ “ဒါပေမဲ့” ဆိုပြီး ဘရူနို ဒီလိုဆက်ပြောတယ်– “ကျွန်တော့်ဘဝမှာ တစ်ခုခုလိုနေသလို ခံစားနေရတယ်။ ကျွန်တော်က ယေဟောဝါထံအပ်နှံပြီးသားလူတစ်ယောက်ပါ၊ ဒါပေမဲ့ ဘုရားသခင်ကို အပြည့်အဝ မပေးဆပ်နေဘူးဆိုတာ ကျွန်တော့်ကို ကျွန်တော်သိတယ်၊ ဒါက ကျွန်တော့်ကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်။ ကျွန်တော့်ရဲ့ခံစားချက်ကို ယေဟောဝါထံ ဆုတောင်းပြောပြပြီး အသင်းတော်မှာရှိတဲ့ အတွေ့အကြုံရှိညီအစ်ကိုတွေနဲ့လည်း စကားပြောတယ်။ အလေးအနက်စဉ်းစားပြီးတဲ့နောက်မှာ တေးဂီတထက် ဟောပြောခြင်းလုပ်ငန်းကို ဦးစားပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်၊ ကျောင်းကနေထွက်လိုက်ပြီး ဟောပြောသူတွေ တကယ်လိုအပ်နေတဲ့နေရာတစ်ခုမှာ အမှုဆောင်ဖို့ စီစဉ်ခဲ့တယ်။” သူ့ဆုံးဖြတ်ချက် ဘယ်လိုအဖြေ ထွက်သလဲ။ဘရူနိုဟာ ဆောပေါလိုမြို့နဲ့ မိုင် ၁၆၀ (ကီလိုမီတာ ၂၆၀) အကွာမှာရှိတဲ့ ဂေါပျောရမြို့ (လူဦးရေ ၇,၀၀၀ ခန့်ရှိ) ကို ပြောင်းရွှေ့ခဲ့တယ်။ ဒါက တကယ့်အပြောင်းအလဲကြီးပဲ။ သူ ဒီလိုပြောတယ်– “ရေခဲသေတ္တာ၊ တီဗွီ၊ အင်တာနက်လိုင်းမရှိတဲ့ မြို့ငယ်လေးတစ်မြို့ကို ကျွန်တော် ပြောင်းခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်နေတဲ့အိမ်မှာ ကျွန်တော်တစ်ခါမှ မရှိခဲ့ဘူးတဲ့ ဟင်းသီဟင်းရွက်စိုက်ခင်းနဲ့ သစ်သီးခြံရှိတယ်။” အဲဒီမှာရှိတဲ့ အသင်းတော်ငယ်လေးမှာ အမှုဆောင်ရင်း ဘရူနိုဟာ တစ်ပတ်တစ်ခါ စားစရာ၊ ရေနဲ့ စာပေတွေကို အိတ်ထဲထည့်ပြီး မော်တော်ဆိုင်ကယ်နဲ့ တောရွာတွေမှာ သွားဟောပြောတယ်။ အဲဒီဒေသမှာရှိတဲ့ လူအတော်များများဟာ သတင်းကောင်းကို တစ်ခါမှ မကြားဖူးကြဘူး။ “ကျွန်တော့်မှာ ကျမ်းစာသင်အံမှု ၁၈ ခုရှိတယ်။ ဒီသင်သားတွေရဲ့အသက်တာ ပြောင်းလဲလာတာကို မြင်တွေ့ရတဲ့အခါ ကျွန်တော်အရမ်းဝမ်းသာတယ်။ ဒီအခါကျမှ ကျွန်တော့်ဘဝမှာ လိုအပ်နေတဲ့အရာကို တွေ့ပြီဆိုတာ သိလိုက်ရတယ်၊ အဲဒါကတော့ ဘုရားသခင့်နိုင်ငံတော်ကို ပထမနေရာထားခြင်းကနေ ခံစားရတဲ့ တကယ့်ကျေနပ်ရောင့်ရဲမှုပဲ။ ကျွန်တော်သာ စည်းစိမ်ဥစ္စာရှာဖွေတဲ့ပန်းတိုင်တွေကို လိုက်စားရင် ဘယ်တော့မှ ဒီလို ခံစားရမှာမဟုတ်ဘူး” လို့ ဘရူနိုပြောပြတယ်။ ဒါနဲ့ စားဝတ်နေရေးအတွက် ဂေါပျောရမြို့မှာ ဘရူနို ဘာလုပ်သလဲ။ ခပ်ပြုံးပြုံးနဲ့ “ဂီတာတီး သင်ပေးတယ်” လို့ပြောတယ်။ ဒါလည်း ဂီတမှူးပါပဲ။
“ဆက်နေရုံပဲရှိတော့တယ်”
အခု အသက် ၃၀ နားကပ်နေပြီဖြစ်တဲ့ မာရီယာနာ (၅) ဟာ ဘရူနိုလိုပဲ ဖြစ်ခဲ့တယ်။ သူ့က ရှေ့နေတစ်ယောက်ဖြစ်တယ်၊ ဝင်ငွေကောင်းတဲ့အလုပ်ရှိပေမဲ့ သူ့မှာ စစ်မှန်တဲ့ကျေနပ်ပျော်ရွှင်မှု မခံစားရဘူး။ သူ ဒီလိုပြောတယ်– “ကျွန်မက ‘လေကိုလိုက်ဖမ်းနေသလို’ ပဲခံစားရတယ်။” (ဒေ. ၁:၁၇) ညီအစ်ကိုညီအစ်မများစွာက သူ့ကို ရှေ့ဆောင်လုပ်ဖို့ စဉ်းစားကြည့်ပါလို့ အားပေးကြတယ်။ အလေးအနက် စဉ်းစားပြီးတဲ့နောက်မှာ မာရီယာနာဟာ ဘီယန်ကာ (၆)၊ ကယ်ရိုလင်း (၇)၊ နဲ့ ဂျူလီယန်နာ (၈) တို့နဲ့အတူ ဘိုလီးဗီးယားအနီးက ဝေးခေါင်တဲ့မြို့ဖြစ်တဲ့ ဘောရ ဒူ ဗူးဂရက်စ်မှာရှိတဲ့ အသင်းတော်ကိုသွားပြီး ကူညီပေးဖို့ ဆုံးဖြတ်လိုက်တယ်၊ အဲဒီနေရာက သူတို့ရဲ့အိမ်နဲ့ မိုင်ထောင်ချီဝေးတယ်။ နောက်တော့ ဘာဆက်ဖြစ်သလဲ။
မာရီယာနာ ဒီလိုပြောတယ်– “အစကတော့ အဲဒီမှာ သုံးလလောက်ပဲနေမယ်လို့ စိတ်ကူးထားတာ။ ဒါပေမဲ့ သုံးလပြည့်သွားတဲ့အခါ ကျွန်မမှာ ကျမ်းစာသင်အံမှု ၁၅ ခုရှိလာတယ်။ ဒီသင်သားတွေ အမှန်တရားမှာတိုးတက်ဖို့ အများကြီး ဆက်ကူညီပေးဖို့လိုသေးတယ်။ ဒါကြောင့် သူတို့ကို ကျွန်မပြန်တော့မယ်လို့ ပြောမထွက်ခဲ့ဘူး။ ဆက်နေရုံပဲရှိတော့တယ်။” ညီအစ်မလေးယောက်စလုံး အဲဒီအတိုင်းလုပ်ခဲ့တယ်။ ဒါနဲ့ မာရီယာနာရဲ့အလုပ်သစ်က ဘဝကို ပိုပြီးအဓိပ္ပာယ်ရှိစေသလား။ သူဒီလိုပြောတယ်– “လူတွေရဲ့အသက်တာကို ပိုကောင်းလာအောင်ပြောင်းလဲပေးဖို့ ကျွန်မကို ယေဟောဝါအသုံးပြုတာက ကျွန်မကို ကျေနပ်ပျော်ရွှင်မှု ခံစားရစေတယ်။ ကျွန်မရဲ့အချိန်နဲ့ခွန်အားကို တကယ်အကျိုးရှိတဲ့နည်းနဲ့ အသုံးပြုနေတယ်ဆိုတာသိရတာက ကျွန်မအတွက် ကောင်းချီးပဲ။” ကယ်ရိုလင်းက ညီအစ်မလေးယောက်စလုံးမှာရှိတဲ့ ခံစားချက်ကို ဒီလိုပြောပြတယ်– “ညဘက် ကျွန်မအိပ်ရာဝင်တဲ့အခါမှာ တကယ့်ပျော်ရွှင်ကျေနပ်မှု ခံစားရတယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်မက ဘုရားသခင့်လုပ်ငန်းတော်မှာ ပါဝင်နေလို့ပဲ။ ကျွန်မဘဝမှာ အဓိကကျတာက ကျွန်မရဲ့ကျမ်းစာသင်သားတွေကို ဘယ်လိုကူညီပေးရမလဲဆိုတာပဲ။ သူတို့ပြောင်းလဲလာတာကို တွေ့ရတာ တကယ်ကျေနပ်စရာပဲ။ ‘ယေဟောဝါသည် ကောင်းမြတ်တော်မူသည်အကြောင်းကို မြည်းစမ်းသိမှတ်’ ပါဆိုတဲ့ စကားရဲ့မှန်ကန်မှုကို ကျွန်မခံစားနေရတယ်။”—ဆာ. ၃၄:၈။
ဝေးလံတဲ့ဒေသတွေမှာ သတင်းကောင်းဟောပြောဖို့ “ကိုယ့်ကိုယ်ကိုယ် လိုလိုလားလား ပေးဆက်ကြ” တဲ့ ညီအစ်ကိုညီအစ်မငယ်တွေ ကမ္ဘာတစ်ဝန်းမှာ မကြုံစဖူး တိုးများလာတာကို တွေ့ရတဲ့အတွက် ယေဟောဝါ အရမ်းပျော်မှာပဲ။ (ဆာ. ၁၁၀:၃၊ ကဘ; သု. ၂၇:၁၁) အပြန်အလှန်အနေနဲ့ ယေဟောဝါကလည်း လိုလိုလားလားရှိတဲ့ ဒီလုပ်သားအားလုံးကို ကြွယ်ဝစွာကောင်းချီးပေးတယ်။—သု. ၁၀:၂၂။