၃။ အခြားသူများ၏အကူအညီကို လက်ခံပါ
သမ္မာကျမ်းစာကို သင်နားလည်လာနိုင်ပုံ
၃။ အခြားသူများ၏အကူအညီကို လက်ခံပါ
နယ်မြေသစ်ရှာဖွေရေးသမား အက်ဒ်၀က်ဒ်ဂျွန်အဲသည် နယ်လာဘားလွင်ပြင်ကိုဖြတ်ကာ ရှည်လျားသောခရီးကြမ်းနှင်စဉ် ဒေသခံအဘော်ရဂျင်နီတိုင်းရင်းသားများက သူ့အား သဲသောင်ခုံများနှင့်ယူကလစ်ပင်တို့မှ ရေမည်သို့ထုတ်ယူရမည်ကို သင်ပေးခဲ့ကြသည်။ ထိုနယ်မြေအကြောင်း ကောင်းစွာနားလည်သူတို့ထံမှ အကူအညီကိုလက်ခံခြင်းက နောက်ပိုင်းတွင် အဲ၏အသက်ကို ကယ်တင်ခဲ့သည်။
ထိုဥပမာက ဖော်ပြသည့်အတိုင်း ခက်ခဲသောတာဝန်တစ်ခုကို အောင်မြင်စွာထမ်းဆောင်နိုင်ရန် ပို၍အတွေ့အကြုံရင့်ကျက်သူတို့ထံမှ အကူအညီလိုအပ်လေ့ရှိသည်။ သင် ကျမ်းစာဖတ်ရှုချိန်တွင်လည်း အလားတူပင်ဖြစ်သည်။
မိမိနောက်လိုက်များသည် အခြားသူတို့ထံမှအကူအညီမပါဘဲ ကျမ်းစာကို နားလည်လိမ့်မည်ဟု ယေရှုမမျှော်လင့်ခဲ့ပါ။ တစ်ကြိမ်တွင် ကိုယ်တော်က “ကျမ်းစာ၏အနက်ကို အပြည့်အဝနားလည်စေရန် သူတို့၏အသိဉာဏ်ကို ဖွင့်” ပေးခဲ့သည်။ (လုကာ ၂၄:၄၅) ထို့ကြောင့် ကျမ်းစာဖတ်သူများသည် ကျမ်းစာသွန်သင်ချက်များကို နားလည်နိုင်ရန် အကူအညီလိုအပ်ကြောင်း ယေရှုသိသည်။
မည်သူ့ထံမှ အကူအညီယူမည်နည်း
ယေရှုသည် မိမိနောက်လိုက်စစ်များအား အခြားသူတို့ကို ထိုသို့ကူညီပေးရန် မိန့်မှာခဲ့သည်။ ကောင်းကင်မတက်မီ ယေရှုက “ထို့ကြောင့် သွား၍ လူမျိုးတကာမှ လူတို့ကို ငါ့တပည့်ဖြစ်စေ . . . ကြလော့။ သင်တို့အား ငါမိန့်မှာသမျှကို စောင့်ရှောက်စေရန် သွန်သင်ပေးကြလော့” ဟုမိန့်မှာခဲ့သည်။ (မဿဲ ၂၈:၁၉၊ ၂၀) ထို့ကြောင့် ခရစ်ယာန်များ၏အဓိကလုပ်ငန်းတွင် သွန်သင်ခြင်း ပါဝင်သည်။ သွန်သင်ခြင်းတွင် နေ့စဉ်အသက်တာ၌ ကျမ်းစာမူများကို မည်သို့ကျင့်သုံးနိုင်ကြောင်း ရှင်းပြခြင်းပါဝင်သည်။ သို့ဖြင့် ခရစ်ယာန်စစ်များသည် အခြားသူများ ကျမ်းစာကို နားလည်သဘောပေါက်လာရန် ကူညီပေးကြသည်။
မိမိနောက်လိုက်များကို ယေရှု ထိုသို့မိန့်မှာပြီး မကြာမီတွင် အလွန်စိတ်ဝင်စားဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ပျက်ခဲ့၏။ ဟေရှာယပရောဖက်ပြုချက်ကို ဖတ်နေသော အီသီယိုးပီးယားပြည်မှ နန်းတွင်းအရာရှိတစ်ဦးအကြောင်း ကျမ်းစာဖော်ပြသည်။ သူသည် ဖတ်နေသည့် ထိုပရောဖက်ပြုချက်မှ အပိုင်းတစ်ပိုင်းကို နားမလည်ဘဲဖြစ်နေသည်။ ကျမ်းစာမှတ်တမ်းအရ သူနားမလည်သည့်ကျမ်းချက်မှာ ဤသို့ဖြစ်၏– “အသေသတ်ဖို့ ဆောင်သွားသောသိုးကဲ့သို့ သူ့ကိုဆောင်သွား၍ သိုးသငယ်သည် အမွေးညှပ်သောသူရှေ့မှာ အသံမထွက်ဘဲနေသကဲ့သို့ သူသည် နှုတ်ကိုမဖွင့်ဘဲနေ၏။ သူသည် ရှုတ်ချခံရစဉ်တွင် မတရားစီရင်ခံရ၏။ သူ၏အသက်ကို မြေကြီးမှ ရုပ်သိမ်းသွားသဖြင့် သူ၏အမျိုးအနွယ်ကို မည်သူ အသေးစိတ်ဖော်ပြနိုင်သနည်း။”—တမန်တော် ၈:၃၂၊ ၃၃; ဟေရှာယ ၅၃:၇၊ ၈။
အရာရှိသည် ကျမ်းစာကို ကောင်းစွာနားလည်သော ဝါရင့်ခရစ်ယာန်တစ်ဦးဖြစ်သူ ဖိလိပ္ပုအား “ပရောဖက်သည် မည်သူ့ကို ရည်ဆောင်၍ ဤသို့ဆိုပါသနည်း။ ကိုယ်ကိုဆိုလိုသလော။ သူတစ်ပါးကိုလော” ဟုမေးမြန်းလေ၏။ (တမန်တော် ၈:၃၄) စိတ်ရိုးဖြောင့်သော ထိုအီသီယိုးပီးယားအရာရှိသည် ဂျေရုဆလင်သို့ သွားရောက်ဝတ်ပြုခဲ့သည်ဖြစ်ရာ အကူအညီအတွက် သူဆုတောင်း ခဲ့ပေမည်။ ထို့ပြင် နှိမ့်ချသောသဘောနှင့် စိတ်ထက်သန်စွာဖတ်ရှုနေကြောင်း ထင်ရှားသည်။ သို့သော် ထိုကျမ်းချက်ကို သူနားမလည်နိုင်ပါ။ သို့နှင့် ဖိလိပ္ပုထံ နှိမ့်ချစွာ အကူအညီတောင်းခဲ့သည်။ ဖိလိပ္ပု၏ရှင်းပြချက်ကို အလွန်သဘောကျသွားရာ ကိုယ်တိုင်ခရစ်ယာန်တစ်ဦးဖြစ်လာဖို့ စေ့ဆော်ခံခဲ့ရသည်။—တမန်တော် ၈:၃၅-၃၉။
ယေဟောဝါသက်သေများသည် ဖိလိပ္ပုနှင့် အခြားအစောပိုင်းခရစ်ယာန်များ လုပ်ဆောင်ခဲ့သောလုပ်ငန်းကို ဆက်လုပ်နေကြသည်။ သက်သေခံများသည် နိုင်ငံပေါင်း ၂၃၅ နိုင်ငံကျော်တွင် အခြားသူများ ကျမ်းစာအမှန်တကယ်သွန်သင်ရာကို နားလည်လာရန် စေတနာဖြင့် ကူညီပေးနေကြသည်။ ကျမ်းစာကို အကြောင်းအရာအလိုက်လေ့လာခြင်းဖြင့် သူတို့ ထိုသို့ကူညီပေးနေသည်။ ကျမ်းစာလေ့လာရာတွင် ထိုနည်းသည် အလွန်တိုးတက်မှုရှိသောနည်းဖြစ်သည်။ ယင်းတွင် သတ်သတ်မှတ်မှတ်အကြောင်းအရာတစ်ခုနှင့်ပတ်သက်၍ ကျမ်းစာမိန့်ဆိုရာကို လေ့လာဆန်းစစ်ခြင်းပါဝင်သည်။ *— “ကျမ်းစာမေးခွန်းများအတွက် စိတ်ကျေနပ်ဖွယ်အဖြေများ” လေးထောင့်ကွက်ကိုကြည့်ပါ။
“ကျွန်မရဲ့မေးခွန်းအားလုံးကို . . . အဖြေပေး”
အဖွင့်ဆောင်းပါးတွင် ဖော်ပြထားသည့် စတီဗင်၊ ဗယ်လ်ဗာနာရာနှင့် ဂျိုအဲန်သည် ယေဟောဝါသက်သေများနှင့် ကျမ်းစာစတင်လေ့လာခဲ့သည်။ “များသောအားဖြင့် ကျမ်းစာမူ ဒါမှမဟုတ် ကျမ်းစာမှတ်တမ်းအတော်များများကို နှိုင်းယှဉ်ကြည့်လိုက်ရုံနဲ့ အကြောင်းအရာတစ်ခုရဲ့ အမှန်တရားကို ကျမ်းစာထဲကနေပဲ သိရှိနိုင်တာက တကယ်အံ့သြစရာပဲ။ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာမလေ့လာခင်တုန်းက ဘယ်သူမှ အဲဒီလိုလုပ်ဖို့ ကျွန်တော့်ကို မသင်ပေးခဲ့ဘူး။ ကျမ်းစာထဲမှာ ကျေနပ်လောက်စရာအဖြေမပေးတဲ့ အလဟဿဆွေးနွေးခန်းတွေ၊ ဆန့်ကျင်ဘက်အယူဝါဒတွေ ရှိမနေဘူးဆိုတာကို သိရတာ တကယ်စိတ်ချမ်းသာစရာပဲ” ဟုစတီဗင်ပြောသည်။
ဗယ်လ်ဗာနာရာကလည်း ယင်းကိုထောက်ခံသည်။ “သက်သေခံတွေဆီက သိရှိလာတဲ့အရာတိုင်းက ရှေ့နောက်ညီပြီး ယုတ္တိရှိတယ်။ ‘ချာ့ခ်ျ’ သွန်သင်ချက်ဖြစ်ရုံနဲ့ မှန်တယ်လို့ လက်ခံမယ့်အစား ကျိုးကြောင်းညီညွတ်တဲ့ရှင်းပြချက်တွေရှိမှ မှန်တယ်လို့ လက်ခံဖို့ ကျွန်မသင်ယူခဲ့ရတယ်” ဟုသူပြောပြသည်။ ဂျိုအဲန်ကလည်း ဤသို့ပြန်ပြောပြ၏– “သက်သေခံတွေက ကျွန်မရဲ့မေးခွန်းအားလုံးကို ကျမ်းစာကနေ အဖြေပေးတဲ့အခါ ကျမ်းစာရဲ့အာဘော်ရှင်ကို အရမ်းလေးစားသွားတယ်။ အကြောင်းကတော့ လူတွေမေးနိုင်တဲ့ စိတ်ရှုပ်စရာမေးခွန်းတွေကို ကိုယ်တော်ကြိုသိပြီး အဲဒါတွေအတွက် သင့်လျော်တဲ့အဖြေတွေကို ကျမ်းစာထဲမှာ မှတ်တမ်းတင်ထားလို့ပဲ။”
ယေဟောဝါသက်သေတစ်ဦးဦးကို သင်သိပါသလော။ သို့ဆိုလျှင် ထိုလေ့လာမှုအစီအစဉ်ကို မည်သို့ပြုလုပ်ကြောင်း ပြပေးရန် သူ့ထံမှအကူအညီတောင်းပါလေ။ ယေဟောဝါသက်သေတစ်ဦးကိုမျှ သင် မသိပါက ဤမဂ္ဂဇင်း၏ စာမျက်နှာ ၄ ပါသင့်လျော်ရာလိပ်စာသို့ ကျေးဇူးပြု၍ စာရေးဆက်သွယ်ပါ။ ဘုရားသခင်၏သန့်ရှင်းသောစွမ်းအားတော်၊ အရည်အချင်းရှိကျမ်းစာသွန်သင်သူတစ်ဦး၏ အကူအညီနှင့် ကျမ်းစာကို စိတ်ရှင်းရှင်းဖြင့် ဖတ်မည်ဆိုပါက ဘုရားသခင့်တရားစကားတော်သည် သင့်အတွက် နားမလည်နိုင်ရာဖြစ်တော့မည်မဟုတ်ပေ။ မှန်ပါသည်၊ ကျမ်းစာကို သင်နားလည်လာနိုင်ပါသည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 10 ကျမ်းစာကို အကြောင်းအရာအလိုက် လေ့လာရာတွင် လူများစွာကို ကူညီခဲ့သောစာအုပ်မှာ ယေဟောဝါသက်သေများထုတ်ဝေသော သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းစာအုပ်ဖြစ်သည်။
[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်နှင့် ရုပ်ပုံ]
ကျမ်းစာမေးခွန်းများအတွက် စိတ်ကျေနပ်ဖွယ်အဖြေများ
ကျမ်းစာလေ့လာမှုအစီအစဉ်တွင် ယေဟောဝါသက်သေများ ဆွေးနွေးသော အကြောင်းအရာအချို့ကို အောက်တွင်ဖော်ပြထားသည်–
• ကမ္ဘာမြေနှင့်ပတ်သက်၍ ဘုရားသခင့်ရည်ရွယ်ချက်မှာ အဘယ်နည်း။
• သေလွန်သူများ မည်သည့်နေရာတွင် ရှိနေသနည်း။
• ကျွန်ုပ်တို့သည် ‘နောက်ဆုံးကာလ’ တွင် အသက်ရှင်နေကြပါသလော။
• ဘုရားသခင်သည် ဆင်းရဲခက်ခဲမှုကို အဘယ်ကြောင့်ခွင့်ပြုထားသနည်း။
• မိသားစုဘဝကို ပို၍ပျော်ရွှင်စေရန် ကျွန်ုပ်မည်သို့ပြုလုပ်နိုင်သနည်း။
[စာမျက်နှာ ၇ ပါ ရုပ်ပုံများ]
ကျမ်းစာကို နားလည်သဘောပေါက်နိုင်ဖို့ . . . ဘုရားသခင်၏စွမ်းအားတော်ရရှိရန် ဆုတောင်းပါ၊ စိတ်ရှင်းရှင်းဖြင့် ဖတ်ရှုပါ၊ အခြားသူများ၏ အကူအညီကို လက်ခံပါ