မိမိတို့ကိုယ်ကို တလိုတလားပေးဆက်ကြသူများ—အနောက်အာဖရိကမှာ
ပါစကာလ်ဟာ ကုတ်ဒ်အဗွားနိုင်ငံမှာ ဆင်းဆင်းရဲရဲ ကြီးပြင်းခဲ့ရလို့ ပိုအဆင်ပြေမယ့်ဘဝကို လိုလားတောင့်တခဲ့တယ်။ လက်ဝှေ့ထိုးတာကို ဝါသနာပါတဲ့သူတစ်ယောက်ဖြစ်လို့ ‘အားကစားအကျော်အမော်တစ်ယောက်ဖြစ်ပြီး ချမ်းသာလာဖို့ ဘယ်မှာ အခွင့်အရေး ရနိုင်မလဲ’ လို့ သူစဉ်းစားခဲ့တယ်။ အသက် ၂၅ နှစ်ရောက်တဲ့အခါမှာ အဲဒီအခွင့်အရေးရနိုင်တာ ဥရောပပဲလို့ သူ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ခရီးသွားဖို့ စာရွက်စာတမ်းတွေမရှိလို့ ဥရောပကို တရားမဝင်တဲ့နည်းနဲ့ပဲ သွားရမှာဖြစ်တယ်။
၁၉၉၈ ခုနှစ်မှာ အသက် ၂၇ နှစ်ရှိတဲ့အခါ ပါစကာလ်ဟာ ခရီးစထွက်ခဲ့တယ်။ နယ်စပ်ကိုဖြတ်ပြီး ဂါနာကိုသွားတယ်၊ အဲဒီကနေ တိုဂိုနဲ့ ဘီနင်ကိုရောက်တယ်။ နောက်ဆုံး သူဟာ နိုင်ဂျာနိုင်ငံ၊ ဘီရနီ နခွန်အီမြို့ကိုရောက်လာတယ်။ အခု တကယ်အန္တရာယ်ရှိတဲ့ခရီးစဉ်အပိုင်းကို စတင်တော့မယ်။ မြောက်ပိုင်းကိုသွားဖို့အတွက် ထရပ်ကားစီးပြီး ဆာဟာရသဲကန္တာရကို ဖြတ်ရမယ်။ အဲဒီနောက် မြေထဲပင်လယ်ကိုရောက်မယ်၊ အဲဒီကတစ်ဆင့် စက်လှေစီးပြီး ဥရောပကို သွားမယ်။ ဒါက သူ့အစီအစဉ်ပဲ။ ဒါပေမဲ့ နိုင်ဂျာနိုင်ငံကိုရောက်တဲ့အခါ အကြောင်းရင်းနှစ်ခုကြောင့် သူ့အစီအစဉ်ပျက်သွားတယ်။
ပထမတစ်ခုက ပိုက်ဆံကုန်သွားတယ်။ ဒုတိယတစ်ခုက ရှေ့ဆောင်ဖြစ်တဲ့ နိုအေနဲ့တွေ့ပြီး ကျမ်းစာစလေ့လာတယ်။ သူလေ့လာခဲ့တာတွေက သူ့စိတ်နှလုံးကိုထိမိပြီး ဘဝအပေါ် သူ့ရဲ့ရှုမြင်ချက် ပြောင်းလဲသွားတယ်။ ချမ်းသာအောင်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်အစား ဘုရားသခင့်အမှုဆောင်မယ်ဆိုတဲ့ ပန်းတိုင်ရှိလာတယ်။ ၁၉၉၉၊ ဒီဇင်ဘာမှာ သူနှစ်ခြင်းခံလိုက်တယ်။ ယေဟောဝါကို ကျေးဇူးတင်ကြောင်းဖော်ပြဖို့အတွက် သူအမှန်တရားသိခဲ့တဲ့ နိုင်ဂျာနိုင်ငံက မြို့မှာပဲ ၂၀၀၁ ခုနှစ်မှာ ရှေ့ဆောင်စလုပ်ခဲ့တယ်။ အမှုဆောင်လုပ်ငန်းနဲ့ပတ်သက်ပြီး သူဘယ်လို ခံစားရသလဲ။ “အကောင်းဆုံးဘဝကို ကျွန်တော်ရနေတယ်” လို့ သူပြောတယ်။
အာဖရိကမှာ ပျော်ရွှင်စရာ
ပါစကာလ်လိုပဲ လူများစွာဟာ ဘုရားသခင့်အမှုတော်မှာ ပါဝင်ခြင်းက ဘဝမှာ ပျော်ရွှင်ကျေနပ်မှု ပိုခံစားရစေတယ်ဆိုတာ သိရှိခဲ့ကြတယ်။ အဲဒီလိုခံစားရဖို့အတွက် တချို့သူတွေဟာ ဥရောပကနေ အာဖရိကကို ပြောင်းရွှေ့လာကြပြီး ကြေညာသူတွေ ပိုလိုအပ်တဲ့ဒေသတွေမှာ အမှုဆောင်ကြတယ်။ အသက် ၁၇ နှစ်နဲ့ ၇၀ ကြားရှိတဲ့ သက်သေခံ ၆၅ ယောက်လောက်ဟာ ဥရောပကနေ အနောက်အာဖရိကနိုင်ငံတွေဖြစ်တဲ့ ဘီနင်၊ ဘာကီနာဖာဆို၊ နိုင်ဂျာနဲ့ တိုဂိုနိုင်ငံတွေကို ပြောင်းရွှေ့လာကြတယ်။ အဲဒီနိုင်ငံတွေက သတင်းကောင်းဟောပြောသူတွေ ပိုလိုအပ်တဲ့နိုင်ငံတွေ ဖြစ်တယ်။ * အဲဒီလိုပြောင်းရွှေ့ဖို့ သူတို့ကို ဘာက လှုံ့ဆော်ခဲ့သလဲ၊ ပြောင်းရွှေ့တဲ့အတွက် ဘာအကျိုးရခဲ့ကြသလဲ။
ဒိန်းမတ်ကလာတဲ့ အာနာ ရာကယ်လ်က ဒီလိုပြောပြတယ်– “ကျွန်မရဲ့မိဘတွေက ဆီနီဂေါမှာ သာသနာပြုတွေအဖြစ် အမှုဆောင်ခဲ့တယ်။ သူတို့က အမြဲပဲ သာသနာပြုဘဝအကြောင်း စိတ်အားထက်သန်စွာ ပြောတတ်ကြတယ်၊ ကျွန်မလည်း အဲဒီလိုဘဝမျိုး ရချင်လာတယ်။” လွန်ခဲ့တဲ့ ၁၅ နှစ်က အာနာ ရာကယ်လ်ဟာ အသက် ၂၀ ကျော်မှာ သူ အခုအမှုဆောင်နေတဲ့ လက်သင်္ကေတပြ အသင်းတော်ရှိရာ တိုဂိုနိုင်ငံကို ပြောင်းရွှေ့ခဲ့တယ်။ သူ အဲဒီလို ပြောင်းရွှေ့ခဲ့တာက တခြားသူတွေကို ဘယ်လိုအားပေးမှုဖြစ်
စေခဲ့သလဲ။ “နောက်ပိုင်းမှာ ကျွန်မရဲ့ညီမနဲ့ မောင်လေးဟာ ကျွန်မနောက်လိုက်ပြီး တိုဂိုကို ပြောင်းလာကြတယ်” လို့ သူပြောပြတယ်။ပြင်သစ်က အသက် ၇၀ ရှိတဲ့ အိမ်ထောင်သည် ညီအစ်ကိုအော်ရယ်လ်က ဒီလိုပြောပြတယ်– “လွန်ခဲ့တဲ့ငါးနှစ်က ကျွန်တော် အလုပ်ကနေ အငြိမ်းစားယူလိုက်တယ်။ အဲဒီအခါ ကျွန်တော့်မှာ ရွေးချယ်စရာ နှစ်ခုရှိလာတယ်။ ပြင်သစ်မှာပဲ အေးအေးဆေးဆေးနေပြီး ပရဒိသုကို စောင့်မလား၊ ဒါမှမဟုတ် အမှုဆောင်လုပ်ငန်းမှာ ပိုပါဝင်မလား။” သူက အမှုဆောင်လုပ်ငန်းမှာ ပိုပါဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။ လွန်ခဲ့တဲ့သုံးနှစ်က အော်ရယ်လ်နဲ့ သူ့ဇနီး အာလ်ဘဲ ဖေးယက်တ်ဟာ ဘီနင်ကို ပြောင်းရွှေ့ခဲ့ကြတယ်။ “ဒီကိုပြောင်းလာပြီး ယေဟောဝါကို အမှုဆောင်တာက ကျွန်တော်တို့လုပ်ခဲ့သမျှမှာ အကောင်းဆုံးအလုပ်ပဲ။ ကျွန်တော်တို့အမှုဆောင်တဲ့နယ်မြေမှာ ပါဝင်တဲ့ လှပတဲ့ကမ်းခြေဒေသက ပရဒိသုကို အမြဲသတိရနေစေတယ်” လို့ အော်ရာယ်လ်က ပြောတယ်။
ကလော်ဒေါ်မီယာနဲ့ သူ့ရဲ့ဇနီး လီစ်ယန်းဟာ လွန်ခဲ့တဲ့ ၁၆ နှစ်က ပြင်သစ်ကနေ ဘီနင်ကို ပြောင်းလာကြတယ်။ စစချင်းတော့ ပြင်သစ်မှာရှိတဲ့ သူတို့ရဲ့မိသားစုနဲ့ မိတ်ဆွေတွေကို သိပ်သတိရခဲ့ကြတယ်။ ဒါ့အပြင် ဘဝပုံစံသစ်မှာ နေသားကျပါ့မလားလို့လည်း စိုးရိမ်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ စိုးရိမ်စရာမရှိပါဘူး။ သူတို့ ပျော်ရွှင်မှု ခံစားခဲ့ကြရတယ်။ “ဒီ ၁၆ နှစ်အတွင်းမှာ လူတွေကို ကူညီပေးနိုင်ခဲ့တယ်၊ ပျမ်းမျှတွက်ရင် တစ်နှစ်ကိုတစ်ယောက် အမှန်တရားလက်ခံလာအောင် ကူညီပေးနိုင်ခဲ့တယ်” လို့ ကလော်ဒေါ်မီယာက ပြောတယ်။
စေဘတ်စ်တီယန်းနဲ့ ယိုအန်းနာတို့ ဇနီးမောင်နှံဟာ ၂၀၁၀ ခုနှစ်မှာ ပြင်သစ်ကနေ ဘီနင်ကို ပြောင်းလာကြတယ်။ “အသင်းတော်မှာ လုပ်စရာတွေ အများကြီးရှိတယ်။ ဒီမှာ အမှုဆောင်ရတာက လေ့ကျင့်ရေးသင်တန်းကို တရစပ် တက်နေရသလိုပဲ” လို့ စေဘတ်စ်တီယန်းက ပြောပြတယ်။ ဘယ်လိုတုံ့ပြန်မှု ရခဲ့ကြသလဲ။ “လူတွေက အမှန်တရားကို သိချင်နေကြတယ်။ ကျွန်မတို့ ဟောပြောတဲ့အချိန် မဟုတ်ရင်တောင် လူတွေက လမ်းမှာ ကျွန်မတို့ကို ကျမ်းစာမေးခွန်းတွေမေးပြီး စာပေတွေတောင်းတယ်” လို့ ယိုအန်းနာက ပြောတယ်။ ဒီပြောင်းရွှေ့မှုက သူတို့အိမ်ထောင်အပေါ် ဘယ်လိုအကျိုးသက်ရောက်ခဲ့သလဲ။ “ကျွန်တော်တို့ရဲ့အိမ်ထောင် ပိုခိုင်မြဲလာတယ်။ ကျွန်တော့်ဇနီးနဲ့အတူ တစ်နေ့လုံး အမှုဆောင်ရတာ ပျော်စရာပဲ” လို့ စေဘတ်စ်တီယန်းက ပြောတယ်။
အဲရစ်နဲ့ သူ့ဇနီးကတ်တီဟာ ဘီနင်နိုင်ငံမြောက်ပိုင်း လူနေကျဲပါးတဲ့ဒေသမှာ ရှေ့ဆောင်လုပ်ကြတယ်။ လွန်ခဲ့တဲ့ဆယ်နှစ် ပြင်သစ်မှာနေတုန်းက သူတို့ဟာ ကြေညာသူတွေ ပိုလိုအပ်တဲ့ဒေသမှာ အမှုဆောင်ခြင်းအကြောင်းပါတဲ့ ဆောင်းပါးတွေဖတ်ပြီး အချိန်ပြည့်အမှုဆောင်တွေနဲ့ အဲဒီအကြောင်းတွေကို ပြောခဲ့ကြတယ်။ ဒါတွေက နိုင်ငံခြားကိုပြောင်းရွှေ့ဖို့ ဆန္ဒဖြစ်ပေါ်စေခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ သူတို့ပြောင်းရွှေ့ခဲ့ကြတယ်။ သူတို့မြင်တွေ့ရတဲ့ တိုးတက်မှုက အားရှိစရာပါပဲ။ “တန်အီယက်တာမြို့မှာ လွန်ခဲ့တဲ့နှစ်နှစ်တုန်းက ကြေညာသူ ၉ ယောက်ရှိတဲ့အုပ်စုဟာ အခုဆိုရင် ၃၀ ရှိလာပြီ။ တနင်္ဂနွေဆိုရင် စည်းဝေးတက်ရောက်သူ ၅၀ နဲ့ ၈၀ ကြားရှိတယ်။ ဒီလိုတိုးတက်မှုတွေကို မြင်တွေ့ရတာလောက် ပျော်တာမရှိဘူး” လို့ အဲရစ်ကပြောတယ်။
အခက်အခဲတွေကို သိမြင်ပြီး ဖြေရှင်း
ကြေညာသူတွေ ပိုလိုအပ်တဲ့ဒေသကို ပြောင်းရွှေ့သူတချို့ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရသလဲ။ အသက် ၃၃ နှစ်ရှိတဲ့ ဘင်ယာမီးဟာ အာနာရာကယ်လ်ရဲ့ မောင်လေးဖြစ်တယ်။ ၂၀၀၀ ပြည့်နှစ်တုန်းက သူဟာ တိုဂိုမှာ သာသနာပြုလုပ်နေသူတစ်ဦးနဲ့ ဒိန်းမတ်မှာ ဆုံတွေ့ခဲ့တယ်။ ဘင်ယာမီး ဒီလိုပြောပြတယ်– “ကျွန်တော် ရှေ့ဆောင်လုပ်ချင်တယ်လို့ သာသနာပြုကို ပြောပြခဲ့တယ်။ သူက ‘ခင်ဗျား တိုဂိုမှာ ရှေ့ဆောင်လုပ်လို့ရတာပဲ’ လို့ ပြန်ပြောတယ်။” ဘင်ယာမီးက အဲဒါကို စဉ်းစားခဲ့တယ်။ သူက “အဲဒီတုန်းက ကျွန်တော့်အသက် ၂၀ တောင်မပြည့်သေးဘူး၊ ဒါပေမဲ့ ကျွန်တော့်အစ်မနှစ်ယောက်က တိုဂိုမှာ အမှုဆောင်နေကြပြီ။ အဲဒါကြောင့် အဲဒီကိုပြောင်းဖို့ ကျွန်တော့်အတွက် လွယ်သွားတယ်” လို့ ပြောပြတယ်။ ဒါနဲ့ သူပြောင်းသွားလိုက်တယ်။ ဒါပေမဲ့ အခက်အခဲ ရှိနေတုန်းပဲ။ ဘင်ယာမီးက “ကျွန်တော် ပြင်သစ်စကားတစ်လုံးမှ မတတ်ဘူး။ ပထမခြောက်လကတော့ တော်တော်ခက်တယ်၊ ကျွန်တော်က စကားမှမပေါက်တာ” လို့ ပြောပြတယ်။ ဒါပေမဲ့ အချိန်တန်တော့ သူတိုးတက်လာတယ်။ အခု ဘင်ယာမီးဟာ ဘီနင်ဗေသလမှာ အမှုဆောင်နေတယ်၊ စာပေတွေထုပ်ပို့တဲ့နေရာနဲ့ ကွန်ပျူတာဌာနမှာ ကူညီပေးနေတယ်။
အစပိုင်းမှာ ဖော်ပြခဲ့တဲ့ အဲရစ်နဲ့ ကတ်တီဟာ ဘီနင်ကို မပြောင်းရွှေ့ခင်က ပြင်သစ်နိုင်ငံမှာရှိတဲ့ နိုင်ငံခြားဘာသာစကားပြောလယ်ကွင်းမှာ အမှုဆောင်ခဲ့ကြတယ်။ အနောက်အာဖရိကနဲ့ ဘယ်လိုကွာခြားသလဲ။ ကတ်တီက “သင့်တော်တဲ့နေစရာရဖို့ မလွယ်ဘူး။ မီးမရှိ၊ ရေပိုက်စနစ်မရှိတဲ့အိမ်မှာ ကျွန်မတို့ လအတော်ကြာ နေခဲ့ကြတယ်” လို့ ပြောတယ်။ အဲရစ်က “အိမ်ဘေးကသီချင်းသံ အကျယ်ကြီးဖွင့်ထားတာကို ညဉ့်နက်တဲ့အထိ ကြားရတယ်။ နေသားကျသွားတဲ့အထိ စိတ်ရှည်သည်းခံရတယ်” လို့ ပြောပြတယ်။ နှစ်ယောက်စလုံးက “သတင်းကောင်း တစ်ခါမှမကြားဖူးတဲ့ဒေသမှာ ဟောပြောရတဲ့ပျော်ရွှင်မှုက ဘယ်အခက်အခဲတွေထက်မဆို ပိုသာပါတယ်” လို့ ပြောတယ်။
ပြင်သစ်နိုင်ငံက အသက် ၆၀ နားနီးနေပြီဖြစ်တဲ့ မီရှဲလ်နဲ့ မာရီးအဲန်ယက်စ်တို့ ဇနီးမောင်နှံဟာ လွန်ခဲ့တဲ့ ငါးနှစ်က ဘီနင်ကို ပြောင်းလာကြတယ်။ အစပိုင်းမှာတော့ သူတို့ စိုးရိမ်စိတ်တွေ ရှိခဲ့တယ်။ သူတို့ အဲဒီလိုပြောင်းရွှေ့တာ ဒုက္ခတွေ့နိုင်တယ်လို့ တချို့သူတွေက ထင်ကြတယ်။ “ကျွန်တော်တို့ကို ယေဟောဝါ ထောက်မပေးနေတယ်ဆိုတာကို မသိရင်တော့ စိုးရိမ်စရာဖြစ်နိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့က ယေဟောဝါရဲ့အမှုဆောင်ဖို့အတွက် ယေဟောဝါနဲ့အတူ ပြောင်းရွှေ့ခဲ့ကြတယ်” လို့မီရှဲလ်က ဆက်ပြောတယ်။
ပြင်ဆင်နိုင်ပုံ
ဟောပြောသူ ပိုလိုအပ်တဲ့ဒေသတွေကို ပြောင်းရွှေ့တဲ့ အတွေ့အကြုံရှိသူတွေက အောက်ပါအဆင့်တွေ လုပ်ဆောင်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကို ပြင်ဆင်ဖို့ အရေးကြီးတယ်ဆိုတာ အလေးပေးပြောကြတယ်။ အဲဒီအဆင့်တွေကတော့ ကြိုတင်စီစဉ်ပါ၊ အလိုက်အထိုက်နေတတ်အောင် လေ့ကျင့်ပါ၊ ငွေကို ကြိုတင်တွက်ချက်ထားတဲ့အတိုင်း သုံးစွဲပါ၊ ယေဟောဝါကို အားကိုးပါဆိုတာတွေ ဖြစ်တယ်။—လု. ၁၄:၂၈–၃၀။
အစပိုင်းမှာဖော်ပြခဲ့တဲ့ စေဘတ်စ်တီယန်း ဒီလိုပြောတယ်– “ယိုအန်းနာနဲ့ ကျွန်တော်ဟာ မပြောင်းရွှေ့ခင် နှစ်နှစ်မှာ ဖျော်ဖြေရေးအတွက် ငွေကိုလျှော့သုံးပြီး မလိုအပ်တာတွေကို မဝယ်ဘဲ ပိုက်ဆံစု
ကြတယ်။” နိုင်ငံရပ်ခြားမှာ ဆက်အမှုဆောင်နိုင်ဖို့အတွက် တစ်နှစ်ကို လအနည်းငယ်လောက် ဥရောပမှာ အလုပ်လုပ်တယ်၊ အဲဒီကရတဲ့ငွေက ကျန်တဲ့လတွေမှာ ဘီနင်မှာ ရှေ့ဆောင်လုပ်ဖို့ လုံလောက်တယ်။မာရီးထေးရက်စ်ဟာ ဟောပြောသူတွေလိုအပ်တဲ့ အနောက်အာဖရိကမှာ အမှုဆောင်ဖို့ နိုင်ငံခြားကနေ ရောက်လာတဲ့ တစ်ကိုယ်ရေညီအစ်မ အယောက် ၂၀ ထဲက တစ်ယောက်ဖြစ်တယ်။ သူက ပြင်သစ်မှာ ဘတ်စကားမောင်းတယ်၊ ဒါပေမဲ့ ၂၀၀၆ ခုနှစ်မှာ နိုင်ဂျာနိုင်ငံမှာ ရှေ့ဆောင်လုပ်ဖို့ တစ်နှစ်ကြာ ခွင့်ယူလိုက်တယ်။ သိပ်မကြာခင်မှာ ဒါက သူတကယ်လိုချင်တဲ့ ဘဝမျိုးပဲဆိုတာ သိလာတယ်။ မာရီးထေးရက်စ် ဒီလိုပြောတယ်– “ပြင်သစ်ကို ပြန်ရောက်သွားတဲ့အခါ ကျွန်မရဲ့အလုပ်ချိန်ကို ပြောင်းချင်တဲ့အကြောင်း အလုပ်ရှင်ကို ပြောပြတယ်၊ သူက လိုလိုလားလားပဲ ပြောင်းပေးခဲ့တယ်။ အခု မေလကနေ ဩဂုတ်လအထိ ပြင်သစ်မှာ ဘတ်စကားမောင်းတယ်၊ စက်တင်ဘာကနေ ဧပြီလအထိ နိုင်ဂျာမှာ ရှေ့ဆောင်လုပ်တယ်။”
ဘုရားသခင့်နိုင်ငံတော်ကို ဦးစွာရှာသူတွေဟာ သူတို့လိုအပ်တာတွေကို ယေဟောဝါ ဖြည့်ဆည်းပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။ (မ. ၆:၃၃) ပြင်သစ်နိုင်ငံကလာပြီး ဘီနင်မှာ ရှေ့ဆောင်လုပ်နေတဲ့ အသက် ၃၀ နားနီးနေပြီဖြစ်တဲ့ တစ်ကိုယ်ရေညီအစ်မ ဆာဖီးရာရဲ့အဖြစ်ကိုလည်း စဉ်းစားကြည့်ပါ။ ၂၀၁၁ ခုနှစ်မှာ သူက အာဖရိကမှာ နောက်တစ်နှစ်စာ (ခြောက်ကြိမ်မြောက်) နေထိုင်စရိတ်အတွက် ပြင်သစ်ကိုပြန်ပြီး ပိုက်ဆံရှာတယ်။ သူ ဒီလိုပြောပြတယ်– “အဲဒီနေ့က သောကြာနေ့ဖြစ်ပြီး ကျွန်မအလုပ်လုပ်ရတဲ့ နောက်ဆုံးနေ့ဖြစ်တယ်။ ဒါပေမဲ့ လာမယ့်တစ်နှစ်စာအတွက် ငွေလုံလောက်ဖို့က နောက်ထပ် ဆယ်ရက်စာလုပ်အားခ လိုနေတယ်။ ပြင်သစ်မှာ နောက်ထပ်နှစ်ပတ်ပဲ နေရတော့မယ်။ ယေဟောဝါဆီဆုတောင်းပြီး ကျွန်မရဲ့အခြေအနေကို ပြောပြခဲ့တယ်။ သိပ်မကြာခင်မှာပဲ နောက်အလုပ်ဌာနတစ်ခုက ကျွန်မကို ဖုန်းဆက်ပြီး တခြားလူအတွက် အစားထိုးပြီး နှစ်ပတ် အလုပ်လုပ်ပေးနိုင်မလားလို့ မေးတယ်။” ဆာဖီးရာဟာ တနင်္လာနေ့မှာ အလုပ်လုပ်ရမယ့်နေရာကိုသွားပြီး သူအစားထိုးလုပ်ပေးရမယ့်သူဆီမှာ လေ့ကျင့်မှုခံယူခဲ့တယ်။ သူ ဒီလိုပြောပြတယ်– “အဲဒီအလုပ်သမားက ခရစ်ယာန်ညီအစ်မတစ်ယောက်ဖြစ်နေပြီး ရှေ့ဆောင်လုပ်ငန်းကျောင်း တက်ဖို့ ခွင့်ဆယ်ရက်ယူမယ့်သူဖြစ်နေလို့ ကျွန်မအံ့သြသွားတယ်။ အစားထိုးမယ့်သူမရရင် ခွင့်မပေးဘူးလို့ သူ့ရဲ့သူဌေးက ပြောတယ်။ သူလည်း ကျွန်မလိုပဲ ယေဟောဝါဆီ အကူအညီတောင်းခံခဲ့တယ်။”
စစ်မှန်တဲ့ကျေနပ်ရောင့်ရဲမှုရဲ့ ရင်းမြစ်
အနောက်အာဖရိမှာ နှစ်ပေါင်းများစွာ အမှုဆောင်နေတဲ့ ညီအစ်ကိုညီအစ်မတချို့ဟာ အဲဒီမှာ အခြေကျနေကြပြီ။ တချို့သူတွေကတော့ နှစ်အနည်းငယ်လောက် နေထိုင်ပြီး သူတို့ရဲ့နေရင်းနိုင်ငံကို ပြန်သွားကြတယ်။ ဒါပေမဲ့ ဟောပြောသူတွေ ပိုလိုအပ်တဲ့ တိုင်းတစ်ပါးမှာ အမှုဆောင်ခဲ့ဖူးသူတွေဟာ အခုအချိန်အထိ အကျိုးခံစားနေရတုန်းပဲ။ စစ်မှန်တဲ့ ကျေနပ်ရောင့်ရဲမှုဟာ ယေဟောဝါကို အမှုဆောင်ခြင်းကနေ ရရှိတယ်ဆိုတာ သူတို့ သိခဲ့ကြရတယ်။
^ စာပိုဒ်၊ 6 ဘီနင်ဌာနခွဲက ပြင်သစ်စကားပြောတဲ့ အဲဒီလေးနိုင်ငံကို ကြီးကြပ်တယ်။